▪︎လေတပ်အရာရှိ ၅ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိဟု တိုက်ခိုက်ခဲ့သော BWM မှတာဝန်ရှိသူပြော
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွက် အဓိကနေရာတစ်ခုဖြစ်သည့် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်း ၇ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိသည်ဟု ကနဦး သိရကြောင်း ယင်းစစ်ဆင်ရေးကို လုပ်ဆောင်သည့် Brave Warriors For Myanmar အဖွဲ့မှတာဝန်ရှိသူကပြောသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/01/PSA_Jan22-scaled.jpg?resize=880%2C107&ssl=1)
Public Service Announcement
“နိုင်ငံတဝှမ်း အရှိန်အဟုန်ကောင်းလာတဲ့ တော်လှန်ရေးကို အဓိက ဖြိုခွင်းနေတဲ့ စစ်ကောင်စီလေတပ်က ကျနော်တို့ရဲ့အဓိကပစ်မှတ်ဖြစ်ပါတယ်၊ လေတပ်ပြိုရင် ကျနော်တို့တော်လှန်ရေးနိုင်ပြီမို့ လေတပ်ကို အဓိက တစိုက်မတ်မတ်တိုက်ခိုက်နေရခြင်းဖြစ်ပါတယ်၊ အခုမစ်ရှင်မှာ နေရာစုံ
ဒေါင့်စုံကနေ ပါဝင်အားဖြည့်ပေးခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲဘက်အဖွဲ့အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု၎င်းကပြောသည်။
ဧပြီ ၁၁ ရက် နံနက် ၄ နာရီ ၄၅ တွင် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ဆင်ရေးကို Brave Warriors For Myanmar(BWM)အဖွဲ့ ၏စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၅ ဦးနှင့် တပ်သား ၁၂ ဦးစုစုပေါင်း ၁၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကနဦးသတင်းသိရကြောင်း BWM မှ တာဝန်ရှိသူကပြောသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2021/12/Web_banner_PSA-scaled.jpg?resize=880%2C107&ssl=1)
Public Service Announcement
ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
“တစ်လလောက် အချိန်ယူ ပြင်ဆင်ပြီး လုပ်လိုက်ရတယ်။နိုင်ငံတဝန်း စစ်ကောင်စီကို အားကုန်တွန်းလှန်နေချိန် MKCDF ကလဲ တော်လှန်ရေး မောင်နှမများနဲ့ အတူ တသားထဲ ကြိုးစားတွန်းလှန်နေ ပါတယ်။သွေးချင်း အားလုံးကိုလဲ အချိန်တန်ပြီမို့ နိုင်ရာတာဝန်ထမ်းပြီး ကျရာနေရာက တွန်းလှန်ကြပါလို့ အလေးအနက်တိုက်တွန်းချင်ပါတယ် ” ဟု MKCDF မှတာဝန်ရှိသူကပြောသည်။
ဧပြီ ၁၀ ရက်ညတွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း မိုးရွာနေသောကြောင့် ဧပြီ ၁၁ ရက် နံနက်အစောမှလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
အေလာစစ်ကောင်စီလေတပ်တိုက်ခိုက်ခံရပြီးနောက် ယနေ့ (ဧပြီ ၁၁ ရက်)တစ်မနက်လုံးလေယာဥ်ပျံသန်းခြင်းမလုပ်နိုင်ဘဲ နေ့ခင်း ၁၁ နာရီ ၄၆မိနစ်တွင်မှ စစ်တပ်ရဟတ်ယာဥွတစ်စီး အရှေ့ဘက်သို့ပျံသန်းကြောင်း စစ်ကောင်စီလေကြောင်းပျံသန်းမှုများကို စောင့်ကြည့်မှတ်တမ်းတင်ဖော်ပြပေးနေသော EAR-Enemy Air Route Channel ကဖော်ပြသည်။ ၁၂ နာရီ ၃ မိနစ်တွင်မှ တိုက်လေယာဥ်တစ်စီး အရှေ့တောင်ဘက်သို့ပျံသန်းကြောင်းEAR မှသိရသည်။
ဧပြီ ၁၁ ရက်သည် MKCDF အဖွဲ့၏ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး စစ်ကောင်စီ၏ အဓိကလေတပ်စခန်းကို တိုက်ခိုက်နိုင်ခဲ့သလို လေတပ်ပြိုသည်အထိ တိုက်ခိုက်မှုများကို ရည်ရွယ်ချက်တူသည့် BWM အဖွဲ့နှင့်ဆက်လက်လုပ်ဆောင်မည်ဟု MKCDF အဖွဲ့ကဆိုသည်။
ထိုအပြင် မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)