Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၁၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်အာဏာရှင်များကို ဖိအားပေးရန် နိုင်ငံတကာအစိုးရများကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ တောင်းဆို

မြန်မာပြည်သူများအပေါ် ရက်စက်ပြီး လူမဆန်တဲ့ ဆက်ဆံမှုများကို ရပ်တန့်စေရေး စစ်အာဏာရှင်များကို အဓိပ္ပာယ်ရှိတဲ့ ဖိအားများ စတင်ကျင့်သုံးဖို့ နိုင်ငံတကာ အစိုးရအားလုံးကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်က တောင်းဆိုပါတယ်။ ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ကိုထိန်လင်း (ခေါ်) ကင်မ်က သတင်းစကားပြောကြားခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကတည်းက လက်ရှိအချိန်အထိ ၂နှစ်ကျော်ကြာ မိခင်ဖြစ်သူနဲ့ အဆက်အသွယ် မရခဲ့ဘဲ ထိန်းသိမ်းထားတဲ့ နေရာနဲ့ အခြေအနေများကို သိရှိခွင့်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်ဖမ်းဆီးထားခြင်းသာဖြစ်ပြီး စွဲချက်အားလုံးဟာလည်း လိမ်လည်မှုများသာဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်းက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ လက်ရှိစစ်ပွဲကို ဘယ်လိုမှ အနိုင်မရသည်မှာ ရှင်းလင်းကြောင်း ကိုထိန်လင်းက သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏သား
ဒေါ်အောင်ဆန်းစုကြည်၏သား

▪️ရန်ကုန်မြို့မှာ စစ်တပ်က ပန်းပန်သူအချို့ ဖမ်းဆီး၊ ပန်းဆိုင်အချို့ ပိတ်ခိုင်း

ရန်ကုန်မြို့ မြို့နယ်အချို့မှာ စစ်တပ်နဲ့ရဲများက ပန်းပန်ထားတဲ့ ပြည်သူအချို့ကို ဖမ်းဆီးခြင်းနဲ့ ပန်းဆိုင်အချို့ကို ပိတ်ခိုင်းခြင်းများ အဓမ္မပြုလုပ်နေတယ်လို့ မြို့ခံများက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ကမာရွတ်မြို့နယ် (၈) ရပ်ကွက် Junction Square ဧရိယာအနီးမှာ စစ်ကောင်စီဝင်များ ရောက်လာပြီး နှင်းဆီပန်းကိုင်ဆောင်လာတဲ့ အမျိုးသမီးငယ် သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကမာရွတ်မြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ (၂၀) ရပ်ကွက်အတွင်းရှိ စျေးတစ်ခုမှာလည်း စစ်သား၊ ရဲများနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပန်းသည်များကို အဓမ္မ စျေးသိမ်းခိုင်းခြင်း၊ ပန်းပန်ထားသူများကို ခြိမ်းခြောက်ပြောဆိုခြင်းတို့ လုပ်ဆောင်တယ်လို့ အဲဒီရပ်ကွက်ရှိ ပြည်သူအချို့က ပြောပါတယ်။ ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၈) နှစ်မြောက် မွေးနေ့ အဖြစ် တစ်နိုင်ငံလုံးရှိ ပြည်သူများက ပန်းသပိတ်ဆင်နွှဲခဲ့ပါတယ်။

မြေနီကုန်းလမ်းဆုံတွင် စစ်ကားများ ရပ်၍ စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံအဟောင်း အသုံးပြုထားသည်)
မြေနီကုန်းလမ်းဆုံတွင် စစ်ကားများ ရပ်၍ စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံအဟောင်း အသုံးပြုထားသည်)

▪️ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို PDF တပ်ရင်းတပ်ဖွဲ့များ ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

အမှတ်(၁) စစ်ဒေသ၊ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်းရှိ ရဲဘော်များကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအခမ်းအနားကို ‘ခွန်အားဖြည့်မိငယ်’ သီချင်း သီဆိုကာ ကျင်းပခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အကြမ်းဖက် စစ်အာဏာရှင်နဲ့ အပေါင်းအပါများရဲ့ ဥပဒေမဲ့စွာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပေမယ့် ကြောက်ရွံခြင်းအလျဥ်းမရှိ အခက်အခဲများစွာကို ခါးစည်းခံကာ ပြည်သူလူထုရဲ့ သဘောထားဆန္ဒများနဲ့အညီ တစ်ဖက်တစ်လမ်းမှ နိုင်ရာဝန်ကို ပါဝင်ထမ်းဆောင်နေတာကို လေးစားဦးညွှတ်ကြောင်း ထုတ်ပြန်ပါတယ်။

▪️မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခုကို CDF ဒီနေ့ ထပ်မံတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က ဒီနေ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက မင်းတပ်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနေရာနဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးအနီးရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို မင်းတပ် CDF က တိုက်ခိုက်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်က ပြောပါတယ်။ အထိအခိုက် အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ မင်းတပ် CDF စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်ကလည်း အခုသီတင်းပတ်အတွင်း မြို့ပေါ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

(မင်းတပ်မြို့ဝင်ဂိတ်တစ်ခုကို CDF ရဲဘော်များ သွားရောက်၍ စနိုက်ပါဖြင့် ချိန်ရွယ်ခဲ့သည်ကို ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL- Mindat)
(မင်းတပ်မြို့ဝင်ဂိတ်တစ်ခုကို CDF ရဲဘော်များ သွားရောက်၍ စနိုက်ပါဖြင့် ချိန်ရွယ်ခဲ့သည်ကို ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ – HKL- Mindat)

▪️ဖား​ဆောင်းတိုက်ပွဲ စစ်သား လေးဦးထက်မနည်း​သေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးတယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူက ​ပြောပါတယ်။ မနေ့ ညပိုင်းက ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့ပြီး ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်၊ Loikaw PDF နဲ့ EAO အဖွဲ့နှစ်ဖွဲ့ ပူးပါင်းထား​တဲ့ တော်လှန်ရေးရဲဘော်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေအရ တိုက်ပွဲ ဆက်ဖြစ်နေဦးမဘ်လို့ ဖားဆောင်း PDF တာဝန်ရှိသူက ပြောပါတယ်။

(ဖား​ဆောင်း PDF တပ်ဖွဲ့ဝင်အချို့)
(ဖား​ဆောင်း PDF တပ်ဖွဲ့ဝင်အချို့)

▪️ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းနဲ့တပ်စခန်းတစ်ခုကို PDF ပူးပေါင်းတပ်များ တပြိုင်နက် တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းနဲ့ စခန်းငယ်တစ်ခုကို PDF ပူးပေါင်းတပ်များမှ တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇွန်လ ၁၆ ရက်က ထားဝယ်အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းအတိုင်း အင်အား ၁၅၀ ခန့်နဲ့လာတဲ့ စစ်ကောင်စီတပ်ကို ထားဝယ်စုပေါင်းစစ်ကြောင်း၊ သြဥစစ်ကြောင်းစတဲ့ PDF ပူးပေါင်းတပ်များမှ လက်နက်ကြီး လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက အသိပေးပါတယ်။

▪️စစ်ကိုင်းမှာ စစ်တပ်က ဒီလအတွင်း နေအိမ် ၁,၅၀၀ ကျော် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဇွန်လဝက်အတွင်း ကျေးရွာ ၁၁ ရွာမှ နေအိမ် ၁,၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ဇွန်လဆန်းမှ ၁၇ ရက်အထိ လဝက်အတွင်း စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ ရွာမှ နေအိမ်ပေါင်း ၁,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကာ သာဇင်ရွာမှ အများဆုံးဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော် ပြာကျခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ အိမ်ခြေ ၁,၅၀၀ ကျော်ရှိတဲ့ ပဒူကျေးရွာကိုလည်း စစ်ကောင်စီတပ်က တပ်စွဲထားပြီး ရက်ခြား မီးရှို့ဖျက်ဆီးနေသည်မှာ ဆယ်ကြိမ်ထက်မနည်းရှိနေတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။