Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်အုပ်စုကို တကျော့ပြန်တော်လှန်ခဲ့တဲ့ ကရင်နီ ကလလတ တပ်ဖွဲ့ကို စံနမူနာယူဖို့ ချင်းတပ် CNF တိုက်တွန်း

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ပြည်သူ့တော်လှန်ရေး ပြန်လည်ဆင်နွှဲလာခြင်းအပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး ကလကတကို စံနမူနာယူဖို့ တိုက်တွန်းလိုက်ပါတယ်။ ကလလတဟာ စစ်အုပ်စုရဲ့ မြန်မာ့နိုင်ငံရေးအပေါ် ရပ်တည်ချက် သဘောထားအမှန်ကို သိရှိပြီး အခုလို စစ်အုပ်စုကို တကျော့ပြန် တော်လှန်တိုက်ပွဲဝင်လာခဲ့တာကို စံနမူနာယူလျက် စစ်အုပ်စုနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ကြဖို့ နဲ့ စစ်အာဏာရှင် ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူ့ဘက်မှ ရပ်တည်ပြီး ပူးပေါင်းပါဝင်ကြဖို့ CNF က ဖော်ပြပါတယ်။

(ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁မတ်လ ၁၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူများကို ဝန်းရံပေးနေသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၁မတ်လ ၁၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ဒီး​မော့ဆိုမြို့နယ်ရှိ စစ်​ဘေး​ရှောင်စခန်းကို စစ်​ကောင်စီတပ် ​လေယာဥ်နဲ့ ဗုံးကြဲ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဒီနေ့ မနက်အ​စောပိုင်းမှာ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချခဲ့လို့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူသုံးဦး ဒဏ်ရာရရှိတယ်လို့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် DMO-Local PDF က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီး​မော့ဆိုမြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများရဲ့ စစ်ရှောင်စခန်းတစ်နေရာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ တိုက်လေယာဥ်နဲ့ ပေါင် ၅ဝဝ ဗုံးနှစ်လုံး၊ ပေါင် ၁ဝဝ ဗုံး နှစ်လုံး လေးကြိမ်တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့တာပါ။

(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)
(စစ်​​ကောင်စီတပ် ဗုံးကြဲချခဲ့​သော ​နေရာနှင့် အပျက်အစီးများကို ​တွေ့ရစဥ်။ဓါတ်ပုံ-DMO-PDF)

▪️သိမ်ဇရပ်ရှိ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ် ပစ်ခတ်ရာ စစ်ကောင်စီတပ် နှစ်ဦးသေ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ KNLA နယ်မြေခံတပ်မှူးက ပြောပါတယ်။ မနေ့ မနက်ပိုင်းက သိမ်ဇရပ် စက္ကူစက်ရုံအနောက်နားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ ပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ပျူစောထီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မှူးက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Getty Image)
(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Getty Image)

▪️KNU တပ်မဟာ(၁)နယ်မြေ သုံးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၂၀ခန့် သေဆုံးဟု NUG ကာကွယ်ရေးအသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေများဖြစ်တဲ့ မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်းနဲ့ ကျိုက်မရောမြို့နယ်များရှိ စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိများပြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က အသိပေးထုတ်ပြန်ပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှာ စစ်ကောင်စီ ယာဥ်နှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ သုံးဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတ​ယ်။ ဘီးလင်းမြို့နယ် ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ သံတံတား စစ်ဆေးရေးဂိတ်နဲ့ ကျိုက်ထိုဘက်မှ ဘီးလင်းဘက်သို့ ဆင်းလာတဲ့ ယာဥ်ငါးစီးပါ ရန်သူ့ယာဉ်တန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

(စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားသည့် ဖောက်ခွဲခံရသည့် ကျုံအိတ်တံတားတံတားအား တွေ့ရစဥ်။ ဓာတ်ပုံ - cincds)
(စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားသည့် ဖောက်ခွဲခံရသည့် ကျုံအိတ်တံတားတံတားအား တွေ့ရစဥ်။ ဓာတ်ပုံ – cincds)

▪️ရေစကြို ခလရ(၂၅၆)တပ်တွင်းသို့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ(၂၅၆) တပ်တွင်းသို့ ပခုက္ကူမြို့မှ တပ်မမှူး အစည်းအဝေးလာလုပ်မယ်လို့ သတင်းရလို့ အဲဒီတပ်တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က ပြောပါတယ်။ မနေ့ နေ့ခင်းက ရေစကြိုမြို့နယ် ခလရ (၂၅၆)တပ်ထဲကို လက်နက်ကြီးများ၊ ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်တဲ့ လက်နက်ကြီးများ တပ်ထဲသို့ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪️စစ်တပ်တပ်စွဲရာ​ နေရာမှ စစ်သားအ​လောင်းအချို့တွေ့ရှိ၊ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်တိုက်ပွဲမှာ အထိနာ ဆုတ်ခွာသွားခဲ့တဲ့ စစ်ကောင်စီတပ်စွဲတဲ့ နေရာများကို နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား အလောင်းများကို တွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ ရရှိတယ်လို့ HPDF-124 တာဝန်ရှိသူက ပြောပါတယ်။ တပ်ကြပ်ကြီးအဆင့်ရှိ အလောင်းနှစ်လောင်းနဲ့ ပြည်သူ့စစ်ရှမ်းနီ(SNA) တပ်သား အလောင်းတစ်လောင်းကို မနေ့က နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။ မောင်းပြန်သေနတ် နှစ်လက်နဲ့ ခဲယမ်းအချို့ရရှိတယ်လို့ ရုပ်သံဖိုင်နဲ့တကွထုတ်ပြန်ပါတယ်။

▪️စစ်ကိုင်းနယ်ရှိ တလိုင်းရွာကို စစ်တပ်က စီးနင်းပစ်ခတ်ရာ ရဲဘော်ငါးဦးကျဆုံး၊ ပြည်သူတွေရဲ့ နေအိမ် ၁၀၀ကျော် မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ တလိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ပြည်သူ့ရဲဘော် ငါးဦးကျဆုံးပြီး နေအိမ် ၁၀၀ ကျော်ကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောပါတယ်။ ဇူလိုင် ၂ ရက် မနက်အစောပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ တလိုင်း(ထီးလှိုင်)ရွာကို အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များက ပြန်လည်ခုခံခဲ့ရာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိသလို ပြည်သူ့ရဲဘော် ငါးဦးလည်းကျဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တလိုင်းရွာအရှေ့ပိုင်းမှ စတင်ကာ မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ ကျော် ပြာကျခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

(တလိုင်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(တလိုင်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ရေယာဥ်နှစ်စီး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းမှ မုံရွာမြို့သို့ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ရေယာဥ်နှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညပိုင်းက ချင်းတွင်းမြစ်အတိုင်း အမြင့်မြို့ဟောင်းမှဆန်လာတဲ့ စစ်ကောင်စီရဲ့ အမြန်ရေယာဥ်နဲ့ ဖလက်ခွန်စက်လှေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ရေယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများကလည်း စက်သေနတ်များ၊ လက်နက်ကြီးများနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

(ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ချင်းတွင်းမြစ်အတွင်း မောင်းနင်လာသည့် စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ချင်းတွင်းမြစ်အတွင်း မောင်းနင်လာသည့် စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)