Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️NCAကို စွဲကိုင်ထားဆဲဟု စစ်ကောင်စီနှင့် ဆွေးနွေးနေတဲ့ ရှမ်းတပ် RCSS ထုတ်ပြန်

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဟာ ဒီနေ့ကာလအထိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ရဲ့ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ်တယ်လို့ RCSSက ဒီနေ့ ထုတ်ပြန်ပါတယ်။ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီနှင့်ထိတွေ့ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေတဲ့ RCSSဟာ ၎င်းတို့ရဲ့ ခြောက်လပတ် အစည်းအဝေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်များက ဩဂုတ် ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီတပ်ဟာ NCA ရဲ့နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းခြေဖျက်ဆီးလိုက်တာကြောင့် NCA ကို လိုက်နာဖို့ အကြောင်းမရှိတော့ဘူးလို့ အတိအလင်း ကြေညာခဲ့ပါတယ်။

(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ခေါင်းဆောင်တို့ ၂၀၂၂ မေလက တွေ့ဆုံနေစဥ်။ ဓာတ်ပုံ - စကစ)
(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ခေါင်းဆောင်တို့ ၂၀၂၂ မေလက တွေ့ဆုံနေစဥ်။ ဓာတ်ပုံ – စကစ)

▪️TNLAနဲ့ စစ်ကောင်စီ တစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ ဩဂုတ် ၁၉ ရက်က တစ်ရက်တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်နဲ့ လားရှိုးမြို့နယ် အတွင်းမှာ တိုက်ပွဲများဖြစ်ပွားပြီး တိုက်ပွဲမှာ ထိခိုက်သေဆုံး အခြေအနေရှိ၊ မရှိကို ဖော်ပြမထားပါဘူး။ TNLA တပ်မဟာ(၄)စစ်ဒေသ လားရှိုးမြို့နယ်မှာ TNLA တပ်ရှိရာ သိန္နီမြို့သို့ ကားနှစ်စီးဖြင့် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ နောက်ပြီး ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာမှ တအာင်းတပ်မတော် ရှိရာသို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ စကခ(၁၆)၊ ခလရ (၂၄၂)တပ်နဲ့လည်း မန်ပန်အနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွတ်ခိုင်မြို့မှ နမ့်ဖက်ကာသို့ ကား ၂၁ စီးဖြင့် ပစ္စည်းများတင်ဆောင်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်း နဲ့ TNLA တို့ ထိပ်တိုက်တွေ့ကာ နှစ်ဖက် အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

(TNLA တပ်ဖွဲ့ဝင်များကိုစစ်ရေးပြအခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။ ။ဓါတ်ပုံ-The New York Times)
(TNLA တပ်ဖွဲ့ဝင်များကိုစစ်ရေးပြအခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။ ။ဓါတ်ပုံ-The New York Times)

▪️ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတိုက်ပွဲ ပြန်ဖြစ်နေဟုဆို

ကရင်နီပြည်နယ် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတိုက်ပွဲ ပြန်လည်စတင်နေပြီလို့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆမတန်အသုံးပြုနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်ဟာ ဒီလဆန်းကစလို့ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်ခဲ့ပေမယ့် နှစ်ပတ်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများအပါအဝင် ၇၁ ဦး သေဆုံးပြီး လက်နက်ကြီး၊လက်နက်ငယ် ၁၆ လက်ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားပါတယ်။

(ဒီးမော့ဆို PDF မှရဲဘော်များအားညရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - ဒီးမော့ဆို PDF)
(ဒီးမော့ဆို PDF မှရဲဘော်များအားညရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – ဒီးမော့ဆို PDF)

▪️ထီးချိုင့်မြို့နယ် ကွင်းကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၉ ဦးသေ၊ ဒီနေ့တိုက်ပွဲဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ထီးချ်ိုင့်မြို့နယ် ကွင်းကြီးကျေးရွာအနီး မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော် တစ်ဦးက ပြောပါတယ်။ ကွင်းကြီးရွာအနီး တောင်ရိုးမှာ အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ပိတ်မိနေစဉ် တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ကူသုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်မှာ တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၄၀ ခန့်ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးထားကာ ကွင်းကြီး၊ ရေထွက်တောနဲ့ ကျောက်မှော်ကျေးရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံများကပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ – PS)

▪️ရန်ကုန်တိုင်း PDF တပ်ရင်း နှစ်ရင်းထပ်မံတိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်​နေ

ရန်ကုန်တိုင်းအတွက် PDFတပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းထားပြီး​နောက် တပ်ရင်းနှစ်ရင်း ထပ်မံတိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်ထားတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝကပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အာဏာရူးကို အမြစ်ဖြတ်သုတ်သင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး ထိုက်သင့်တဲ့အရွေ့တစ်ခုကို ရောက်ရှိနေကာ အိမ်ပြန်လမ်းကို ချဥ်းကပ်နိုင်ပြီလို့ ရဲဘော်ဒေဝက ရှင်းပြပါတယ်။ တပ်ရင်း ၅၁၀၁ ဟာ ရန်ကုန်နဲ့ အနီးဆုံးမှာ ရှိနေပြီး မြို့ပြသို့ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တပ်ရင်း ၅၁၀၁ တပ်ရင်းမှူး ရဲဘော် ဩကာသက ပြောပါတယ်။

(ရန်ကုန်တိုင်း စစ်​ဒေသ PDF တပ်ရင်း ၅၁၀၁ မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ရန်ကုန်တိုင်း​စစ်​ဒေသ)
(ရန်ကုန်တိုင်း စစ်​ဒေသ PDF တပ်ရင်း ၅၁၀၁ မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ရန်ကုန်တိုင်း​စစ်​ဒေသ)

▪️ကချင်ဒေသသို့ စစ်ကောင်စီတပ် ရေကြောင်းမှ လက်နက်ခဲယမ်းများ ဖြည့်တင်းဖို့ ကြိုးပမ်း

ကချင်ပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်ဟာ လက်နက်ခဲယမ်း၊ ကျည်များနဲ့ ရိက္ခာများကို ရေကြောင်းမှတဆင့် သယ်ဆောင်ဖြည့်တင်းဖို့ ဆောင်ရွက်နေရာ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗန်းမော်မြို့သို့ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အရပ်သားများကို အသုံးပြုပြီး စစ်သုံးပစ္စည်းများ သယ်ဖို့ စီစဥ်နေတယ်လို ကချင်ဒေသ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ကချင်ပြည်နယ် ကေအိုင်အိုဌာနချုပ်ရှိရာ နမ့်ဆန်ယန်နဲ့ လိုင်ဇာဒေသ ထိုးစစ်ဆင်နေတဲ့နယ်မြေသို့ လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာများဖြည့်တင်းဖို့ ဩဂုတ် ၃ ရက်ကတည်းက မန္တလေး ဂေါ်ဝိန်ဆိပ်ကမ်းမှ စစ်သင်္ဘော ၉ စီးဖြင့် ကချင်ပြည်နယ် ဗန်းမော်ဘက်သို့ ဧရာတီမြစ်ကြောင်းအတိုင်းဆန်တက်ခဲ့ရာ အဲဒီသင်္ဘောများအားလုံး သြဂုတ် ၁၉ ရက် နေ့ခင်းမှာ ဗန်းမော်ဆိပ်ကမ်းသို့ ရောက်ရှိကမ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

▪️နှစ်သောင်းတန်ငွေစက္ကူ ပုလဲမြို့နယ်အတွင်းအသုံးပြုခွင့်မပေးဟု မြို့နယ်(ပအဖ) ထုတ်ပြန်

စစ်ကောင်စီ ထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အသုံးပြုခွင့်မပေးဘူးလို့ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့(ပအဖ)က သတိပေးထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စိုးမိုးနယ်မြေဖြစ်တဲ့ ပုလဲမြို့နယ်အတွင်း နှစ်သောင်းကျပ်တန်ငွေစက္ကူများကို ငွေကြေးလဲလှယ်ခြင်း၊ ဖြန့်ဝေခြင်း၊ ကုန်စည်အရောင်းအဝယ်ပြုလုပ်ခြင်း၊ သုံးစွဲခြင်းတို့ကို လုံးဝ(လုံးဝ) ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ တရားမဝင် ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း မနေ့က ထုတ်ပြန်ပါတယ်။ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ တရားရေးဌာနတို့က ဩဂုတ် ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ကြေညာတာလို့ သိရပါတယ်။

နှစ်သောင်းတန်ငွေစက္ကူ ပုလဲမြို့နယ်အတွင်းအသုံးပြုခွင့်မပေးကြောင်း မြို့နယ်(ပအဖ) ထုတ်ပြန်
နှစ်သောင်းတန်ငွေစက္ကူ ပုလဲမြို့နယ်အတွင်းအသုံးပြုခွင့်မပေးကြောင်း မြို့နယ်(ပအဖ) ထုတ်ပြန်

▪️မုံရွာမြို့မှာ စစ်ဆေးငွေတောင်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ဆေးငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ Golden Eagle Force-Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောပါတယ်။ မနေ့ မနက်က မုံရွာမြို့၊ ပြ​ည်ထောင်စုလမ်းမကြီးပေါ်မှာ ပြည်သူများကို စစ်ဆေးငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်သား ငါးဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)