Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ထန်တလန်မြို့ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းတပ် များကို ယာယီသမ္မတ ချီးကျူး

စစ်ကောင်စီတပ်နဲ့ရဲများ တပ်စွဲထားတဲ့ ထန်တလန်ရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ ချင်းကာကွယ်ရေးတပ်(CDF)များကို ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ချင်းတပ်ဖွဲ့တွေရဲ့ အောင်ပွဲကိစ္စကို ထည့်သွင်းချီးကျူးခဲ့တာပါ။ တဆက်တည်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Chain of Command ထဲ ပိုမိုကျစ်လစ်စွာ စုစည်းနိုင်ရေး အစဉ်ကြိုးစားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။ နောက်ပြီး လူထုကို ခေါင်းဆောင်တဲ့သူတွေဟာ တော်ရုံ ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ရပ်တန့်နေလို့ မရဘဲ နိုင်ငံရေးအမြော်အမြင် စူးရှထက်သန်မှုမှာလည်း လက်နက်ကိုင်တော်လှန်ရေး တပ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ဖြစ်အောင် တည်ဆောက်ထားဖို့ တိုက်တွန်းပါတယ်။ နွေဦးတော်လှန်ရေး(၃)နှစ်တာကာလထဲကို ချဥ်းနင်း ဝင်ရောက်လာရာမှာ တိကျတဲ့ နိုင်ငံရေးရလဒ်များ ထွက်အောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ထန်တလန်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ထန်တလန်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – CJ

▪️ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေမှာ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၆) တပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ ဒီနေ့ မနက်အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တိုက်ပွဲမှာ ထိခိုက်ကျဆုံးရှိမှာဖြစ်ပြီး အရေအတွက်ကိုတော့ မသိရသေးပါဘူး။ ဖေဖော်ဝါရီ ၉ ရက်က KIA တပ်ရင်း (၉)နယ်မြေမှာ စစ်ကောင်စီယာဉ်တန်းကို KIA က တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပြီး KIA တပ်ရင်း(၂၇)နယ်မြေ ကချင်ပြည်နယ် မံစီမြို့နယ်မှာလည်း KIAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။

ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KLG
ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – KLG

▪️ကသာမြို့နယ်အတွင်းရှိ ရွာ​လေးရွာမှ အိမ်​ခြေ ၅၀၀ ​ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကသာမြို့နယ် အင်းကြီးအုပ်စုအတွင်းရှိရွာ​လေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေရာ ​လေးရက်အတွင်း​ နေအိမ်​ ၅၀၀ ​ကျော်မီး​လောင်ပျက်စီးသွားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကသာမြို့နယ်အင်းကြီးအုပ်စုကို အင်အား ၇၀ ​​ကျော်ပါ​​တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ‌ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး​နေခဲ့တာပါ။ စစ်​ကောင်စီတပ်ဟာ အင်းကြီကျေးရွာအုပ်စုအတွင်းရှိ အင်းကြီး၊ လှေဘို၊ ဘုရားတောင်နဲ့ မယ်ငိုကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေတာလို့ အင်းကြီးကျေးရွာဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းအထိ စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးမီးရှို့ဖျက်ဆီး​နေဆဲဖြစ်​တယ်လို့ ​ဒေသခံတွေက​ ပြောပါတယ်။

▪️မြိုင်အခြေစိုက် PDFနှစ်ဖွဲ့ကို ဒေသခံပြည်သူများက လက်ဝတ်ရတနာနဲ့ ကျပ်သိန်း ၁၈၀ ခန့် လှူဒါန်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် PDF နှစ်ဖွဲ့ကို ဒေသခံပြည်သူတွေက လက်ဝတ်ရတနာနဲ့ ကျပ်သိန်း ၁၈၀ ခန့် ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မြိုင်မြို့နယ်ရှိ စစ်အာဏာရှင်ကို တော်လှန်နေတဲ့အဖွဲ့တွေဖြစ်တဲ့ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့နဲ့ မိုးကြိုး(GOBA)အဖွဲ့တို့ကို မောင်းပြန်တစ်လက် ထပ်မံဝယ်ယူနိုင်ဖို့အတွက် ပြည်သူများက ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေနားကပ် နှစ်ရံအပါအဝင် ကျပ်သိန်း ၁၈၀ ခန့် ထောက်ပံ့ကူညီခဲ့တာပါ။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်စေဖို့ ထောက်ပံ့မှုကို ကျေးဇူးအထူးတင်ရှိပြီး အမြစ်ပြတ်ပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့က ကတိပြုပါတယ်။

▪️စစ်ကောင်စီလက်နက်ကြီးကြောင့် KNUတပ်မဟာ (၃)နယ်မြေရှိ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရှိကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းနဲ့ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းမှာ ညောင်လေးပင်ခရိုင် ပုဇွန်မြောင်းကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ (၂၀)ဟာ ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီးရွာသစ်နဲ့ ညောင်ပင်ကြီးရွာမကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလက်နက်ကြီးကျည်ကြောင့် ပြည်သူလူထုများ မွေးမြူထားတဲ့ နွားလေးကောင် ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ရဲ့ ခမရ(၂၀)မှ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့လို့ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNU

▪️NUG ရုံးခန်းဖွင့်ပွဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်

အိမ်ဖြူတော် ရုံးစိုက်ရာ ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ထားတဲ့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရုံးခန်းဖွင့်ပွဲကို မနေ့က ပြုလုပ်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့တာတွေ့ရပါတယ်။ အဲဒီရုံးခန်းကိုပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ဖွင့်ထားပေမယ့် မနေ့ကမှ အခမ်းအနားနဲ့ ဖွင့်လှစ်တာလို့သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကလည်း NUG ရုံးခန်းဖွင့်ပွဲကို တက်ရောက် စကားပြောခွင့်ရတာ ဂုဏ်ယူကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။ မြန်မာလူထုရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ အမေရိကန် ပြည်ထောင်စုဟာ ခိုင်ခိုင်မာမာ ရပ်တည်ပေးသွားမယ်လို့လည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆိုပါတယ်။

▪️ဗိုလ်ချုပ်မွေးနေ့အဖြစ် ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ဂုဏ်ပြုသည်ဆိုကာ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)တပ်ဖွဲ့က ပြောပါတယ်။ မနေ့က ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၈)နှစ်မြောက် မွေးနေ့မှာ ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦး ရပ်ကွက်မှာရှိတဲ့ ငြိမ်းဇာနည်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ငြိမ်းဇာနည်တပ်စခန်း ဝင်စီးချိန် စခန်းအတွင်းမှာ စစ်ကောင်စီတပ်သား အင်အား (၁၅)ဦးခန့်ရှိနေပြီး တိုက်ခိုက်မှုအတွင်း အများစုသေဆုံးကာ စက်လတ်သမားတစ်ဦးသာကျန်ရှိတယ်လို့ MBT တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

▪️ရေစကြိုနယ် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ အ.ထ.က (ခွဲ)ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို မဟာမိတ် ညီနောင်များနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)အဖွဲ့က ပြောပါတယ်။ ဆင်မရဲရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၇၀ ကျော်ခန့် တပ်စွဲထားစဥ် ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ၄၅ မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရသွားကာ ပခုက္ကူဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရပြီး သေဆုံးခြင်းရှိ၊ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

Myingyan Black Tiger(MBT)တပ်ဖွဲ့မှ ရဲဘော်များ စစ်ကြောင်းထွက်နေစဥ်၊ ဓာတ်ပုံ - MBT
Myingyan Black Tiger(MBT)တပ်ဖွဲ့မှ ရဲဘော်များ စစ်ကြောင်းထွက်နေစဥ်၊ ဓာတ်ပုံ – MBT

▪️သီပေါမှာ ဘုန်းကြီကျောင်းတစ်ကျောင်းမီးလောင်မှု ကိုရင်လေးတစ်ပါးပျံလွန်တော်မူ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ မနေ့ညက ဘုန်းကြီကျောင်းတစ်ကျောင်းမီးလောင်ခဲ့မှုမှာ ကိုရင်လေးတစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သီပေါမြို့ စံဖိတ်ကျေးရွာ မဏိရတနာ စံဖိတ်ကျောင်းတိုက်မှာ ည ၁၀ နာရီလောက်က မီးလောင်ကျွမ်းခဲ့တာပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်းလုံး မီးထဲပါသွားခဲ့ပြီးး အဲ့ဒီအချိန်အိပ်ပျော်နေတဲ့ ကိုရင်လေးတစ်ပါး မီးထဲပါသွားတာလို့ သီပေါမြို့ခံတစ်ဦးက ပြောပါတယ်။ ပျံလွန်တော်မူသွားသည့်ကိုရင်လေးမှာ အသက်(၁၀)နှစ်အရွယ်ရှိပြီလို့ သိရပါတယ်။

You May Also Like