Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လိုင်လင်းပီမြို့ တိုက်ပွဲ စစ်ကောင်စီတပ် ၄ဦးသေ၊ ဒဏ်ရာရသူများရှိဟု CDF MARA ​ပြော

CDF-MARA အနေဖြင့် ယခင်ကလည်း လိုင်လင်းပီတစ်ဝိုက်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ထို့ပြင် ဒေသတွင်း ချင်းတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများလည်းရှိသည်။

(CDF-Mara တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)
(CDF-Mara တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၄ဦးသေဆုံးကာ၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်-မာရာ(CDF-MARA)မှ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောသည်။

ဇူလိုင် ၈ရက် မွန်းလွဲပိုင်းက CDF-MARA ထိန်းချုပ်နယ်မြေ ဖြစ်သော အမှတ်(၃)တပ်ရင်းနယ်မြေ လိုင်လင်းပီမြို့ပေါ်တွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်လို့ပါ။ စကစ ဖြုတ်ချရေးက အဓိက မို့လို့ပါ” ဟု CDF-MARA ပြောရေးဆိုခွင့်ရှိသူက လိုင်လင်းပီမြို့ပေါ် စစ်ရေးဆောင်ရွက်ချက်အပေါ် ပြောသည်။

တိုက်ပွဲဖြစ်ရခြင်းမှာ စစ်ကောင်စီက ပြည်သူများအား ခြိမ်းခြောက်ခြင်း၊နှောက်ယှက်ခြင်း၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသန်းပစ်ဖောက်ခြင်း ပြုလုပ်နေ၍ဖြစ်သည်ဟုလည်းCDF-Maraကထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်ခဲ့၍ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးကာ နေအိမ် ၂လုံး မီးလောင်ပြာကျခဲ့သည်ဟု ​ဖော်ပြထားသည်။

CDF-MARA အနေဖြင့် ယခင်ကလည်း လိုင်လင်းပီတစ်ဝိုက်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ထို့ပြင် ဒေသတွင်း ချင်းတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများလည်းရှိသည်။

“စစ်ကူအနေနဲ့တော့ မတူပီဘက် Zotong နယ်ဘက် ၊ ဟားခါး-ထန်တလန်ကြား(တီးမစ်လွင်ပြင်)ဘက်ဆိုပြီး နယ်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေကိုတော်တော်များများ ကူညီခဲ့တယ်။” ဟုအထက်ပါပြောရေးဆိုခွင့်ရှိသူက ဆက်​ပြောသည်။

ပြည်သူများအနေဖြင့် စစ်ရေးသတင်း အမြဲသတိရှိရန်နှင့် လိုအပ်ပါက ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် CDF-MARAက တိုက်တွန်းထားသည်။