Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အကြမ်းဖက်အဖွဲ့ကို ပြည်သူကပိုသိဟု KIA တာဝန်ရှိသူတုန့်ပြန်

ပြည်သူများဟာ ဘယ်အဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို ပိုမိုသိရှိတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီက မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက “မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖျက်အဖွဲ့ နဲ့ နိုင်ငံရေး မဆွေးနွေးဘူးလို့ပြောသွားတယ်၊ မှန်ပါတယ် မဆွေးနွေးတာကောင်းပါတယ်။ဘယ်အဖွဲ့က အကြမ်းဖျက်အဖွဲ့ ဆိုတာပြည်သူလူထုပဲပိုသိမှာပါ”လို့ ဒီနေ့ တုန့်ပြန်ရေးသားပါတယ်။ စစ်ကောင်စီဟာ ပြည်သူလူထုကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ဒေသအသီးသီးမှာ အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့ခြင်း၊ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ခြင်းစသည်တို့ကို ပုံစံမျိုးစုံဖြင့် ကျူးလွန်နေပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️လူထု ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ဝေသုံးစွဲနေတယ်လို့ NUG ကာကွယ်ရေး အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူလူထုကြီးရဲ့ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ကျက် ပို့ဆောင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ ပို့ဆောင်ထားတဲ့ ဒရုန်းများဟာ ရှေ့တန်းစစ်မြေပြင်များမှာ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချိရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီလို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒရုန်းလက်ရုံးတပ်သားများရဲ့ စစ်ရေးလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများကိုလည်း ဒီနေ့ ထုတ်ပြန်ဖော်ပြပါတယ်။

လူထု၏ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်း အစင်းရေ ၄၀၀ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိဟု NUG ကာကွယ်ရေး အသိပေး
လူထု၏ထောက်ပံမှုဖြင့် PDF တပ်ရင်းများထံ ဒရုန်း အစင်းရေ ၄၀၀ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိဟု NUG ကာကွယ်ရေး အသိပေး

▪️ထီးချိုင့်တိုက်ပွဲ စစ်​ကောင်စီ စစ်​ကြောင်းမှူး​သေဆုံးပြီး တပ်ခွဲမှူး တစ်ဦးအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ဒီရက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး သေဆုံးသွားပြီး တပ်ခွဲမှူးတစ်ဦးကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းမိထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်များက ပြောပါတယ်။ ထီးချိုင့်မြို့နယ် ကွင်းကြီးရွာအနီး ရောက်ရှိလာတဲ့ အင်အား ၆၀ ခန့်ရှိ​ စစ်ကောင်စီတပ်စစ်ကြောင်းကို ဩဂုတ် ၂၀ ရက် နဲ့ ဩဂုတ် ၂၁ ရက်တို့မှာ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့တာလို့ ဆိုပါတယ်။ ဩဂုတ် ၂၁ ရက်တိုက်ပွဲမှာ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီစစ်ကြောင်းဟာ ကွင်းကြီးရွာနဲ့ တဆက်တည်းဖြစ်တဲ့ ကျောက်မှော်ရွာသို့ ရောက်ရှိလာပြီး ဒေသခံ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-ထီးချိုင့်PDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-ထီးချိုင့်PDF)

▪️ဒီးမော့ဆိုမှာ စစ်ကောင်စီက တပ်ရင်း ၁၁ ရင်းအထိ အသုံးပြုထိုးစစ်ဆင်နေဟု KNDF ပြော

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီက တပ်ရင်း ၁၁ ရင်းအထိ အသုံးပြု ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာအမှတ် (၆) စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။ ခံစစ်အသွင်ဖြင့် ရင်ဆိုင်နေရပြီး ပြန်လှန်ထိုးစစ်ဆင်နိုင်ဖို့ “ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” ကျပ်သိန်းတစ်သောင်းရရှိရေး ကမ်ပိန်းကို ဒီနေ့ စတင်လိုက်ကြောင်း ကြေညာပါတယ်။ အဲဒီကမ်ပိန်းမှ ရရှိလာသမျှကို ကျည်ဖြည့်တင်းမှာ ဖြစ်ပြီး ခုခံစစ်မှ တိုက်စစ်များဖွင့်မယ်လို့ ခူးရီးဒူက အသိပေးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ
စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ

▪️မိုးကောင်းမြို့မှာ စစ်ကောင်စီတပ်ယာဉ် ပစ်ခတ်ခံရပြီး နှစ်ဦးသေဟုဆို

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ စစ်ကောင်စီတပ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး သေနတ်နှစ်လက်ပါရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မိုးကောင်းအထက်တန်းကျောင်းရှေ့ စစ်ကောင်စီတပ်ယာဥ်ကို အနီးကပ်ပစ်ခတ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးက ဆိုင်ကယ်ဖြင့် လာပစ်ခတ်သွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားတယ်လို့ မိုးကောင်းမြို့ထွေအုပ်ရုံးမှ ဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။

(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးလှည့်လည်နေသော ယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးလှည့်လည်နေသော ယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️မြင်းမူမှာ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့လို့ ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦး ထိမှန်​သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့လို့ ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦးကို ထိမှန်ကာ သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ သြဂုတ် ၂၁ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာသို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်များဟာ ​မူးမြစ်အနောက်ဘက် မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာဘက်သို့ လက်နက်ကြီး သုံးလုံး အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးင​ယ်မှာ ခြေထောက်နှစ်ဖက်လုံးပြတ်သွားပြီး ခါးပေါက်ဒဏ်ရာဖြင့် သေဆုံးခဲ့ရတယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

(ယမန်နှစ်အတွင်းက စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ကိုင်း-မြင်းမူနယ်စပ်က ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ယမန်နှစ်အတွင်းက စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ကိုင်း-မြင်းမူနယ်စပ်က ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)