Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ကရင်နဲ့ ပြည်သူတစ်ရပ်လုံးကို ပိုထိရောက်တဲ့ကာကွယ်မှုပေးဖို့ တပ်ဖွဲ့ဝင်များကို KNU ဥက္ကဋ္ဌ အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့အနေနဲ့ ကရင့်အမျိုးသားများရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ ကရင်အမျိုးသားများရဲ့ နိုင်ငံရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးကို ပိုမိုထိရောက်တဲ့ ခုခံကာကွယ်မှုများကို လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ အခြေအနေများဟာ မိမိတို့နိုင်ငံ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေးအခြေနေများနဲ့မတူဘဲ လုံး၀ခြားနားနေတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဒီနေ့ ကျရောက်တဲ့ (၇၄)နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်နေ့ သဝဏ်လွှာပေးဖို့ ဖော်ပြပါတယ်။ စစ်အာဏာရှင်နဲ့ အာဏာရှင်များကို ခုခံတော်လှန်နေကြတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်ရမယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်ဖန်တီးနိုင်မယ့်အခွင့်လမ်းကောင်းတွေရှိနေတယ်လို့ KNU ဥက္ကဋ္ဌ အသိပေး
ကိုယ်ပိုင်ပြဌာန်းခွင့်ဖန်တီးနိုင်မယ့်အခွင့်လမ်းကောင်းတွေရှိနေတယ်လို့ KNU ဥက္ကဋ္ဌ အသိပေး

▪️ရန်ကုန်ရှိ စစ်ရေးပစ်မှတ် ခြောက်နေရာကို မဟာမိတ် အဖွဲ့များ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်မြို့ ခရိုင်လေးခုအတွင်းရှိ စစ်ရေးပစ်မှတ် ခြောက်နေရာကို မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ Freeland Attack Force-FLA မှ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခု၊ ထောက်တိုင် ဦးစီးဌာနသုံးခု၊ ပြည်သူကို အနိုင်ကျင့်စစ်ဆေးရေးလုပ်နေတဲ့ နေရာတစ်ခုတို့ကို ဗုံး ၁၂ လုံး အသုံးပြုဖောက်ခွဲတိုက်ခိုက်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိပြီး လှိုင်သာယာနဲ့ သန်လျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ရန်ကုန်မြို့၌ သွားလာနေသော စစ်ကောင်စီတပ်​၏ ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့၌ သွားလာနေသော စစ်ကောင်စီတပ်​၏ ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ကရင်နီပြည်နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေ

ကရင်နီပြည်နယ်သို့ စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေတယ်လို့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ လေယာဥ်နဲ့သော်လည်းကောင်း၊ ယာဥ်တန်းအစုလိုက်လည်းကောင်း ဝင်ရောက်လာတာလို့ ဆိုပါတယ်။ တပ်မ (၄၄)၊တပ်မ (၅၅) ၊တပ်မ (၇၇)ရဲ့ လက်အောက်ခံတပ်ရင်း ခြောက်ခုထက်မနည်း ကရင်နီသို့ ထပ်မံဝင်ရောက်လာတာ ကရင်နီစစ်ဖက်ရေးရာ သတင်းရင်းမြစ်က ပြောပါတယ်။ တော်လှန်ရေးကာလအတွင်း မြို့တစ်မြို့လုံးကို ပထမဆုံးထိန်းချုပ်နိုင်ခဲ့တဲ့ ဖြစ်စဥ်ကြောင့် ကရင်နီဒေသတွင်းမှာ ကျန်ရှိသော နေရာများကို ထိန်းချုပ်နိုင်ဖို့ ဒါမှဟုတ် မယ်စဲ့မြို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေတာလို့ သိရပါတယ်။

(စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်သို့ ​လေ​ကြောင်းအသုံးပြု၍ စစ်သားများကိုသယ်​ဆောင်​ခဲစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်သို့ ​လေ​ကြောင်းအသုံးပြု၍ စစ်သားများကိုသယ်​ဆောင်​ခဲစဥ်။ဓါတ်ပုံ-CJ)

▪️KIO ဌာနချုပ်အနီး နန်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ် အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြု ထိုးစစ်ဆင်နေတယ်လို့ ကချင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ နန်ဆန်ယာန်ရွာမှာ ဇူလိုင် ၃ ရက်ကစလို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများစစ်ဘေးရှောင်နေကြရပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားအချို့ထိခိုက်ခဲ့တယ်လို့ နန်ဆန်ယာန်ဒေသခံတစ်ဦးက ပြောပါတယ်။ နန်ဆန်ယာန်ဘက်သို့ စစ်ကောင်စီတပ်စစ်ကြောင်းများ ထိုးစစ်ရေးလှုပ်ရှားနေခြင်းဟာ မြစ်ကြီးနား-ဗန်းမော်လမ်းကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းမှုလို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

▪️ကရင်နီပြည် ဇွန်လအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ၅၀ ခန့်သေ

ကရင်နီပြည်နယ်မှာ ဇွန်လအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်မှ ၅၀ ခန့်သေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှားတောတို့မှာ တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပြီး မယ်စဲ့၊ ဖားဆောင်းနဲ့ ရွာသစ်မြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တို့မှာလည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အတွင်းသို့ တိုက်လေယာဉ်များနဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများရဲ့ နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်ဆီးမှုရှိခဲ့ပြီး စာရင်းအတိအကျကို KNDFက ပြုစုနေဆဲဖြစ်ပါတယ်။ ကနဦးစုစည်းထားတဲ့ အချက်အလက်များအရ အရပ်သားပြည်သူ ၂၃ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ သတ်ဖြတ်ခံရသူတွေထဲ ဆယ်နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး သုံးဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

(မ​ယ်စဲ့မြို့စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများနှင့် KNDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF၊ CJ)
(မ​ယ်စဲ့မြို့စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများနှင့် KNDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF၊ CJ)

▪️မုံရွာနမခ ​ရှော့တိုက်ဒုံးနဲ့အပစ်ခံရ၊ စစ်တပ်​ရေယာဥ်လည်း တိုက်ခိုက်ခံရ

မုံရွာမြို့မှာ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( မုံရွာနမခ)ဝန်း​ ရှော့တိုက်ဒုံးနဲ့ ​ပစ်ခတ်တိုက်ခိုက်ခံရပြီး ချင်းတွင်းမြစ်အတွင်းမှာလည်း ဖြတ်သန်းလာတဲ့ စစ်ကောင်စီရေယာဥ်နဲ့ စစ်အုပ်စုအထိအခိုက်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းက မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ ၁၀၇ မမ ​ရှော့တိုက်ဒုံး သုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ နမခအတွင်းရှိ လစရ၆(လက်နက်စစ်ဆေးရေးအဖွဲ့)နဲ့ အလုပ်ရုံ ၈ တို့ ထိမှန်ပြီး အထိအခိုက်များတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီအင်အားအများအပြားလိုက်ပါလာတဲ့ အမြောက်ပါ ရေယာဥ်တစ်စီးနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုများ မုံရွာမြို့နယ်ရှိ မြစ်ကြောင်းတစ်နေရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

▪️ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုအတွက် KNUရဲ့ တပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာလို့ ပုလော-KPDF ပြော

ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ကာ စစ်အာဏရှင်ကို အမြစ်ပြတ်ချေမှုန်းရာမှာ ပိုမိုအင်အားတောင့်တင်စေဖို့ ရည်ရွယ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်အောက်ခံတပ်ခွဲတစ်ခုအဖြစ် ပြောင်းလဲရပ်တည်လိုက်တယ်လို့ မြိတ်ခရိုင် ပုလောမြို့နယ်အခြေစိုက် ပုလော-KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပုလော-KPDFကို ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီ ၃ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ရာမှ ဇူလိုင် ၁ ရက်ကစလို့ KNUလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့ KNDO အမှတ်(၇)တပ်ရင်း၊ တပ်ခွဲ (၅)အဖြစ် ပြောင်းလဲခဲ့တာပါ။ နောက်ပြီး အာဏာရှင်ကို အပြီးပိုင်တိုက်ထုတ်ဖို့၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ပိုမိုအင်အားတောင့်တင်းမှု အားကောင်းလာစေဖို့နဲ့ ကော်သူးလေနယ်မြေ ပြန်လည် ထိန်းချူပ်နိုင်ဖို့ ပြောင်းလဲလိုက်တာလို့ ပုလော-KPDFမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(ပုလော-KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပုလော-KPDF)
(ပုလော-KPDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ပုလော-KPDF)

▪️ရေဖြူရဲစခန်းပြန်လာတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးကို PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး

မလွဲတောင်စစ်ဆေးရေးဂိတ်မှ ရေဖြူမြို့မရဲစခန်းသို့ ပြန်လာတဲ့ စစ်ကောင်စီ​ လက်ပါးစေ ရဲတပ်ကြပ်ကြီးတစ်ဦးကို လမ်းပိုင်းစစ်ဆေးစဥ် လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ထားဝယ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂ ရက်က မလွှဲတောင်စုပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်ပြီးလို့ ရေဖြူမြို့မရဲစခန်းပြန်လာတဲ့ ရဲတပ်ကြပ်ကြီးဇော်မင်းဦးဆိုသူဟာ ပြည်သူနဲ့ရောပြီး ကားနဲ့ ပြန်လာတဲ့ သတင်းရလို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီ ရဲတပ်ကြီးကို စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

(ရဲတပ်ကြပ်ကြီးဇော်မင်းဦးအား PDF ပူးပေါင်းတပ်များက ဖမ်းဆီးခေါ်ဆောင်လာစဥ်။ ဓာတ်ပုံ-ပေးပို့)
(ရဲတပ်ကြပ်ကြီးဇော်မင်းဦးအား PDF ပူးပေါင်းတပ်များက ဖမ်းဆီးခေါ်ဆောင်လာစဥ်။ ဓာတ်ပုံ-ပေးပို့)

▪️ရွှေဘိုမှာ စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးအပါအဝင် လူငယ်နှစ်ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက် သတ်ပစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွှေဘို – ကျောက်မြောင်းလမ်းပေါ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားသော PDF ရဲဘော်တစ်ဦးအပါအဝင် လူငယ်နှစ်ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဇူလိုင် ၁ ရက်က ရွှေဘိုမြို့နယ်၊ ရွှေဘိုကျောက်မြောင်းလမ်းသို့ ကင်းပုန်းယူစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းအတွင်းလူသားဒိုင်းအဖြစ်ခေါ်ဆောင်လာတဲ့ လူငယ်နှစ်ဦးကို ပြန်လည်ဆုတ်ခွာချိန်မှာ သတ်ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။ လူငယ်နှစ်ဦးအနက် တစ်ဦးမှာ Myanmar Defense Force – Shwebo မှ တပ်ဖွဲ့ဝင် ရဲဘော်ဟိန်းဝေအောင်(ခ)စပိ ဖြစ်ပြီး ဇွန်လ ၂၄ ရက်က ဖမ်းဆီးခံခဲ့ရတာလို့ MDF-Shwe Bo ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် Myanmar Defense Force – Shwebo၏ ရဲဘော်ဟိန်းဝေအောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - MDF)
(စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် Myanmar Defense Force – Shwebo၏ ရဲဘော်ဟိန်းဝေအောင်အား တွေ့ရစဥ်။ ဓာတ်ပုံ – MDF)