Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NCAကို စွဲကိုင်ထားဆဲဟု စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် ရှမ်းတပ် RCSS ကြေညာ

မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီနှင့်ထိတွေ့ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသည့် RCSSက ၎င်းတို့၏ ခြောက်လပတ် အစည်းအဝေးထုတ်ပြန်ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ခေါင်းဆောင်တို့ ၂၀၂၂ မေလက တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - စကစ)
(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ခေါင်းဆောင်တို့ ၂၀၂၂ မေလက တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - စကစ)

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အနေဖြင့် ယနေ့ကာလအထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၏ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ်ကြောင်း RCSSက ယနေ့ ထုတ်ပြန်ကြေညာသည်။

မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီနှင့်ထိတွေ့ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသည့် RCSSက ၎င်းတို့၏ ခြောက်လပတ် အစည်းအဝေးထုတ်ပြန်ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

NCA သည် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်သာမက ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU)၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်၍ NCAသည် တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းမှတဆင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင် ပြောင်းလဲရန် ဖြစ်သော်လည်း အလျှော့အတင်း မလုပ်နိုင်သမဖြင့် NCA အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ခဲ့ဟု ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် NCA လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားသည့် အခြေအနေကို ဖော်ပြခြင်းမပြုဘဲ NCAကို ကိုင်စွဲထားဆဲဖြစ်ကြောင်း RCSSက ထုတ်ပြန်ပြီး တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရမည်ဖြစ်၍ အဖက်ဖက် အနေဖြင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းကြောင်း ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်များက ဩဂုတ် ၁၀ရက် သတင်းစာရှင်းလင်းပွဲတွင် NCA မရှိတော့ကြောင်း အတိအလင်း ကြေညာခဲ့သည့် အခြေအနေတွင် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

“NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁)အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့ အခန်း(၁)က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာမရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ပြောကြားချင်ပါတယ်”ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားထားသည်။

NCA အခန်း(၁) အခြေခံမူတွင် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန်ဟု ဖော်ပြထားသော်လည်း စစ်ကောင်စီတပ်က လက်နက်အားကိုးဖြင့် ရွေးကောက်ခံ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း NCAကို မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုးခဲ့သော်လည်း အာဏာသိမ်းလိုက်သည့်နေ့ကစ၍ NCA အဆုံးသတ်သွားပြီဖြစ်ကြောင်း၊ စစ်အာဏာရှင် ကျရှုံးရေးအတွက်ပဲ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။

“တစ်ခုပဲရှိတာက အဲဒီအပေါ်မှာ ဆက်ပြီးတော့ လုပ်သွားလို့ရသေးပါတယ်ဆိုတဲ့ အဖွဲ့တွေကလည်း ရှိသေးတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ မပြောလိုပါဘူး။ ကျနော်တို့ ရှင်းရှင်းလင်းလင်းမြင်တာကတော့ အင်မတန် မဲမှောင်လှတဲ့ မဟူရာညကြီးထဲမှာ ကိုယ့်မျက်လုံးကို ပိတ်(ပိတ်စ)နဲ့တစ်ခါတည်း စည်းထားပြီးတော့ လျှောက်သွားနေတဲ့ လူပုံစံနဲ့ အရမ်းတူတယ်။ဘာဖြစ်လို့လည်း ဆိုတော့ ရှေ့မှာ ခလုတ်တိုက်မလား၊ ရှေ့မှာ ချောက်ထဲ ကျမလား၊ ရှေ့မှာ သစ်ပင်နဲ့ ပြန်တိုက်မိမလားဆိုတာ ဘာမှ မမြင်ဘဲနဲ့ လျှောက်သွားနေတဲ့ လူတွေနဲ့အတူတူပဲ”ဟု ပဒိုစောတောနီးက People’s Spring သို့ ဖြေကြားထားသည်။

RCSSခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်အနေဖြင့် အာဏာသိမ်းစကာလတွင် စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ပြည်သူနှင့်အတူ ရပ်တည်မည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုနှင့် ဆွေးနွေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကို အပြစ်ဆိုဝေဖန်ခြင်းများ ပြုလုပ်ခဲ့သည်။

ယခု RCSS၏ ထုတ်ပြန်ချက်တွင်လည်း ၎င်းနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် တအာင်းတပ်မတော်(TNLA)ကို ရှမ်းမြောက် မူဆယ်ဒေသရှိ ရှမ်းဧကရာဇ်လက်ထက် ရှေးဟောင်းမြို့ရိုးအား ဖျက်ဆီးသည်ဟု စွပ်စွဲဖော်ပြခဲ့သည်။ TNLA၏ လုပ်ရပ်က ပြည်သူလူထုများအား မကျေနပ်မှု နာကြည်းမှုများဖြစ်ပေါ်စေပြီး ရှမ်းတိုင်းရင်းသားများအကြား ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည်ဟု ဖော်ပြခဲ့သည်။

TNLA၏ ဩဂုတ် ၁၈ရက် ထုတ်ပြန်ရှင်းလင်းချက်တွင် ၎င်းတို့အနေဖြင့် ရှေးဟောင်းမြို့ရိုးအားဖျက်ဆီးခြင်းမပြုကြောင်း၊ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ စစ်ဆေးရေးဂိတ်ဖွင့်လှစ်သည့်နေရာကိုသာ ဘော်ဒိုဇာဖြင့် မြေထိုးရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။ TNLA တပ်များ ရှင်းလင်းခဲ့သည့်နေရာသည် ရှေးဟောင်းမြို့ရိုးနှင့် မီတာ ၃၀ခန့်ဝေးကြောင်းလည်း မြေပုံနှင့်တကွ ထုတ်ပြန်ထားသည်။