မန္တလေးကျောက်ဝိုင်းမှာ အရောင်းအဝယ် ပြုလုပ်မယ့် သူတွေအနေနဲ့ ပွဲစားတွေပါမကျန် ကျောက်သမားတွေ အားလုံး လုပ်ငန်းလိုင်စင်ပြုလုပ်ဖို့ စစ်ကောင်စီက ဖိအားပေးလာတယ်လို့ စုံစမ်းသိရပါတယ်။
ကျောက်ဝိုင်းမှာ ကျောက်အရိုင်း၊ အချောထည်နဲ့ လက်ဝတ်ရတနာတွေ ကို ရောင်းဝယ်ကျသူတွေအနေနဲ့ လုပ်ငန်းလိုင်စင်လုပ်ကြဖို့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီး သတိပေးစာ ကပ်လာတာပါ။
လုပ်ငန်းလိုင်စင်ပြုလုပ်မယ်ဆိုရင်လည်း ၁ ဦးကို ကျပ် ၈ သောင်းကနေ ကျပ် ၁သိန်း ဝန်းကျင်ကုန်ကျ နိုင်တယ်လို့လည်းကျောက်သမားအချို့က ပြောပြပါတယ်။
လက်ရှိမှာတော့ ကျောက်ကုမ္ပဏီတွေသာ လိုင်စင်နဲ့ လုပ်ကိုင်ကြပြီး သာမန်ကျောက်အရောင်းအဝယ်သမားနဲ့ပွဲစားတွေဟာ ကျောက်ဝိုင်းထဲကို စည်ပင်ရဲ့ ဝင်ခွင့်ကဒ်နဲ့သာ ဝင်ရောက်လုပ်ကိုင်နေကြတာပါ။
စစ်ကောင်စီရဲ့သတိပေးချက်မှာတော့ လိုင်စင်မရှိဘဲ ကျောက်အရောင်းအဝယ်လုပ်တာ ၊ လက်ဝယ်ထားတာ ၊ သယ်ယူပို့ဆောင်တာ ၊ လွှဲပြောင်းတာတွေလုပ်ရင် ကျောက်မျက်ဥပဒေ ပုဒ်မ ၅၁ အရ ထောင်ဒဏ် ၁ နှစ်က ၃ နှစ်ထိချနိုင်တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း မန္တလေး ကျောက်ဝိုင်းမှာအရောင်းအဝယ်မလုပ်ဘဲ ပြင်ပ နေရာတွေမှာ အရောင်းအဝယ်လုပ်လို့ဆိုပြီး ဝင်ရောက်စီးနင်းကာ လူ ၃၀၀ ခန့်ကို ဖမ်းဆီး ထောင်ချတာတွေ စစ်ကောင်စီက ပြုလုပ်ထားတာရှိပါတယ်။