Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဖေဖော်ဝါရီ၁၁ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ပခုက္ကူဒေသရှိ စစ်ကောင်စီမွေးမြူရေးတပ်ကို PDFများ တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေဒေသရှိ စစ်ကောင်စီရဲ့ မြင်းမွေးမြူရေးတပ်ကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များက ဒီနေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်း ငါးဦး ဖမ်းဆီးရရှိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပခုက္ကူဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် Earthquake အဖွဲ့မှ ကိုအရှည်ကြီးက ပြောပါတယ်။ လက်နက် ၃ လက်နဲ့ခဲယမ်း​တွေကိုလည်းသိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီနေ့ မနက် ၆ နာရီခွဲခန့်မှစလို့ တိုက်ပွဲဖြစ်ခဲ့ပြီး ၉ နာရီအထိ မြေပြင်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူရောက်လာလို့ PDFများ ဆုတ်ခွာခဲ့ပေမယ့် လက်နက်ကြီး၊ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ သိရပါတယ်။

▪︎ရွာသစ်ကြီးစခန်းမှူးနဲ့ အဖွဲ့ပါလာတဲ့ ယာဥ်ကို ပစ်ခတ်တိုက်ခိုက်၊ နှစ်ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ရွာသစ်ကြီးနယ်မြေစခန်းမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ Mark 2 ယာဥ်ကို ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးထက်မနည်းသေဆုံးတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ရွာသစ်ကြီးစခန်းမှူးနဲ့ စစ်သားနဲ့ ရဲလေးဦး လိုက်ပါလာတဲ့ ယာဥ်ကို ရွာသစ်ကြီးစံပြကျေးရွာနဲ့ နက်ခရိုင်ကြားမှာ တော်လှန်ရေးရဲဘော်များက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ပြီးနောက် ရွာသစ်ကြီးဘက်မှ စစ်ကောင်စီကားနှစ်စီးရောက်လာပြီး ပိုက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎ကန့်ဘလူပျူခေါင်းဆောင်ဦးဝါသ၀ရဲ့ ပျူစခန်းတစ်ခုကို PDFများ သိမ်းပိုက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စိန့်နားကျေးရွာမှ ပျူစောထီးခေါင်းဆောင်သက်န်းဝတ် ဦးဝါသဝလက်အောက်ခံပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)ကန့်ဘလူခရိုင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁၆) ရွှေဘိုခရိုင် TRF(Taze Revolution Force)တို့က ပူး​ပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ပျူ​ခေါင်း​ဆောင်လို့ လူသိများ​တဲ့ လက်နက်ကိုင် သက်န်းဝတ်ဝါသဝရဲ့ လက်အောက်ခံ ပျူစောထီးတွေနဲ့ စစ်အုပ်စုအထိုင်ချထားတဲ့ စိန့်နားကျေးရွာမှပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ အသိပေးပါတယ်။ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့ဖက်မှ အရာရှိ သင်တန်းဆရာတစ်ဦး၊ သူ့ရဲ့ သက်တော်စောင့်တစ်ဦး၊ ပျူခြောက်ကောင် သေဆုံးပြီး ထိခိုက်ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိတယ်လို့ ဖော်ပြပါတယ်။

(ပျူစခန်းမှ သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဦးဝါသ။ ဓါတ်ပုံ- TRF/CJ)
(ပျူစခန်းမှ သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများနှင့် ပျူ​ခေါင်း​ဆောင် သက်န်းဝတ် ဦးဝါသ။ ဓါတ်ပုံ- TRF/CJ)

▪︎ကန်ပြားရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်၊ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်​သေဆုံးဟု NUG ကာကွယ်​ရေးထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်က မင်းဘူးခရိုင်ရှိ စစ်​ကောင်စီရဲ့ ကန်ပြားရဲစခန်းကို စီးနင်းတိုက်ခိုက်ရာ စစ်​ကောင်စီရဲ့ လက်နက်ကိုင်တပ်သား ၃၀ ဦးခန့်​သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ကာကွယ်​ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက စစ်​ကောင်စီရဲ့ ကန်ပြားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မင်းဘူးခရိုင်) တပ်ရင်းအမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊မင်ဘူး(ပကဖ) နဲ့ ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းအတွင်းရှိ ဘားတိုက်နဲ့ နေရာအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့​တယ်လို့ အသိ​ပေးပါတယ်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG)

▪︎ဒီးမောဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်

ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၇ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပူဖားကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက်က KNDFတပ်ရင်း – ၆ နဲ့ တပ်ရင်း – ၇ တို့ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

▪︎ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့မှုကို ဖမ်းမိသုံ့ပန်းများဝန်ခံ

ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့တယ်လို့ ဇန်နဝါရီလကုန်ပိုင်းမှာ ချင်းတပ်ဖွဲ့များက ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရဲသုံ့ပန်းများက ထွက်ဆိုပါတယ်။ ထန်တလန်မြို့ CB ဘဏ်အဆောက်အဦးမှာ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီနဲ့ ရဲပူးပေါင်း အဖွဲ့တစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေးတပ်(CDF)ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၃၁ ရက် ညပိုင်း(ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း) ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူတို့ရဲ့ အတွေ့အကြုံများကို ထွက်ဆိုရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ထွက်ဆိုချက်အရ ဗိုလ်ကြီးစောရဲမိုးအောင်ဟာ ထန်တလန် တပ်ကုန်းမှာ နေထိုင်ပြီး မြို့တွင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

▪︎အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နဲ့စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီ လက်နက်ကိုင်ဆောင်ခွင့်ပြု

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်နဲ့ စစ်မှုထမ်းဟောင်းများကို တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ပြုတဲ့အမိန့်စာ ထွက်ပေါ်လာပါတယ်။ လက်နက်ကိုင်ဆောင်ခွင့်အမိန့်ကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးက အတည်ပြုခဲ့တာပါ။ တရားမဲ့ပြုကျင့်သူထံက လာတဲ့လုပ်ရပ်တိုင်းက တရားဥပဒေမဲ့ အကာအကွယ်မဲ့ မင်းမဲ့စရိုက်ပဲ ဖြစ်လာတော့မယ်လို့ ပြည်သူတစ်ဦးက လက်နက်ကိုင်ဆောင်ခွင့်မှုအပေါ် မှတ်ချက်ပြုပါတယ်။

(စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထားသော ပျူစောထီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ / CJ)
(စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထားသော ပျူစောထီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ / CJ)

You May Also Like