“စစ်ရေးကလည်း နယ်မြေဒေသအသီးသီးမှာ ပေါင်းစပ်ပြီး မကြာခင်မှာ အောင်မြင်မှုက ရလာမှာ သေချာပါတယ်” KNU သတင်းရင်းမြစ်
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ယခု ၂၀၂၃ ခုနှစ် ပထမ (၆) လအတွင်း တိုက်ပွဲပေါင်း ၂၅၀၀ ခန့်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀၀ ကျော်သေဆုံးခဲ့သည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။
ဇန်နဝါရီ (၁) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ KNU လက်အောက်ခံတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၄၉၅)ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး (၅)ဦး၊ ဒုရင်းမှူး (၅)ဦး၊ ဗိုလ်ကြီး (၉)ဦး၊ ဗိုလ် (၄)ဦး၊ အရာခံဗိုလ် (၅)ဦး အပါအဝင် စုစုပေါင်း (၂၆၃၂) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
ထို့ပြင်ဒုရင်းမှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆၈၅) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ထုတ်ပြန်သည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ဆင်ရေးအတွက် အသုံး ပြုသော မော်တော်ယာဉ် (၉၉)စီး ပျက်စီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့၏ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၇၆)ဦး မြင့်မြတ်စွာအသက်ပေးလှူ ခဲ့ရပြီး (၂၅၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။
KNUနယ်မြေများ၌ တိုက်ပွဲများ နေ့စဉ် မပြတ် ဖြစ်ပွားလျှက်ရှိပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကိုကျုးလွန်နေကြောင်း ဖော်ပြသည်။
ထိုသို့ ကျူးလွန်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင်ဦးရေ ၆ သိန်း နီးပါး ရှိလာပြီး စစ်ဘေးရှောင်ပြည်သူလူထုများမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံနေရကြောင်း၊ ယင်းစစ်ရှောင်များအနက် လူဦးရေ ထက်ဝက်ခန့်ကို KNUမှ လိုအပ်သည်များကူညီထောက်ပံ့နိုင်ခဲ့ကြောင်း အသိပေးထားသည်။
ယခုအချိန်ကာလသည် မိုးရာသီ ဖြစ်သည့်အလျှောက် စစ်ဘေးရှောင်ပြည်သူလူထုများအတွက် နေရာထိုင်ခင်းအတွက် အမိုးအကာများ နှင့် စားနက်ရိက္ခာ မလုံလောက်မှု အခက်
အခဲများကို ရင်ဆိုင်ကြုံတွေ့ နေရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား လိုအပ်လျက် ရှိကြောင်း ထုတ်ပြန်သည်။
KNU အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ယခင်က မြေပြင် ပြောက်ကျားနည်းဖြင့် စစ်ကောင်စီကို အဓိက တိုက်ခိုက်ရသော်လည်း ယခုအခါ ဒရုန်းများ အ
သုံးပြုပြီး စစ်ကောင်စီကို ပိုမိုဖိအားပေးတိုက်ခိုက်လာနိုင်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
“အခုက ကျနော်တို့ ဒရုန်းပညာနဲ့ မြှင့်တင်တဲ့အခါ တချို့နေရာကျတော့ လူကိုယ်တိုင် မသွားဘဲနဲ့ ဒရုန်းနဲ့ပဲစစ်ဆင်တာမျိုးတွေပိုများလာတာပေါ့။ ပိုများလာတဲ့အပေါ်မှာ ထိရောက်မှုကလည်း ရှိတာပေါ့။
အရင်တုန်းက မြေပြင်ပြောက်ကျားနဲ့ပေါ။ အခုကတော့ ကောင်းကင်ကနေပြောက်ကျားနည်းနဲ့ပေါင်းစပ်ပြီး ပူးတွဲပြီးတပြိုင်တည်းတိုက်ခိုက်တဲ့အခါKNU နယ်မြေဆိုသော်ငြားလည်း ကျနော်တို့တစ်ဖွဲ့လည်းမဟုတ်ဘူး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးတွဲပြီးတစ်ပြိုင်တည်း ဆင်နွှဲတဲ့အခါ ပိုထိရောက်တာပေါ့။” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ရှေ့အလားအလာ စစ်ရေးအခြေအနေမှာ တော်လှန်ရေးအင်အားစုများ ဘက်က ပို၍ နယ်မြေတိုးချဲ့လာနိုင်မည်ဖြစ်သည်ဟုဖော်ပြထားသည်။
“မွန်ပြည်နယ် တနင်္သာရီတိုင်းတွေမှာပိုပြီးတော့အခြေချနိုင်ပြီ။ပဲခူး၊ကရင်နီနယ်စပ်မှာလည်းကျနော်တို့ စစ်ရေးလှုပ်ရှားတာ တိုးချဲ့နိုင်တာပေါ့။ ဒါက ကျနော်တို့နယ်မြေတစ်ခုတည်းမဟုတ်ပါဘူး ။ချင်းပြည်နယ်တို့ မကွေးတို့ စစ်ကိုင်းတို့မှာလည်း စစ်ရေးနယ်မြေပိုတိုးချဲ့လာနိုင်တာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့်ခံစစ်အနေအထားဖြင့် ရင်ဆိုင်နေရပြီဖြစ်ပြီး ၎င်းတို့အနေဖြင့် လေကြောင်းကိုသာ အားထားနေကြရသည်ဟုဆိုသည်။ လေကြောင်း တိုက်ခိုက်ရာတွင်လည်း တော်လှန်ရေးရဲဘော်များအား ထိခိုက်ခြင်းထက် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြင့် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုကျူးလွန်လာနေသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။
“ပြောချင်တာက ပြည်သူလူထု စိတ်ဓာတ်မကျဖို့ပေါ့။ တော်လန်ရေးအဖွဲ့အစည်းက သူ့ကဏ္ဍနဲ့သူပေါ့ ဥပမာ ဆန္ဒပြတဲ့ ပုံစံတွေ ဆက်ဆောင်ရွက်နိုင်သလို စစ်ရေးကလည်း နယ်မြေဒေသအသီးသီးမှာ ပေါင်းစပ်ပြီး မကြာခင်မှာ အောင်မြင်မှုက ရလာမှာ သေချာပါတယ်လို့ ပြောချင်ပါတယ်” ဟု KNU သတင်းရင်းမြစ်က ပြောကြားသည်။