Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးရပ်ဆိုင်းသွား

စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် အရှိန်ရနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားတယ်လို့ အပစ်ရပ်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီက ထုတ်ပြောပါတယ်။ ဒီနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့ဆီ ပေးပို့တဲ့သဝဏ်လွှာမှာ စစ်အာဏာသိမ်းကြောင့် ငြိမ်းချမ်းရေးထိခိုက်သွားတာကို ထည့်သွင်းပြောဆိုလိုက်တာပါ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ပျိုးထောင်ဆဲကာလမှာ စစ်တပ်အာဏာကောက်သိမ်းလို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ” ကံမကောင်းအကြောင်းမလှစွာ” ရပ်ဆိုင်းသွားတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ဦးဆောင်ကော်မတီက ကဆိုပါတယ်။ ဒါ့အပြင် အာဏာသိမ်းမှု အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေအပါအဝင် အထွေထွေအကြပ်အတည်းတွေဖြစ်ပွားနေတယ်လို့လည်း ပြောပါတယ်။

ရုရှားခရီးစဉ်မှာတွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်
ရုရှားခရီးစဉ်မှာတွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်

▪️နိုင်ငံ့ကံကြမ္မာကို တစ်စုတစ်ဖွဲ့လက်ထဲ အပ်နှံတဲ့အမှားများကို ရှောင်ကြဥ်ဖို့ KNU သတိပေး

နိုင်ငံရဲ့ ကံကြမ္မာကို တစ်စုတစ်ဖွဲ့ လက်ထဲအပ်နှံတဲ့ အတိတ်ကာလကအမှားများကို နိုင်ငံတကာကလည်း ရှောင်ကြဉ်ဖို့ လိုအပ်ပြီး စစ်အာဏာသိမ်းယူမှုအလွန် အသွင်ကူးပြောင်းရေးကာလမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ နိုင်ငံ့အနာဂတ်ကို အတူတကွ ဖော်ဆောင်ဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီနေ့ကျရောက်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။ ဖဆပလခေတ်မှာ အားကောင်းရှင်သန်လာတဲ့ ဗမာလူမျိုးကြီးဝါဒမှ စတင်ခဲ့တဲ့ စနစ်ဆိုးအမျိုးမျိုး ပပျောက်ရေးနဲ့ နိုင်ငံရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့ မကောင်းသော အကျင့်ဓလေ့များကို အမြစ်ဖြတ်ဖို့လည်း ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။ နောက်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ်ဆို အမြစ်ပြတ် ချေမှုန်းရေးအတွက် နိုင်ငံရေး နိုးကြားတက်ကြွမှု နဲ့ အမှန်တရားအပေါ် ရဲရင့်ခိုင်မာစွာ ရပ်တည်ဖို့ သန္နိဋ္ဌာန်ပြုပြီး နိုင်ငံသစ်ထူထောင်မှုမှာ စည်းလုံးညီညွတ်စွာ ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

နိုင်ငံ့ကံကြမ္မာကို တစ်စုတစ်ဖွဲ့လက်ထဲ အပ်နှံသည့်အမှားများကို ရှောင်ကျဉ်ရန် KNU သတိပေး
နိုင်ငံ့ကံကြမ္မာကို တစ်စုတစ်ဖွဲ့လက်ထဲ အပ်နှံသည့်အမှားများကို ရှောင်ကျဉ်ရန် KNU သတိပေး

▪️နွေဦးတော်လှန်ရေးအင်အားစုများရဲ့ ကြိုးပမ်းမှု ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာစေမယ့် အရင်းအမြစ်များဖြစ်ဟု ကချင် KPICT ပြော

နွေဦးတော်လှန်ရေးအင်အားစု အသီးသီးမှ ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ဖို့ စိတ်အား ထက်သန်စွာနဲ့ သန္နိဋ္ဌာန်ချ ကြိုးစားနေမှုတွေဟာ နိုင်ငံရေးရလဒ်ကောင်းတွေနဲ့အတူ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အ၀ရှိသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေမယ့် အရင်းအမြစ်များ ဖြစ်တယ်လို့ ယုံကြည်ကြောင်း Kachin Political Interim Coordination Team(KPICT)က ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့သို့ သဝဏ်လွှာပေးပို့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဦးဆောင် ကျင်းပတဲ့ (၇၆)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အပါအဝင် ကချင်နိုင်ငံရေး အင်အားစုများဖွဲ့စည်းထားတဲ့ KPICTက သဝဏ်လွှာပေးပို့ခဲ့တာပါ။ ဒီနေ့ ကျရောက်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားဟာ နွေဦးတော်လှန်ရေး အောင်မြင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့ ရောက်ရှိဖို့ ညီညွတ်မှု ခွန်အားဖြစ်စေတဲ့ အခမ်းအနားဖြစ်တ​ယ်လို့ ယုံကြည်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

▪️တော်လှန်ရေးအမြန်ဆုံးပြီးမြောက်အောင် ရှိတဲ့အားနဲ့ရုန်းဖို့ KNPPနဲ့ KNU ခေါင်းဆောင်များတိုက်တွန်း

တော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရေး အတူတကွ လက်တွဲဆောင်ရွက်ဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးတို့က တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၆)နှစ်မြောက်နေ့ အခမ်းအနားမှာ KNPPနဲ့ KNU ခေါင်းဆောင်တွေက ပြောဆိုခဲ့တာပါ။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်များဖြစ်တယ်ဆိုတာကို ပြောဆိုကြရာ ဝေါဟာရအဖြစ်သာမက လက်တွေ့ ဖော်ဆောင်ဖို့လိုအပ်တယ်လို့ KNPP ဥက္ကဋ္ဌက ပြောပါတယ်။ ဒီနွေဦးတော်လှန်ရေးကို အမြန်ဆုံးအမြစ်ဖြတ်ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့ ကြွေးကြော်သံနဲ့အညီ ပြုခဲ့တဲ့ ကတိနဲ့အညီ လက်တွေ့အကောင်အထည်ဖော်ဖို့ ဒီအချိန်အခါဟာ အခွင့်အခါ အချိန်အခါကောင်းဖြစ်တယ်ဆိုတာကို အားလုံးသိရှိလက်ခံထားကြပြီး အတူတကွလက်တွဲရမယ်လို့ ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

KNPP ဥက္ကဋ္ဌ ခူဦးရယ် ပြောကြားနေစဉ်
KNPP ဥက္ကဋ္ဌ ခူဦးရယ် ပြောကြားနေစဉ်

▪️လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီတပ်သားတစ်ဦး CDF-ကန်ပက်လက်ထံ အလင်းဝင်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ခမရ( ၃၀၄)မှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အတူ အလင်းဝင်ရောက်လာတယ်လို့ CDF-ကန်ပက်လက်က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ရဲဘော်လင်းထက်အောင်ဟာ ဇန်နဝါရီ ၃၀ ရက်က MA1​သေနတ်တစ်လက် MA ကျည် ၃၃၆ တောင့်၊ နင်းမိုင်း တစ်လုံး၊ လက်ပစ်မိုင်း တစ်လုံး၊ အီနာဂါ နှစ်လုံး၊ စကားပြောစက်တစ်လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်တို့ကိုယူ​ဆောင်လာပြီး အလင်းဝင်ရောက်လာတာလို့ ဖော်ပြပါတယ်။ ရဲဘော်လင်းထက်အောင်ဟာ ပြည်သူနဲ့ ပူးပေါင်းဖို့ အလင်းဝင်လာတာဖြစ်ပြီး ဝင်လာသူများကို နွေးနွေးထွေးထွေးကြိုဆိုတယ်လို့ CDF-ကန်ပက်လက်အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အလင်းဝင်လာ​သောစစ်​သား ။ ဓါတ်ပုံ-CDF-ကန်ပက်လက်)
(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အလင်းဝင်လာ​သောစစ်​သား ။ ဓါတ်ပုံ-CDF-ကန်ပက်လက်)

▪️KNU နယ်မြေမှာ ​လေးကြိမ်​မြောက်အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် – ၄) သင်တန်းဆင်းပွဲကို KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။ သင်တန်းကို ၂၀၂၂ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ သုံးလကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းမှာ အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နဲ့ မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှုများကို စာတွေ့လက်တွေ့၊ နေ့ရောညပါ သင်ကြားပို့ချခဲ့တယ်လို့ ဖော်ပြပါတယ်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နဲ့ စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း​ဖော်ပြထားပါတယ်။

▪️NUG နိုင်ငံခြားရေးဝန်ကြီး နယူးယောက်ရှိမြန်မာမိသားစုများနဲ့တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဟာ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း နယူးယောက်ရှိ မြန်မာမိသားစုများနဲ့ မနေ့က တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး နယူးယောက်ရှိမြန်မာမိသားစုများနှင့် တွေ့ဆုံ
NUG နိုင်ငံခြားရေးဝန်ကြီး နယူးယောက်ရှိမြန်မာမိသားစုများနှင့် တွေ့ဆုံ

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနဲ့အတူ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့လည်း တက်ရောက်ခဲ့ပြီး တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများနဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

▪️မုံရွာ-မန္တ​လေးလမ်းပိုင်း စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မုံရွာမြို့မှထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်တစ်စီး ထိမှန်ခဲ့တယ်လို့ People’s Defence Force – South Monywa တာဝန်ခံ ဒေါင်းကာရန်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးရဲ့ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ မုံရွာမြို့မှထွက်လာတဲ့ ယာဉ်ကြီး ခြောက်စီးပါ ယာဥ်တန်းကို မိုင်းပွိုင့်ပေါ်အရောက် ပဒေသာမိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် သုံးစီးမြောက်ကားကို ထိကာ ယာဉ်မှာဘော်ဒီတစ်ခြမ်းထိသွားပြီး ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို စုံစမ်းနေတယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်နေစဥ်၊ ဓာတ်ပုံ-Local PDF
ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိပြီးနောက် ရပ်တန့်နေစဥ်၊ ဓာတ်ပုံ-Local PDF

▪️ကနီနဲ့ ယင်းမာပင်နယ်စပ် ကျေးရွာသုံးရွာထက်မနည်းကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကနီနဲ့ ယင်းမာပင်မြို့နယ်စပ်ရှိ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေလို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာ သုံးရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ခင်းက ကနီမြို့နယ်၊ သပြေတောကျေးရွာ၊အုန်းပင်ဆိပ်ကျေးရွာနဲ့ နတ်လာပို့မြောက်ကျေးရွာတို့ကို ရွာစဥ်လိုက် မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ အဲဒီလို မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၄၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။

You May Also Like