Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

(၂)နှစ်တိုင်နေ့စဥ်မပြတ်ဖော်ဆောင်ခဲ့သည့် မုံရွာလူထုသပိတ်ကော်မတီ လေးစားဂုဏ်ယူကြောင်း NUG ယာယီသမ္မတပြော

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီသည် ဖေဖော်ဝါရီ ၉ရက်တွင် သပိတ်ကော်မတီ ဖွဲ့စည်းခြင်း (၂)နှစ်ပြည့်မြောက်ခဲ့ပြီး အဆိုပါ (၂)နှစ်ပြည့် အခမ်းအနားတွင် NUG ယာယီသမ္မတဒူဝါလရှီးလက လူမှုကွန်ရက်မှတဆင့် အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က မုံရွာလူထုသပိတ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
ယမန်နေ့က မုံရွာလူထုသပိတ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကလည်း မုံရွာလူထုသပိတ်အား ဂုဏ်ပြုလွှာများပေးပို့

စစ်အာဏာရှင် တော်လှန်ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှာ ပါဝင်သည့် လူထုသပိတ်တိုက်ပွဲကို (၂) နှစ်တိုင် နေ့စဥ်မပြတ် ဖော်ဆောင်နိုင်ခဲ့သည့် မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီနှင့် သပိတ်တိုက်ပွဲဝင် ပြည်သူများကို လေးစားဂုဏ်ယူမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီသည် ဖေဖော်ဝါရီ ၉ရက်တွင် သပိတ်ကော်မတီ ဖွဲ့စည်းခြင်း (၂)နှစ်ပြည့်မြောက်ခဲ့ပြီး အဆိုပါ (၂)နှစ်ပြည့် အခမ်းအနားတွင် NUG ယာယီသမ္မတဒူဝါလရှီးလက လူမှုကွန်ရက်မှတဆင့် အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက် စစ်အုပ်စုကို ဇွဲနဘဲကြီးစွာ တော်လှန်နေတဲ့ မုံရွာလူထု သပိတ်ကော်မတီနဲ့ ပြည်သူလူထုရဲ့ ဇွဲသတိများကို အထူးပင်လေးစားဂုဏ်ယူပါတယ်။ ပြည်သူတွေ ဆင်နွှဲဖော်ဆောင်နေကြတဲ့ လူထုသပိတ်လှုပ်ရှားမှုဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ နည်းနာမဏ္ဍိုင် ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအလုပ်ဟာ တစိုက်မတ်မတ် လုပ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို မုံရွာသပိတ်လူထုတိုက်ပွဲ ကော်မတီ အပါအဝင် သပိတ်ကော်မတီတွေက ဦးဆောင်လုပ်ဆောင်နေတာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်မိပါတယ် “ဟု NUG ယာယီသမ္မတက ပြောကြားသည်။

ဆက်လက်၍ ယာယီသမ္မတက “၂ နှစ်ကာလအတွင်း စဉ်ဆက်မပြတ် တိုက်ပွဲဝင်လာတဲ့ သပိတ်အင်အားစုရဲ့ နိုင်ငံရေး ခရီးလမ်းဟာ ခက်ခဲကြမ်းတမ်းမယ်လို့ ခံစားမိပါတယ်။ အညာသားတို့ရဲ့ တော်လှန်သွေးဟာ ရဲရဲနီကြောင်း အချိန်ကာလ ၂ နှစ်က သက်သေပြနေပါတယ်။ အထူးသဖြင့် နေ့စဉ်ရက်ဆက် ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံရေးအရ အသက်ရှုပေါက်ပေးလို့ မရပါဘူး။ စစ်ရေးအရလည်း ထွက်ပေါက်မရှိအောင် လုပ်ထားရပါလိမ့်မယ်” ဟု ပြောကြားသည်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB၊ မုံရွာ – အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ မြောင်လူငယ်ကွန်ရက် – YFC ၊ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) ၊ချောင်းဦးမြို့နယ် လူငယ်အင်အား စုသပိတ်ကော်မတီ (CYSC)နှင့် ရန်ကုန်တော်လှန်ရေးအင်အားစု (YRF)တို့မှလည်း ဂုဏ်ပြု သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ထို့အပြင် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများဖြစ်သော ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သော PSLF/TNLA, MNTJP/MNDAA နှင့် ULA/AAတို့မှလည်း ဂုဏ်ပြု သဝဏ်လွှာများ ပေးပို့ခဲ့ပြီး မြန်မာပြည်သား တိုင်ရင်းသား ပြည်သူများ၏ နိုင်ငံရေးဆန္ဒမျှော်မှန်းချက်များကို လေးစားအသိအမှတ်ပြုကြောင်း၊ ဘုံရည်မှန်းချက်တူညီသူများနှင့် တသားတည်းရပ်တည်ကြောင်းနှင့် လိုအပ်သည့်အရာများကို ဆက်လက်ကူညီ၍ အတူတိုက်ပွဲဝင်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်မှသည် နွေဦးတော်လှန်ရေးအောင်မြင်သည်အထိအတူ ဆက်လက်ချီတက်သွားမည် ဖြစ်ကြောင်း လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း ပြောကြားသည်။

“နောင်တချိန်မှာ နေချင်စရာကောင်းတဲ့ အေးချမ်းသာယာတဲ့ နိုင်ငံသစ် ခေတ်အသစ်တစ်ခုကို နောင်မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း အမွေပေးခဲ့နိုင်အောင်လို့ ဆက်လက်ပြီးတော့ ကြိုးပမ်းပေးကြပါ။ မုံရွာလူထုကို အားလည်း အားကိုးပါတယ်။ ကျွန်တော်တို့ အတူ ခရီးဆုံးအထိ ဆက်လက် ချီတက်ကြပါမယ်။ အာဏာရှင်စနစ် ဟူသမျှ မုချကျဆုံးရမည် “ဟု ဒေါက်တာတေဇာဆန်းက ဂုဏ်ပြုပြောကြားခဲ့သည်။

မုံရွာလူထုသပိတ် အင်အားစုအနေဖြင့်လည်း သပိတ်ကော်မတီ ဖွဲ့စည်းခြင်း (၂)နှစ်ပြည့်အဖြစ် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အဝင်မုဒ်ဦး၌ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပြီး ပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်ကာ တော်လှန်ရေး အောင်နိုင်သည်အထိ ဆက်လက်ချီတက်တိုက်ပွဲဝင်မည် ဖြစ်ကြောင်း ကတိသစ္စာပြုခဲ့သည်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၆ ရက်တွင် ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် နိုင်ငံ့ပြဿနာများ အားလုံး၏ အရင်းအမြစ် ဖြစ်သည်ကို အားလုံး သိပြီးဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။ ထို့ကြောင့် တစုတစည်းတည်းအားကုန်ကြိုးစားနိုင်ရန် အတွက်ဘက်ပေါင်းစုံအားထည့်လုပ်ဆောင်သွားရန်ဝန်ကြီးချုပ်ကတိုက်တွန်းသည်။

သတင်း

ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်​သော RCSSနှင့် SSPP တို့သည် ပြည်သူထုကို အကြမ်းဖက်နှိပ်စက်နေသည့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသည်။

သတင်း

ဖေဖော်ဝါရီ ၃ရက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ထုတ်ပြန်ချက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသည့် အင်အားစုများနှင့် လက်တွဲ ချိတ်ဆက်မည်ဟု ဖော်ပြချက်၊ မွန်ပြည်သစ်ပါတီ ၏ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ချက်များကို အသိအမှတ်ပြုကြောင်းလည်း ယာယီသမ္မတက ပြောသည်။