Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်တပ်သတ်ဖြတ်လို့ ဒီနှစ်ဆန်းမှာပင် ကလေးငယ် ၁၀ ဦး အပါအဝင် အရပ်သား ၁၁၀ ကျော်အသက်ဆုံးရှုံးဟု NUG ထုတ်ပြန်

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် ဇန်နဝါရီလအတွင်း ကလေးငယ် ၁၀ ဦး အပါအဝင် ပြည်သူ ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီးဌာန တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အခုထုတ်ပြန်ချက်မှာ အဲဒီဦးစီးဌာနရဲ့ ပထမဆုံးထုတ်ပြန်ချက်ဖြစ်ပါတယ်။ အဲဒီဦးစီးဌာနဟာ စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်အမှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ အပါအဝင် အရပ်ရပ်သော ဥပဒေဆိုင်ရာ ချိုးဖောက်မှုများကို စာရင်းကောက်ယူ မှတ်တမ်းပြုစုနေတယ်လို့ ဖော်ပြပါတယ်။

▪︎ခုခံတွန်းလှန်မှု အားနည်းနေတဲ့ ဒေသတွေမှာ မကြာခင် စစ်မျက်နှာသစ်များပွင့်လာဖို့ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးပြော

ပြည်သူ့ ခုခံတွန်းလှန်စစ်ဆင်နွှဲမှု ၂ နှစ်နီးပါး ရှိချိန်မှာ ဒေသတိုင်းမှာ ထိုက်သင့်တဲ့ အင်အားများ ရှိနေပြီဖြစ်ပြီး ဟန်ချက်ညီ တချီတည်း ရုန်းနိုင်ဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ အားကောင်းတဲ့ဒေသတွေမှာ ပိုပြီး အားကောင်းလာဖို့၊ ကိုယ်ပိုင်နယ်မြေများအဖြစ် ပီပီသသ ပြောနိုင်တဲ့ စိုးမိုးထိန်းချုပ်မှုကို ဖော်ဆောင်ဖို့ ဒီအတွက် အရေးကြီးတဲ့ ပြင်ဆင်မှုတွေ အကောင်အထည်ဖို့ရှိနေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင် ရန်သူ့လေကြောင်းကို ဟန့်တားနိုင်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေပြီး ရဟတ်ယာဉ်ဟန့်တားနိုင်တဲ့ လက်နက်များ ကိုင်တွယ်အသုံးပြုနေတယ်လို့ အသိပေးပါတယ်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDF)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PDF)

▪︎လွိုင်ကော်နယ် အိမ်စီးကားတစ်ဦးမိုင်းထိလို့ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဇရပ်ဖြူလမ်းပိုင်းမှာ ယာဉ်တစ်စီး မိုင်းထိခဲ့တာကြောင့် လေးဦးနေရာမှာသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့ နေ့ခင်းက လွိုင်ကော်မြို့မှလာတဲ့ အမျိုးသားခြောက်ဦးပါ အိမ်စီးကားတစ်စီးမှာ ဇရပ်ဖြူကျေးရွာအကျော်မှာ မိုင်းနင်းမိခဲ့တာလို့ သိရပါတယ်။ အသက်ရှင်ကျန်နေဆဲ နှစ်ဦးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိထားတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းတာဝန်ရှိသူက ရှင်းပြပါတယ်။

▪︎ညကင်းပတ်ထွက်လာ​တဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ညကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီအုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေဆုံးတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၄ ရက်ညက ငါန်းဇွန်မြို့၊ အရှေ့ဘက်မြို့နဲ့ ၃ မိုင်အကွာ ငွေစင်ကုန်းရွာနဲ့ ညောင်ပင်ကြီးရိုးရွာအကြား ကားတစ်စီး၊ ဆိုင်ကယ် ငါးစီးနဲ့ ကင်းလှည့်လာတဲ့ ၁၀ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး နေရာမှာ သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(ငန်းဇွန်မြို့နယ်ကို Google Map.တွင်​တွေ့ရမှု)
(ငန်းဇွန်မြို့နယ်ကို Google Map.တွင်​တွေ့ရမှု)

▪︎စဉ့်ကိုင်မှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဒဏ်ရာရပြီး ရာအိမ်မှူး သေဆုံး

မန္တလေးတိုင်း စဉ့်ကိုင်မြို့မ ရပ်ကွက်ရှိ ဆွမ်းလောင်းအသင်း ဓမ္မာရုံရှေ့ အလှူခံမဏ္ဍပ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ စုဝေးနေချိန် ပစ်ခတ်ခံရလို့ ရာအိမ်မှူးတစ်ဦးသေဆုံးပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဒဏ်ရာရသွားပါတယ်။ ဒီဖြစ်ရပ်ဟာ မနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦးက သေနတ်နဲ့ပစ်ပြီး လက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။ တိုက်ခိုက်မှုကြောင့် စဉ့်ကိုင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ကျော်လင်း ဒဏ်ရာရပြီး ရာအိမ်မှူး ဦးအုံးကြိုင်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ချက်မှာတွေ့ရပါတယ်။ ဒဏ်ရာရတဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ဆေးရုံတက်ကုသနေရတယ်လို့ သိရပါတယ်။

▪︎မတ္တရာမှာ စစ်​ကောင်စီတပ်ကို PDFက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ သစ်ပင်အောက်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Unicorn Guerrilla Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဖေဖော် ဝါရီလ ၃ ရက်က မတ္တရာမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာလမ်းဆုံကို ကားနှစ်စီးနဲ့ လာချသွားတဲ့ အင်အား ၂၆ ဦးပါ စစ်ကောင်စီ တပ်သားတွေ ဗုံးချတိုက်ခိုက်ခံခဲ့ရတာပါ။ နယ်မြေခံများပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးပွဲချင်းပြီး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အသုံးပြုခဲ့​တဲ့ ဗုံးသီးမှာ PDF များထုတ်လုပ်ထား​တဲ့ လက်လုပ်ဗုံးသီးဖြစ်ပါတယ်။

(စစ်​ကောင်စီတပ်ရှိ​နေ​သော သစ်ပင်​အောက်သို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်​စဥ်။Unicorn Guerrilla Force)
(စစ်​ကောင်စီတပ်ရှိ​နေ​သော သစ်ပင်​အောက်သို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်​စဥ်။Unicorn Guerrilla Force)

▪︎စစ်ကောင်စီယာဉ်တန်းကို HRSနဲ့ KNLAပူးပေါင်းတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်တပ်မဟာ(၁)နယ်မြေ ဘီးလင်းနဲ့ သထုံကြားမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိတယ်လို့ Hawk Revolution Squad-HRS တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်ပါ ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၄ ရက်က စစ်ကောင်စီကားရှစ်စီး မောင်းနှင်လာချိန်မှာ သထုံမြို့နယ် ကမာစိုင်ရွာသစ်အနီးမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကို HRS နဲ့ KNLA တပ်ရင်း(၂)၊ တပ်ခွဲ(၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(HRS တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HRS)
(HRS တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HRS)

▪︎မန္တလေးဈေးချိုအနီးရှိ အင်းဝဘဏ်ဗုံးပစ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဈေးချိုအနီးရှိ စစ်ကောင်စီတပ်ပိုင် အင်းဝဘဏ် မနေ့ နေ့ခင်းပိုင်းက ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အင်းဝဘဏ်ရှေ့မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာနေရာကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက ဗုံးပစ်ထည့်သွားတာလို့ စုံစမ်းသိရပါတယ်။ ဒီတိုက်ခိုက်မှုကို အောင်စည်တော် စစ်ဆင်ရေး(မန္တလေး)က လုပ်ဆောင်တာလို့ အဲဒီအဖွဲ့ကထုတ်ပြန်ထားပါတယ်။

You May Also Like