Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်​ကောင်စီရဲ့ ကာကွယ်​ရေး၊ ပြည်ထဲ​ရေးနဲ့ ဦးပိုင်၊ MEC တို့ကို အ​မေရိကန် ထပ်မံဒဏ်ခတ်အ​ရေးယူ

အမေရိကန်အစိုးရက စစ်​ကောင်စီရဲ့ ကာကွယ်​ရေး၊ ပြည်ထဲ​ရေးဝန်ကြီးဌာနနဲ့ မြန်မာစီးပွား​ရေးဦးပိုင်(UEHL) ၊ မြန်မာ့စီပွား​ရေး​ကော်ပို​ရေးရှင်း(MEC) တို့ကိုဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင်ထပ်မံထည့်သွင်းလိုက်ပါတယ်။ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို စောင့်ကြည့်ရေးနည်းပညာများ ဖြည့်ဆည်းပေးကာ အာဏာရှင်အဖွဲ့အစည်းက မြန်မာနိုင်ငံအတွင်းမှ လူပုဂ္ဂိုလ်များကို ခြေရာခံခြင်း၊ စီစစ်ဖော်ထုတ်ခြင်းနဲ့ လူခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်းတို့ကို ဆောင်ရွက်နိုင်စေခဲ့တဲ့ အဖွဲ့အစည်းသုံးခုကို အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းခဲ့တာလို့ ထုတ်ပြန်ပါတယ်။ အခုအရေးပိတ်ဆို့မှုဟာ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို တင်ပို့မှုများ၊ တဆင့်တင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ခြင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းခဲ့မှုနဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းမှုများအတွက် တာ၀န်ရှိမှုအတွက်ဖြစ်တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ််ရေးဝန်ကြီးဌာနက ဆိုပါတယ်။

▪︎ဖားကန့်ဒေသခံ ၁၀၀ ကျော်ကို နာရီ ၂၀ ကျော်ကြာဖမ်းဆီးထားပြီး KIA နဲ့ PDF မ​ကောင်း​ကြောင်း​ပြောကာ ပြန်လွှတ်

ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာ ဒေသခံ ၁၀၀ ​ကျော်ကို စစ်ကောင်စီတပ်က တစ်ရက်ကြာ ဖမ်း‌ဆီးပြီး​နောက် KIA နဲ့ PDFအကြောင်း မ​ကောင်းပြောပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံများကပြောပါတယ်။ ရှရော်ခကျေးရွာကို စစ်ကောင်စီတပ်ဟာ မတ်လ ၁ ရက် ညနေပိုင်းက သေနတ်များပစ်ဖောက်ဝင်ရောက်ပြီး ဒေသခံ ၁၂၈ ဦးကိုဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၂ ရက် နေ့ခင်းနဲ့ ညနေဘက်မှာ လူခွဲကာ အားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အရပ်သားတွေကို ဖမ်းထားတဲ့ တချိန်လုံး KIA နဲ့ PDFက လူထုရဲ့ ရန်သူတွေဆိုတာကို ပြောပြီး သူတို့ဆီ သတင်းပေးဖို့နဲ့ ပူးပေါင်းဖို့ ပြောကာ ပြန်လွှတ်ပေးခဲ့တာလို့ ဖားကန့်​ဒေသခံတစ်ဦးက ပြောပါတယ်။

▪︎ဝက်လက်နယ်မှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီစစ်ကြောင်း ငါးဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကျေးရွာ လေးရွာမှ နေအိမ် ၁၆ဝ ကျော်ကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသတွင်း PDFများက လိုက်လံတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံးနိုင်တယ်လို့ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)အဖွဲ့က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရွှေဘို-မန္တလေးလမ်းကြောအတိုင်း တွဲကားနဲ့ မောင်းနှင်လာရာ သားနားကျေးရွာနဲ့ စိုင်နိုင်ကွေ့ကြား ပဒေသာမိုင်း (၅)လုံး ၁ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ငယ်များနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စိုင်နိုင်ကြီး၊ စိုင်နိုင်လေးကျေးရွာတွေရှိ ပြည်သူများရဲ့ နေအိမ် ၆၅ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ယင်းမာပင်နယ် ရွာများကို မီးပတ်ရှို့​နေ​တဲ့ စစ်တပ်ကို PDFများ တိုက်ခိုက်

ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးပေမယ့် အထိအခိုက်ရှိခဲ့တယ်လို့ ယင်းမာပင်မြို့အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ယင်းမာပင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်ဟာ ​​ဖေဖော်ဝါရီ လကုန်ပိုင်းကတည်းက တိုက်ပွဲဖြစ်နေခဲ့တာပါ။

▪︎လောင်းလုံးနယ်မှာ အထိနာသွားတဲ့ စစ်တပ် ပြည်သူငါးဦးကို ဖမ်းဆီးသတ်ဖြတ်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများပါဝင်တဲ့ အင်အား (၅၀)ခန့်ပါ စစ်ကြောင်းဟာ ဒေသခံ ပြည်သူငါးဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ကျောက်ဝပ်ပြင်ကျေးရွာတောင်ကြောအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်များဟာ လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ အောက်ဝပ်ကျင်းကျေးရွာသို့ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်ငါးလုံးသို့ ဝင်ရောက်ရှာဖွေ မွှေနှောက်ပြီး အိမ်လေးလုံးကို မီးရှို့ဖျက်ဆီးတဲ့အပြင် အပြစ်မဲ့ပြစ်သူ ၆ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ရာ ၅ ဦးမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။ လောင်းလုံးမြို့နယ်ရဲ့ ကျောက်မတ်တပ်ကျေးရွာနဲ့ မြင်းခွာအော်ကျေးရွာဘက်မှာတော့ မတရားဆက်ကြေးတောင်းပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးနဲ့ ပျူစောထီးနှစ်ဦးကို LLPDF က ပစ်ခတ်တိုက်ခဲ့ရာ တစ်ဦိးပွဲချင်းပြီးသေဆုံးကာ သုံးဦးမှာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ပါတယ်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ - LLPDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောပစ္စည်းများနှင့် သေဆုံးရုပ်အလောင်းများအား တွေ့ရစဥ်။ဓာတ်ပုံ – LLPDF)

▪︎မုံရွာ-မန္တလေးလမ်းပိုင်း စစ်ကောင်စီယာဥ်တန်းများ ၁၂ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ နိုင်ငံရေးအကျဥ်းသားများ၊ လက်နက်များသယ်ဆောင်လာတယ်လို့ သတင်းရတဲ့ စစ်ကောင်စီယာဥ်များကို ၁၂ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်ငါးစီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှထွက်လာတဲ့ စစ်ကားအကြီး ၁၀ စီးနဲ့ D. C ပွိုင့်ကား လေးစီးကို မုံရွာ – ချောင်းဦးလမ်းပိုင်း မုံရွာတောင်အထွက် ပုရစ်ကုန်းမြောက်ရွာအနီးမှာ ပဒေသာမိုင်း လေးလုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71PDF Monywa အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ ယာဉ် ၁၀ စီးအနက် လေးစီးမြောက်ကို မိုင်းဆွဲတိုက်ခိုက်ရာ ရပ်တန့်သွားပြီးနောက် နောက်ပါယာဉ်များ လာရာလမ်းဘက် ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။

(စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Area 71PDF Monywa)
(စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – Area 71PDF Monywa)

▪︎မင်းဘူးနယ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ချေးငွေလုပ်ငန်းနှစ်ခုကို အရေးယူ

တော်လှန်ရေးကာလအတွင်း ရပ်တန့်ထားဖို့ သတိပေးထားပေမယ့် လိုက်နာမှုမရှိတဲ့ ချေးငွေလုပ်ငန်းနှစ်ခုကို စစ်ဆေးတွေ့ရှိပြီး Mytel ဆင်းကဒ်များ၊ စာရွက်စာတမ်းများ အပါအဝင် ငွေများသိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း တပ်ခွဲ SPDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးနိုင်ရေးဆောင်ရွက်နေစဥ်အတွင်း လမ်းပိုင်းဆိုင်ရာစစ်ဆေးမှုများ အမြဲပြုလုပ်လျက်ရှိနေစဥ် ကျေးရွာများမှ ချေးငွေလုပ်ငန်းများ လုပ်ကိုင်နေတဲ့ Pact ပက်(စ်) မြန်မာချေးငွေလုပ်ငန်းနဲ့ BG Microfinance ချေးငွေလုပ်ငန်း နှစ်ခုကို စစ်ဆေးမေးမြန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ချေးငွေလုပ်ငန်းနှစ်ခုမှ ဝန်ထမ်းများကို နောက်တစ်ကြိမ်မပြုလုပ်ဖို့ သတိပေးပြောကြားခဲ့ကာ သိမ်းဆည်းရမိတဲ့ စာရွက်စာတန်းမှတ်တမ်းများကို မီးရိူ့ ဖျက်ဆီးခဲ့ပြီး ကျန်ရှိပစ္စည်းများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

You May Also Like