Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဖေဖော်ဝါရီ၁၀ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တံတားဦးလေတပ်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းကို မနေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)အဖွဲ့မှ စစ်ဆင်ရေးတာဝန်ခံ Eagle 2 က ပြောပါတယ်။

မနေ့ ည ၁၀ နာရီခန့်က တံတားဦးလေတပ်စခန်းကို (၉၀)မမ ရှော့တိုက်ဒုံး လက်နက်ကြီး လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျက်စီးထိခိုက်မှုများရှိတယ်လို့ ဆိုပါတယ်။တံတားဦးလေတပ်ဟာကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ အဓိက ဗုံးကြဲတိုက်ခိုက်နေတဲ့ လေတပ်တစ်ခုဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ FRF က ရှင်းပြပါတယ်။ တံတားဦးလေတပ်စခန်းဟာ ပထမဆုံးပစ်ခတ်တိုက်ခိုက်ခံရတာလို့ နယ်ခံတွေက ပြောပါတယ်။

(လေတပ်စခန်းတစ်ခုရှိ တိုက်လေယာဉ်တစ်စင်းအား ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - CJ)
(လေတပ်စခန်းတစ်ခုရှိ တိုက်လေယာဉ်တစ်စင်းအား ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – CJ)

▪︎စစ်တပ်​ ထောက်ပို့သင်္ဘောကို PDFများ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်သင်္ဘောတစ်စီးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး ရေယာဉ်ပေါ်မှ စက်သုံးဆီပေပါ ၃၀၀၀ ကျော်နဲ့ လက်နက်ခဲယမ်းများ၊ စာသုံးကုန်များကို ယူဆောင်နိုင်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်သင်္ဘောမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက် ညပိုင်းကတည်းက သပြေတောရွာအနီးမှာ သောင်တင်နေစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီသတင်းကို ချက်ချင်းမထုတ်ပြန်ခဲ့ဘဲ ရေယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ၊ စက်သုံးဆီပေပါများ၊ ဆန်များ၊ ဆီများနဲ့ စားသုံးကုန်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကိုးရက်ကြာအောင် သယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ၂၀ ထက်မနည်းသေပြီး အရှင်ဖမ်းမိတာတွေလည်း ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

(စစ်တပ်၏ ​ထောက်ပို့သင်္ဘော​ပေါ်မှ လက်နက်ခဲယမ်း၊စက်သုံးဆီနှင့် စားနပ်ရိက္ခာများကို PDF များကအပြီးသတ်သယ်ယူပြီး​နောက် ​မြင်​တွေ့ရမှု ။ဓါတ်ပုံ-KLG-PDF)
(စစ်တပ်၏ ​ထောက်ပို့သင်္ဘော​ပေါ်မှ လက်နက်ခဲယမ်း၊စက်သုံးဆီနှင့် စားနပ်ရိက္ခာများကို PDF များကအပြီးသတ်သယ်ယူပြီး​နောက် ​မြင်​တွေ့ရမှု ။ဓါတ်ပုံ-KLG-PDF)

▪︎ကန့်ဘလူနယ် စပယ်နံသာရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ စံပယ်နံသာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်စီးနင်းခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။ စံပယ်နံသာရဲစခန်းကို မနေ့ မနက်အစောပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး ရဲကင်းစခန်းနဲ့ ဘန်ကာများအား မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ ရန်သူတပ်သား (၂၀) ဦး ခန့်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေညက ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ကန့်ဘလူမြို့နယ်မှာ မနေ့က စံပယ်နံသာရဲစခန်းအပြင် စစ်ကောင်စီခြေကုပ်ယူထား​တဲ့ နေရာသုံးနေရာကို PDF များက တစ်ချိန်တည်းတိုက်ခိုက်ခဲ့ပြီး ကျန်နှစ်နေရာနဲ့ပတ်သက်လို့ မကြာခင်သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။

(ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ)
(ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ)

▪︎ရဲစခန်းသိမ်းပိုက်ခံရတဲ့ ထန်တလန်မြို့ကို စစ်ကောင်စီတပ်လေကြောင်းမှ အင်အားဖြည့်

ချင်းပြည်နယ်ထန်တလန်မြို့ရှိရဲစခန်းကိုချင်းကာကွယ်ရေးတပ်(CDF)နဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တင်းနေတယ်လို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ CDFနဲ့ CNA တပ်ဖွဲ့ဝင်များရှိတယ်လို့ ယူဆတဲ့နေရာတွေကိုလည်း လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအနီးမှာ စစ်သားအလောင်းတစ်လောင်းကို လက်နက်နှစ်လက်နဲ့အတူတွေ့ရတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

(စစ်​သားအ​လောင်းတစ်​လောင်းထံမှရ​ရှိသော ​သေနက်၂ လက်။ ဓါတ်ပုံ- CBN)
(စစ်​သားအ​လောင်းတစ်​လောင်းထံမှရ​ရှိသော ​သေနက်၂ လက်။ ဓါတ်ပုံ- CBN)

▪︎လွိုင်ကော်မြို့ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနေရာတွေကို PDFနဲ့ KNDF တိုက်ခိုက်

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းနေရာတွေကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၄ က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ကယန်းသာယာလမ်းခွဲနဲ့ လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီစခန်းများကို KNDF B -14 ၊ B -02 နဲ့ လွိုင်ကော် PDF တို့ပူးပေါင်းကာ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်စခန်းများကို မိနစ် ၂၀ ကျော်ကြာ တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ KNDF တပ်ရင်း – ၁၄က အတည်ပြုထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း(၁၄)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း(၁၄)မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF

▪︎ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင်တပ်ရင်း (၁)တို့ ခြောက်နာရီကြာတိုက်ပွဲဖြစ်

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁)တို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၆ နာရီကြာဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)က ပြောပါတယ်။ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက ထိတွေ့မှုစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပိတပ်ရွာနဲ့ မြဒေါင်းကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်စဥ် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံးရေ (၅၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး တိုရွာမှ အိမ်ခြေ ၃၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးခန့်သေဆုံးကာ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)က ပြောပါတယ်။ ပြည့်သူ့ရဲဘော်ငါးဦး ထိခိုက်ကာ နှစ်ဦးမှာဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

▪︎မင်းတုန်းမြို့ နယ်မြေရဲစခန်းကို PDF တိုက်ခိုက်

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတစ်ခုကို စခန်းနားအထိ ချဥ်းကပ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် PDF တပ်ရင်း(၄) Eagle Forceမှ တာဝန်ရှိသူက ပြောပါတယ်။ မင်းတုန်းမြို့နယ် အလယ်ချောင်းကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းကို မနေ့ည ၁၂ နာရီက စခန်းအနီးသွားရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အပြန်အလှန် ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြပြီး ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဘူးလို့ တာ၀န်ရှိသူက ပြောပါတယ်။

▪︎မြင်းခြံမှာ ရဲကားကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ Light truck ယာဉ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်ပါးစေ ရဲတွေကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဖေဖော်ဝါရီ ၈ ရက် နေ့ခင်းက မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ရဲ ၁၂ ဦးဟာ အဖြူရောင် Light truck ယာဉ်တစ်စီးနဲ့ မြင်းခြံမြို့ဘက်သို့ ထွက်လာရာ ထိမ်ပန်းပေါက်ရွာအနီးမှာ နှစ်ဆင့်ကွဲ ပဒေသာမိုင်း (၁၅)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ Light truck ယာဥ်ဟာ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီး ကားပေါ်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်များလည်း သေဆုံးတယ်လို့ ကြားသိရကြောင်း ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

▪︎မဲဝိုင်ဒေသတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် မဲဝိုင်(မဲဝေ)ဒေသတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ခင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) လက်အောက်ရှိ တပ်ဖွဲ့ဝင်တွေဟာ မယ်ဝေအုပ်စု တိုမယ်ခီးကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ နေ့ခင်းဘက်မှာ စစ်ကောင်စီဟာ တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးသီး သုံးလုံးနဲ့ စက်သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ အသိပေးပါတယ်။

You May Also Like