Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာအမှတ်(၁)ရဲစခန်းအချုပ်၌ အမှုမဖွင့်ဘဲ တစ်နှစ်ခန့်ကြာချုပ်နှောင်ထားသည့် နိုင်ကျဥ်းအပါအဝင် အကျဥ်းသား ၂၀၀ခန့်ရှိနေ

အချုပ်ခန်း သုံးခန်းအတွင်း ချုပ်နှောင်ခံထားရသူများတွင် အသက်မပြည့်‌ သေးသည့် ကလေးသူငယ် ၂၀ ပါဝင်ကြောင်း PPNMက ဆိုသည်။

(မုံရွာအမှတ်(၁)ရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာအမှတ်(၁)ရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ်(၁)ရဲစခန်း၌ အမှုမဖွင့် တရားရုံးတင်ပို့ခြင်းမရှိဘဲ တစ်နှစ်ခန့်ကြာ ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၂၀၀ ခန့်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

မုံရွာမြို့အမှတ်(၁)ရဲစခန်းရှိ အချုပ်ခန်းများတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၂၀၀နှင့် အခြားရာဇဝတ်မှုဖြင့် ချုပ်နှောင်ခံထားရသူ အကျဉ်းသား၊အကျဉ်းသူ ၁၅၀ခန့် ရှိကြောင်း၊ ၎င်းတို့အနက် ဖေဖော်ဝါရီ ၂၇ရက်အထိ တစ်နှစ်ကြာ အမှုမဖွင့် တရားရုံးမပို့ဘဲ ဥပဒေမဲ့ ချုပ်နှောင်ခံထားရသူ အကျဉ်းသား ၂၀၀ခန့်ရှိနေ‌ကြောင်း PPNMက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် အချုပ်ခန်း သုံးခန်းအတွင်း ချုပ်နှောင်ခံထားရသူများတွင် အသက်မပြည့်‌ သေးသည့် ကလေးသူငယ် ၂၀ ပါဝင်ကြောင်း PPNMက ဆိုသည်။

အမှတ်(၁)ရဲစခန်းအတွင်း အချုပ်ကျနေသူများမှာ အကျဉ်းထောင်များထက်ပင် ပိုမိုဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံနေကြရပြီး အသက်ရှင်သန်ပိုင်ခွင့်နှင့် ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်များပင် အာမခံချက်မရှိဘဲ စိုးရိမ်စိတ်များဖြင့်နေထိုင်နေရသည်ဟု PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမှတ်(၁)ရဲစခန်း အချုပ်ဆောင်တွင် အကျဉ်းသားများသည် အစားအသောက်နှင့် ဆေးဝါးစောင့်ရှောက်ခွင့်၊ ဧည့်တွေ့ခွင့်များ ဆုံးရှုံးနေသည်ဟု PPNMက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

“လက်ရှိ မုံရွာရဲစခန်းအချုပ်ခန်းတွေထဲမှာ အကျဥ်းသားအကျဥ်းသူတွေက မတရားဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ အပြစ်တစုံတရာကျူးလွန်တယ်ဆိုတာကို စွပ်စွဲပုဒ်မအတပ်ခံထားရခြင်းမရှိဘဲနဲ့ ကာလရှည်ကြာ အချုပ်ခန်းတွေထဲမှာထည့်ထားတာ လုံးဝမဖြစ်သင့်ဘူး။ ရဲတွေရဲ့တာဝန်သည် ဖမ်းဆီးရမိတဲ့လူတစ်ယောက်ကို စွပ်စွဲချက်နဲ့တရားရုံးမှာ တရားလိုအနေနဲ့ လျှောက်ထားရတယ်။ အဲဒီလျှောက်ထားချက်အပေါ်မှာ တရားသူကြီးကလက်ခံရင်တော့ သူတို့ကိုအမှုရင်ဆိုင်ဖို့ ထောင်တွေကိုပို့ရမယ်။ အချုပ်ခန်းမှာလည်း ခဏတာထားလို့ရတယ်။ အကျဥ်းသားတော်တော် များများသည် တရားရုံးတွေကို ထွက်ခွင့်မရဘဲနဲ့ ဥပဒေမဲ့ချုပ်နှောင်ခံနေရတာကို စိုးရိမ်မိတယ်။အကျဥ်းထောင်တွေမှာတောင် လူ့အခွင့်အရေးချိုးဖောက်မှုရှိတဲ့အခါမှာ အချုပ်ခန်းနဲ့ရဲစခန်းမှာရှိတဲ့ အချုပ်သားအချုပ်သူတွေဟာ ပိုပြီးစိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေရတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းများဖြစ်သည့် ဗိုလ် ကျော်ဝင်းထွန်း ၊တာဝန်မှူး ဝေဝေမြင့်၊မို့မို့လွင်နှင့် ဂတ်စာရေးချစ်ညိုညိုတို့သည် အမျိုးသမီးအချုပ်ခန်းများအား အမြဲလာရောက်၍ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်နေဆဲဖြစ်ကြောင်းလည်း ထပ်မံအသိပေးသည်။

“တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့စစ်သားတွေ အဝင်၊ အထွက်ရှိတယ်။ရဲတပ်ဖွဲ့ဝင်တွေလည်း ရှေ့တန်းလိုက်ပြီးမှပူးပေါင်းပါဝင်ဆောင်ရွက်နေရတဲ့အခါမှာ ပင်ပန်းမှု၊ခက်ခဲမှု၊ အဆင်မပြေမှုတွေအားလုံးက အဲဒီအချုပ်ခန်းတွေမှာရှိတဲ့ အချုပ်သားအချုပ်သူတွေအပေါ်မှာ အမြဲတမ်းဆူပူငေါက်ငန်းမှုတွေရှိတယ်။ ခေါ်ယူစစ်ဆေးမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ အဲဒီအချုပ်ခန်းတွေထဲမှာ ရှိနေတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

မုံရွာမြို့ပေါ်၌ အာဏာသိမ်းစစ်တပ်သည် ပြည်သူများအား နေ့စဥ်ဖမ်းဆီးငွေညှစ်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။