Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမည့် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ အစီအစဉ်ကို တန်ပြန်ရန် တော်လှန်ရေးအင်အားစုများ ဘုံကြေညာချက်ထုတ်ပြန်

လူထုလူတန်းစားအသီးသီး၏ လူထုလှုပ်ရှားမှုများအား ထုနှင့်ထည်နှင့်(mass movement) အရှိန်မြှင့်တင်ရန် အရေးတကြီး လိုအပ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများအချင်းချင်း ချိတ်ဆက်၍ အများပြည်သူ ဦးဆောင်နိုင်သည့် နိုင်ငံရေးအန်တုလှုပ်ရှားမှုများအား အရှိန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဘုံသဘောထားကြေညာချက်၌ ဖော်ပြသည်။

(ဖေဖော်ဝါရီလကုန်ပိုင်းက ကျောင်းသားလူငယ်များကို စစ်အုပ်စုက စစ်မှုမထမ်းမနေရ ဥပဒေအကြောင်း ဝါဒဖြန့်နေစဉ်။ ဓာတ်ပုံ - စကစ)
(ဖေဖော်ဝါရီလကုန်ပိုင်းက ကျောင်းသားလူငယ်များကို စစ်အုပ်စုက စစ်မှုမထမ်းမနေရ ဥပဒေအကြောင်း ဝါဒဖြန့်နေစဉ်။ ဓာတ်ပုံ - စကစ)

စစ်အာဏာရှင်စနစ်တရပ်လုံး အမြစ်ပြတ် ချေမှုန်းနိုင်ရေး ဆက်လက်အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟုဆို

ယန်းဒီ/People’s Spring

ပြည်သူလူထုအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမည့် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ အစီအစဉ်နှင့် စပ်လျဉ်းသည့် ဘုံသဘောထား ကြေညာချက်ကို တော်လှန်ရေးအင်အားစုများက ထုတ်ပြန်လိုက်ပြီး စစ်အာဏာရှင်စနစ်တရပ်လုံး အမြစ်ပြတ် ချေမှုန်းနိုင်ရေး လုပ်ငန်းများကို လူမျိုးပေါင်းစုံ ပြည်သူလူထုနှင့်အတူတကွ ဆက်လက် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု အသိပေး ဖော်ပြသည်။

အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု၏ အတင်း အဓမ္မစစ်မှုထမ်းခိုင်းစေမှုအစီအစဉ် အကောင်အထည် မဖော်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများက သွေးစည်းညီညွတ်သော ညှိနှိုင်းဆောင်ရွက်မှုအားဖြင့် လူထုလှုပ်ရှားမှု၊ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် နည်းလမ်းပေါင်းစုံအသုံးပြုကာ စစ်အာဏာရှင်စနစ်တရပ်လုံး အမြစ်ပြတ် ချေမှုန်းနိုင်ရေး လုပ်ငန်းများအား လူမျိုးပေါင်းစုံ ပြည်သူလူထုနှင့်အတူတကွ ဆက်လက် အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု တော်လှန်ရေးအဖွဲ့အစည်း(၄၁)ဖွဲ့က ဘုံသဘောထား ထုတ်ပြန်သည်။

“စစ်အုပ်စုက လူထုကြားထဲမှာ ကသောင်းကနင်းဖြစ်စေချင်တယ်။ သူတို့ကို တော်လှန်မယ့်သူတွေကို ဖိနှိပ်တဲ့လုပ်ရပ်တွေကို အားလုံးဝိုင်းဝန်းဆန့်ကျင်ကြရမယ်လို့ ကျွန်မတို့က မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက်များပြားတဲ့အရေအတွက်ရှိတဲ့ လူတွေကို နိုင်ငံထဲကနေ ထွက်ခွာတာပဲဖြစ်ဖြစ်၊ တစ်နေရာရာကို သွားလာတာပဲဖြစ်ဖြစ် အဲဒီလိုလုပ်ဖို့က အင်မတန်ခက်ခဲတဲ့ အခြေအနေဖြစ်တယ်။ ဒါကို ကျွန်မတို့ လက်မခံဘဲ ဆန့်ကျင်ကြ၊ တော်လှန်ကြရမှာဖြစ်တယ်” ဟု စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ(GSC)မှ ဒေါ်နှင်းနှင်းမွှေးက ပြောသည်။

လူထုလူတန်းစားအသီးသီး၏ လူထုလှုပ်ရှားမှုများအား ထုနှင့်ထည်နှင့်(mass movement) အရှိန်မြှင့်တင်ရန် အရေးတကြီး လိုအပ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများအချင်းချင်း ချိတ်ဆက်၍ အများပြည်သူ ဦးဆောင်နိုင်သည့် နိုင်ငံရေးအန်တုလှုပ်ရှားမှုများအား အရှိန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဘုံသဘောထားကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်အုပ်စု၏ ဖိနှိပ်မှုကို ဆန့်ကျင်ပြီး အရပ်သားအဖြစ်သာ နေထိုင်လိုသူများအား စစ်အုပ်စု၏ အန္တရာယ်နှင့် ကင်းဝေးရာ အရပ်ဒေသများသို့ ပြောင်းရွေ့အခြေချနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို တော်လှန်ရေးအင်အားစုများက တတ်အားသရွေ့ ကူညီနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကြားတွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အသိပေးသည်။

ထို့အပြင် လူမျိုးပေါင်းစုံတော်လှန်ရေးအဖွဲ့အစည်းများ၏ နယ်မြေများသို့ ရောက်ရှိလာသည့် ပြည်သူများအနေဖြင့် မူရင်းနေထိုင်သူများနှင့်အတူ တသားတည်း သွေးစည်းညီညွတ်စွာ ရှင်သန်ရပ်တည်ကြရမည်ဖြစ်ပြီး ရေရှည် စားဝတ်နေရေးနှင့် အသက်ရှင် ရပ်တည်ရေးအတွက် ပြည်သူများနှင့်အတူ တော်လှန်ရေးအဖွဲ့အစည်းများက ရင်ဆိုင် ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

လူမျိုးပေါင်းစုံဒေသများ တိုးတက်ဖွံ့ဖြိုးလာရေးအတွက် ပါဝင်လိုသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများကိုလည်း သက်ဆိုင်ရာ တော်လှန်ရေး ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ကမ်းလှမ်း ဖိတ်ခေါ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မစစ်မှုထမ်းခိုင်းစေခြင်းခံရသူများကို စနစ်၏ သားကောင်များအဖြစ် မှတ်ယူပြီး စစ်ကောင်စီလုပ်ရပ်များကို တန်ပြန်နိုင်ရေးအတွက် လိုအပ်သည့် နည်းနာနှင့် ရင်းမြစ်များကို ထောက်ပံ့ နိုင်ရန်ကြိုးပမ်းသွားမည်ဟု ဘုံသဘောထားကြေညာချက်၌ ဖော်ပြသည်။

“ဒီလိုအမိန့်တွေ၊ အာဏာတွေကို ကျွန်မတို့က လက်မခံဘဲနဲ့ အကုန်လုံးက ဝိုင်းဝန်းတိုက်ဖျက်ကြဖို့လိုတယ်။ နိုင်ငံတကာအနေနဲ့လည််း ဒါတွေက စစ်တပ်ကနေ မတရားလုပ်နေတဲ့ ကိစ္စတွေဖြစ်တယ်။​ အခုအခြေအနေက ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေဖြစ်တယ်။ အဲဒါကို အုပ်စုတစ်စုက သူ့ဆီမှာ ရှိတဲ့ အမိန့်အာဏာတွေကို သုံးပြီး ကျန်တဲ့ပြည်သူတွေကို၊ ဒီစစ််ပွဲမှာ မပါဝင်လိုသော၊ အခြေအနေ အကြောင်းကြောင်းကြောင့် မပါဝင်လိုသူများကို အတင်းအဓမ္မ စစ်သားစုဆောင်းမယ်ဆိုတာ ဘယ်လိုမှ မလုပ်သင့် မလုပ်အပ်တယ်ဆိုတာကို သဘောပေါက် နားလည်ပြီးတော့ နိုင်ငံကို မတရားဖိနှိပ်နေတဲ့ စစ်အုပ်စုကို နိုင်ငံရေးအရ၊ စစ်ရေးအရ၊ သံတမန်ရေးအရ ဝိုင်းဝန်းပြီး ဖိအားပေးကြဖို့၊ တော်လှန်ရေးဘက်က အင်အားစုတွေကို အကူအညီပေးကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ဒေါ်နှင်းနှင်းမွှေးက မှတ်ချက်ပြုသည်။