Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ်တွင် စစ်တပ်က ပြည်သူ နှစ်ဦးဖမ်းဆီးသတ်ဖြတ်

ဒီဇင်ဘာ ၃၀ ရက် ညကလည်း ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ၊ စက်ရုံရှိ အမျိုးသမီးအလုပ်သမား တစ်ဦးနှင့် အမျိုးသားအလုပ်သမား ၅ ဦး စုစုပေါင်း ပြည်သူ ၇ဦးအား ပစ်သတ်သွားခဲ့သည်။

ဆင်ရာရွာနှင့် မြစ်ကမ်းကျေးရွာများအား စစ်တပ်က မီးရှို့ဖျက်ဆီး​ခဲ့စဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး
ဆင်ရာရွာနှင့် မြစ်ကမ်းကျေးရွာများအား စစ်တပ်က မီးရှို့ဖျက်ဆီး​ခဲ့စဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူ နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၇ရက်) နံနက် ၃နာရီခန့်က မတ္တရာမြို့ပေါ်မှ စစ်ကောင်စီတပ်သည် ဖောကား(၄)စီး၊ အိမ်စီးကားတစ်စီးဖြင့်ထွက်လာပြီး မြို့ဒင်ကျေးရွာ၊ ဆင်ရာကျေးရွာ၊ မြစ်ကမ်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် မြို့ဒင်ကျေးရွာနေ အသက် (၅၈)အရွယ် ဦးလှထွန်းနှင့် သဲဖြူချောင်းကျေးရွာနေ အသက် (၃၈)အရွယ် ကိုဝင်းမင်းထွန်းတို့အား ဖမ်းဆီးသတ်ဖြတ်သွားကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အင်အား (၉၀)ခန့်ပါမယ်။ စစ်ကြောင်းဝင်တာ ပြည်သူနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ ဆင်ရာကျေးရွာရဲ့အနောက်ဘက် လယ်ကွင်းပြင်မှာ သတ်ဖြတ်ခဲ့တယ်လို့ သိရတယ်။”ဟု မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာများမှ တန်ဖိုးကြီးပစ္စည်းများအား သိမ်းယူသွားပြီးဆင်ရာကျေးရွာ၌ အိမ်ခြေ (၂)လုံး၊ မြစ်ကမ်းကျေးရွာ၌ အိမ်ခြေ(၈)လုံး စုစုပေါင်း နေအိမ်(၁၀)လုံး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် မီးရှို့လုယက် သတ်ဖြတ်ပြီးနောက် မတ္တရာမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၅ရက်က မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာ၌ PDF ရဲဘော် နှစ်ဦးကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်က စကားပင်ကျေးရွာအနီး၌ PDF ရဲဘော် သုံးဦးနှင့် အသက်မပြည့်သေးသည့် ကလေးသုံးဦးအပါအဝင် ပြည်သူ ငါးဦးတို့အားလည်းကောင်း သတ်ဖြတ်သွားခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် မတ္တရာနယ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ မကြာခဏ ကျူးလွန်ခဲ့ပြီး ၂၀၂၃ နိုဝင်ဘာ ၁၆ ရက်က မတ္တရာ​မြို့နယ်၊ အောင်ကံသာရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အား စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်အတွင်းရှိ ပြည်သူ ၁၁ ဦးနှင့် အခြားနေရာ၌ နှစ်ဦး စုစုပေါင်းတစ်ရက်တည်း ပြည်သူ ၁၃ဦး သေဆုံးခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၁၈ ရက်တွင်လည်း မတ္တရာမြို့နယ်အရှေ့ပိုင်း၊ သရက်ကိုင်းရွာအနီးတွင်လည်း စစ်တပ်က စစ်ရှောင်အမျိုးသား ခြောက်ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများအား စွန့်ပစ်သွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၃၀ ရက် ညကလည်း ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ၊ စက်ရုံရှိ အမျိုးသမီးအလုပ်သမား တစ်ဦးနှင့် အမျိုးသားအလုပ်သမား ၅ ဦး စုစုပေါင်း ပြည်သူ ၇ဦးအား ပစ်သတ်သွားခဲ့သည်။

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး နေအိမ်အများအပြားအား မီးရှို့ခြင်း၊ ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများအား စစ်တပ်က ကျူးလွန်လျက်ရှိသည်။