Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာနှစ် ခုအား CDF ယနေ့ ထပ်မံတိုက်ခိုက်

ယနေ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းပစ်နေသည် ဟု ဒေသခံက အသိပေးသည်။

(မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ မေလအတွင်းက စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - CDF မင်းတပ်)
(မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ မေလအတွင်းက စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - CDF မင်းတပ်)

ချင်းပြည်နယ် မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF)က ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံနှင့် မင်းတပ် CDF စစ်ဒေသမှူးတို့က အသိပေးသည်။

ယနေ့ (ဇွန်လ ၁၉ရက်) နံနက်ပိုင်းက မင်းတပ်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနေရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးအနီးရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို မင်းတပ် CDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အတိအကျ မသိရသေးဟု ဒေသခံသတင်းရင်းမြစ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားအသိပေးသည်။

ယင်းနှင့်ပတ်သက်ပြီး မင်းတပ် CDF စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်ကို ဆက်သွယ်မေးမြန်းရာ ယခုတစ်ပတ်အတွင်း မြို့ပေါ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ပြောသည်။

“တိုက်ပွဲသတင်းအတိအကျကို မြေပြင်ကနေ သတင်းမပို့သေးပါဘူး။ ကျနော်တို့ အနေနဲ့ မြို့အနီးအနားတွေကို ချဉ်းကပ်နေတာဆိုတော့ တိုက်ပွဲဖြစ်တာက မထူးဆန်းတော့ဘူး။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းကို မြို့တွင်းမှာ ထိတွေ့တိုက်ပွဲ ၄ခါဖြစ်ပါတယ်”ဟု ဆလိုင်းနိုင်းတမ်က ယနေ့နေ့လည်ပိုင်းတွင် ပြောသည်။

ယနေ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းပစ်နေသည် ဟု ဒေသခံက အသိပေးသည်။

ထို့အပြင် ဇွန်လ ၁၁ရက်နှင့် ၁၃ရက်ကလည်း မင်းတပ်မြို့အဝင်ဂိတ်ကို CDF ရဲဘော်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။