Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လက်တွဲတိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသားနေ့မှာ NUCCနဲ့ NUG သဝဏ်လွှာပို့

ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ ပအိုဝ်းအင်အားစုများကို ဂုဏ်ယူတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဝဏ်လွှာပေးပို့ပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကလည်း သဝဏ်လွှာပေးပို့ပြီး လက်ရှိတည်ဆောက်ဖို့ လိုအပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ မချုပ်ငြိမ်းသရွေ့ ထူထောင်နိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစစ်အမှန်ဟာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မတည်ဆောက်နိုင်မချင်း ရရှိမှာ မဟုတ်ဘူးဆိုတာ နှစ်(၇၀)ကျော်ကြာ နိုင်ငံရေးပြဿနာများက မီးမောင်းထိုးပြနေတယ်လို့ NUCC က ဆိုပါတယ်။

(ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား၌ တွေ့ရသည့်ပအိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ)
(ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား၌ တွေ့ရသည့်ပအိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ)

▪️စစ်ကောင်စီက လူသားဒိုင်း၊လက်ကိုင်တုတ်အဖြစ် အသုံးချနေမှု လက်မခံဖို့ ပအိုဝ်းပြည်သူများကို PNFC ဥက္ကဋ္ဌ ပန်ကြား

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပအိုဝ်းဒေသမှာ ပအိုဝ်းပြည်သူများကို လူသားဒိုင်းအနေနဲ့ အသုံးပြုခြင်း၊ လက်ကိုင်တုတ်အဖြစ် အသုံးချနေခြင်းများရှိတယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။ ဒီနေ့ ကျရောက်တဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ PNFC ဥက္ကဋ္ဌက သူ့ရဲ့မိန့်ခွန်းမှာ စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည်သူ့စစ်ဖြစ်တဲ့ PNO/PNAကို အသုံးချပြီး ရှမ်း-ကရင်နီဒေသ စစ်ဆင်ရေးများ ဆောင်ရွက်နေတာကို ခွန်မြင့်ထွန်းက ရည်ညွှန်းပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ပအိုဝ်းတပ်နှစ်ခုဟာ သထုံ၊ ဖားအံ နဲ့ ရှမ်း-ကရင်နီနယ်စပ်များမှာ စစ်နယ်သုံးနယ်ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတယ်လို့ PNFC ဥက္ကဋ္ဌက အသိပေးပါတယ်။ တန်းတူရည်တူအခွင့်အရေးတွေ ရယူဖို့ဆိုတဲ့နေရာမှာ တန်းတူရည်တူစွန့်လွှတ်မှုတွေ၊ ရင်းနှီးမှုတွေလည်း ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ခွန်မြင့်ထွန်းက တိုက်တွန်းပါတယ်။

(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်တပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်တပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

▪️စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်ရာဇဝတ်မှုအကြောင်းကို ကုလလုံခြုံရေးကောင်စီဥက္ကဌနဲ့ ကုလအတွင်းမှူးချုပ်ထံ ပေးပို့

စစ်ကိုင်းတိုင်း စစ်ကိုင်းနဲ့ မြင်းမူမြို့နယ်တွေမှာ လူမဆန်သောစစ်ကောင်စီကျူးလွန်တဲ့ နောက်ဆုံးပေါ် စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အစုလိုက်အပြုံလိုက်ရာဇဝတ်မှုအကြောင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တင််ပြအစီရင်ခံလိုက်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၃၃ ဟာ မတ်လ ၁ ရက်မှာ မြင်းမူနဲ့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စီးနင်းတိုက်ခိုက်ခဲ့ရာ တာတိုင်ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်မိုက်ကယ်(ခ)ကိုကျော်ဇောကို ဖမ်းဆီးကာ ခေါင်းခြေလက်များ ဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ကာ ရက်စက်စွာ သတ်ဖြတ်ခဲဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း အစီရင်ခံပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အမျိုးသမီးများအပါအဝင် နောက်ထပ် အပြစ်မဲ့အရပ်သားပြည်သူ ၁၅ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဓားစာခံဖမ်းဆီးကာ နောက်တစ််ရက်မှာ အခြားကျေးရွာမှာ ရက်စက််စွာသတ်ဖြတ်ခဲ့တယ်လို့ အစီရင်ခံပါတယ်။

▪️PDF စစ်ကြောင်းများကို လက်နက်ခဲယမ်းများ တိုးမြှင့်ဖြည့်တင်းပေးနေဟု တောင်ပိုင်းစစ်ဒေသ အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃) နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲကို မနေ့က ကျင်းပခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်းများဟာ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနဲ့ ချိတ်ဆက်ကာ စစ်ရေးဖော်ဆောင်မှုတွေမှာ ရဲဘော်တွေအနေနဲ့ Chain of Command ပိုမိုအားကောင်းလာတယ်လို့ ဖော်ပြပါတယ်။ နောက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ရဲဘော်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ပိုမိုကောင်းမွန်လာစေဖို့ မွမ်းမံသင်တန်းများသင်ကြားပေးခြင်းနဲ့ လက်နက်၊ ခဲယမ်းများကို တိုးမြှင့်ကာ ဖြည့်တင်းဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။

▪️ယင်းမာပင်နယ်မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးကိုသတ်ဖြတ်ကာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မတ်လ ၃ ရက် နေ့ခင်းက မြောက်နုံးကျေးရွာကို စစ်အုပ်စုက သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့ပြီး ညအိပ်နေထိုင်တပ်စွဲခဲ့ကာ မြောက်နုံးကျေးရွာရှိ နေအိမ် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ အသက်(၂၅) ဝန်းကျင်ရှိပြီး လက်ရှိ ပျောက်နေတယ်လို့ ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

▪️ပျူစောထီးခေါင်းဆောင်တွေ ပစ်ခတ်သတ်ဖြတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မှာ စစ်ကောင်စီသင်တန်းဆင်းပျူစောထီးခေါင်းဆောင်တစ်ဦး မနေ့ ညနေက ​သေနတ်နဲဲ့ ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်နိုင်ဆိုတဲ့ ပျူစောထီးခေါင်းဆောင်ဟာ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ ရွှေစည်းစိမ်လက်ဖက်ရည်ဆိုင်ရှေ့မှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရတာပါ။ မန္တလေးတိုင်း မတ္တရာမြို့နယ် လွန်းတောင်သာကျေးရွာမှ လက်နက်ကိုင်ဆောင်ခွင့်ရရှိထားတဲ့ ပျူစောထီးတစ်ဦးကို မနေ့ ညနေပိုင်းက သေနတ် ၁၂ ချက်ပစ်ကာ ရှင်းလင်းခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေး မန္တလေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရန်ကုန်တိုင်း ၊တွံ​တေးမြို့နယ်မှာလည်း မတ်လ ၃ ရက်က စစ်ကောင်စီအလိုကျ ပြည်သူများကိုအနိုင်ကျင့်နှိပ်စက်နေတဲ့ စစ်မှူထမ်း​ဟောင်းလည်းဖြစ်၊ ပျူ​စောထီးတစ်ဦးလည်းဖြစ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှုးတို့ကို အလှူအိမ်မှာ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Delta Revolutionary Force တာဝန်ရှိသူတစ်ဦးက အသိပေးပါတယ်။

▪️ရှိမ်းမကားမှာ စစ်အုပ်စုဝင်အချင်းချင်းသတ်ဖြတ်၊ အလောင်းမြှုပ်နှံနေစဥ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းမှာ စစ်အုပ်စုဝင်အချင်းချင်း သတ်ဖြတ်ပြီး အလောင်းမြှုပ်နေစဥ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောပါတယ်။ မတ်လ ၁ ရက်က ရဲစခန်းမှ စျေးသို့သွားရာလမ်းမှာ မိုင်းအတုတပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကို ချထားခဲ့ရာ စစ်အုပ်ကဖယ်ရှားခြင်းမရှိဘဲ နှစ်ရက်ခန့် လမ်းပိတ်ထားခဲ့ပါတယ်။ မတ်လ ၃ ရက်မှာတော့ စစ်သားတစ်ဦးက အဲဒီ ဆိုင်ကယ်ကို တွန်းရွှေ့စဥ် စစ်အုပ်စုက မသင်္ကာဖြစ်ကာ အချင်းချင်းသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ မနေ့ နေ့ခင်းကတော့ သေဆုံးစစ်သားအလောင်းကို စခန်းတွင်းမှာ မြုပ်နှံနေစဥ် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခဲ့ရာ စစ်သား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ​Eagle Guerrilla Force အဖွဲ့ တာဝန်ခံက ပြောပါတယ်။

You May Also Like