Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၆)တွင် စစ်ကောင်စီ လေကြောင်းမှ အင်အားဖြည့်တင်းမှု တိုက်ခိုက်ရေး ရဟတ်ယာဉ်၏အကာအကွယ်ဖြင့် ပို့ဆောင်နေရ

စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ပစ်ခတ်မှုကြောင့် ထိမှန် ပျက်စီးသွားသော ခရစ်ယာန်ဘုရားကျောင်းနှင့် ပေါင် ၅၀၀ လေယာဥ် ဗုံးသီးအပိုင်းအစများ။ ဓာတ်ပုံ - KNU

ဝင်းမောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်အနေဖြင့် စစ်အင်အားဖြည့်တင်းခြင်း၊ ပစ္စည်းများ ပို့ဆောင်ရာတွင် တိုက်ခိုက်ရေးရဟတ်ယာဉ် အသုံးပြုအကာအကွယ်ယူပြီး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် ပို့ဆောင်နေရသည်ဟု KNUက ထုတ်ပြန်သည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ နို့တကော(ကြာအင်းဆိပ်ကြီး) မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှု အခြေအနေကို KNU က ယမန်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ထီးသဘျုခီး ကျေးရွာအနီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ကွီလုံးတိုင် တပ်စခန်းသို့ ပစ္စည်းများ လာရောက်ပို့ဆောင်နိုင်ရန် စစ်ကောင်စီတပ်က အောက်တိုဘာ ၄ရက်တွင် မော်လမြိုင်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးဖြင့် ကွီလုံတိုင် စခန်းအနီးတဝိုက်ပတ်ဝန်းကျင်များအား နယ်မြေလုံခြုံရေး နှင့် ရှင်းလင်းရေးအဖြစ် လှည့်ပတ် လုံခြုံရေးယူခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ လုံခြုံရေယူထားစဉ် နေပြည်တော်မှတက်လာသည့် တိုက်လေယာဉ် တစ်စီးမှ ကွီးလုံးတိုင်စခန်းအနီးရှိ ထီးသဘျုခီး ကျေးရွာမှ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအား ပေါင် (၅၀၀) ဗုံးသီး တစ်လုံးဖြင့် လာရောက်ရောက် ပစ်ချခဲ့ကြောင်း၊ သို့သော် အဆိုပါ ဗုံးသီးမှာ ပေါက်ကွဲခြင်း မရှိပဲ အလုံးလိုက်ပြုတ်ကျကာ ဘုရားကျောင်း၏ သွပ်မိုးနှင့် ဘေးအကာ မှန်သားတစ်ချို ထိမှန်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ တိုက်ခိုက်သည့် တစ်ချိန်တည်းတွင် မော်လမြိုင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တတက်လာသည့် Mi-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် ကွီလုံတိုင်တပ်စခန်းသို့ အထုပ်အပိုးပစ္စည်းများအား လေထီများဖြင့် စခန်းအတွင်း ပစ်ချပေးခဲ့သည်ဟု ဖော်ပြထားသည်

အောက်တိုဘာ ၃ရက်ကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နှင့် Mi-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များဖြင့် ဒူးပလာယာခရိုင်အတွင်း သုံးကြိမ်လာရောက်ခဲ့သည်ဟု ဆိုသည်။

ပထမအကြိမ်မှာ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာသို့ တပ်မမှူး မျိုးဆက်အောင်အား လာရောက်ပို့ဆောင်ကာ တပ်သားတစ်ချို့ (အရေအတွက်စုံစမ်းဆဲ) နှင့် လစာများကို မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပျံသန်း လုံခြုံရေးယူထားစဉ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့အခြေစိုက် ကျိုက်ဒုံ ဗျူဟာမှူးအသစ်တစ်ဦး ဖြစ်သော အောင်ကျော်စိုးနှင့်အတူ တပ်သား ၁၀ဦးအား မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် လည့်ပတ်ပျံသန်း လုံခြုံရေးယူထားစဉ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အောက်တိုဘာ ၃ရက်ညနေပိုင်းတွင်လည်း ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဘုရားသုံးဆူမြို့ အခြေစိုက် နဂါးတောင်ပင်မကုန်းတပ်စခန်းသို့ တပ်သား ၁၂ဦးအား မော်လမြိုင် မှ တက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လည့်ပတ် ပျံသန်းလုံခြုံရေးယူထားစဉ် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။

KNU လက်အောက်ခံတပ်ဖွဲ့များသည် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခြင်း၊ စစ်ကြောင်းများကို တိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်ခဲ့သည်။ အဆိုပါ ဒေသကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်လှုပ်ရှားနေသည့် အခြေအနေတွင် စစ်ကောင်စီတပ်အနေဖြင့် ယင်းဒေသရှိ ၎င်းတို့၏ တပ်များသို့ ယခုကဲ့သို့ လေကြောင်းမှ အင်အားဖြင့်ခြင်း၊ ပစ္စည်းများပို့ဆောင်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။