Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ အကြား ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ အကြား ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း
တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ အကြား ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း

ဟန်နွေ/People’s Spring

စစ်ကောင်စီက တော်လှန်ရေးကိုပုံဖျက်လို၍ လက်ရှိဖြစ်နေသည့် အခြေအနေများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် စစ်ကောင်စီအကြားဖြစ်နေသည့် ပြဿနာဟု လှုံ့ဆော်မှုများရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

တော်လှန်ရေးစတင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မြေပြင်၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များကို လူထုကိုအခြေခံပြီး ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းပအဖများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း NUG ပေါ်ပေါက် လာချိန်၌ ကြားကာလ အုပ်ချုပ်မှု ဖော်ဆောင်ရေးလက်စွဲကို ပြဌာန်းပြီး ပအဖများကို ဗဟိုနှင့် ကိုက်ညီသည့် ဖွဲ့စည်းမှု ပုံစံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

Public Service Announcement

Public Service Announcement

” ပအဖ ဖွဲ့စည်းတဲ့ မူမှာဆိုရင် NLD ကိုယ်စားလှယ်တွေ NLD ပါတီဝင်ရယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ မြေပြင်မှာရှိနေတဲ့ သက်ဆိုင်ရာ မြို့နယ်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစု အသီးသီးကနေ ကိုယ်စားလှယ်ပေးပြီး စုဖွဲ့ထားတဲ့ ပုံစံမျိုးနဲ့ သွားတယ်။ အဲဒီအထဲမှာ မဖြစ်မနေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ NLD ပါတီဝင်တွေဟာ ပါပါတယ်။ ဘာကြောင့် ပါလာလဲဆိုရင် တော်လှန်ရေးမှာ ပါလာလို့ကို သူတို့ ပါလာတာ ဖြစ်ပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကနေ ပအဖ ခေါင်းဆောင်ကို NLD ဖြစ်ရမယ် တို့ ဘာတို့ ဘာမှ သတ်မှတ်ထားတာ ရွေးချယ်ထားတာမရှိဘဲနဲ့ မြို့နယ်မှာ ညှိနှိုင်းပေါင်းစပ်ပြီး ဒီ ပအဖတွေကို ဖွဲ့စည်းတာဖြစ်တယ်”ဟု ဦးလွင်ကိုလတ်က ပြောသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ CDM လုပ်နေသည့် CDM ဝန်ထမ်းများဖြင့် ပအဖကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။

” စစ်ကောင်စီက ဖြစ်နေတဲ့ တော်လှန်ရေးကို ပုံဖျက်ချင်တော့ ဒါက စစ်ကောင်စီနဲ့ NLD ကြားထဲမှာ ဖြစ်သယောင် သွေးထိုး လှုံ့ဆော်နေတာဖြစ်ပေမယ့် တကယ့်မြေပြင်မှာ ရှိနေတဲ့ စုဖွဲ့မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနီးကပ်ရှိနေတဲ့ ပြည်သူလူထုက ဒီပုံစံမျိုးမဟုတ်ဘူးဆိုတာ သိပါလိမ့်မယ်”ဟုလည်း ဦးလွင်ကိုလတ်က ပြောသည်။

မြို့နယ်အဆင့် စုဖွဲ့မှုများ၌ NUGက မည်သူ့ကို တာဝန်ပေးရမည်ဟု တိုက်ရိုက်ဆောင်ရွက်နေခြင်းမရှိဘဲ မြို့နယ်တွင်းရှိ တော်လှန်ရေးဦးဆောင်အင်အားစုများ၏ ပေါင်းစပ်ဖွဲ့စည်းမှုဖြင့် သွားနေခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းစဉ်ကတည်းက NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ NLD ခေါင်းဆောင်များ၊ပါတီဝင်များစွာနှင့် ပြည်သူများစွာကိုဖမ်းဆီးပြီး ပြည်သူလူထုနှင့် NLD ပါတီကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုမျိုးစုံကို ပြုလုပ်ခဲ့သည်။

NLDပါတီ၏ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)(HRDT-NLD) မှ ကောက်ယူထားသည့် မှတ်တမ်းများအရ စစ်ကောင်စီသည် ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၇၀၀၀ ကျော်ရှိနေပြီး ဖမ်းဆီးခံရသူများထဲ၌ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၄) ဦး နှင့် အဖွဲ့ချုပ်ပါတီဝင် (၁၉၀၅)ဦးပါဝင် သည်ဟု ဆိုသည်။သုံးနှစ်ကျော်အတွင်း စစ်ကောင်စီက ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့သည့် ပြည်သူ ၄၀၀၀ ကျော်ရှိရာ NLD လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ ပါတီဝင် (၁၀၀) ဦး ပါဝင်ကြောင်း အသိပေးထားသည်။

ထို့ပြင် ပြည်သူများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ချိပ်ပိတ်သိမ်းယူခြင်းများ၊ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းများကြောင့် ပြည်သူ (၇၈၆) ဦး ၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၉၆၆) ခု ရှိခဲ့ရာ ထိုအထဲတွင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၉၈) ဦး နှင့် ပါတီဝင် (၂၃၇) ဦး၊ စုစုပေါင်း အဖွဲ့ချုပ် အဖွဲ့ဝင် (၄၃၅) ဦး တို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းယူခံရကြောင်း NLDက ထုတ်ပြန်သည်။

NLD ရုံးများကို စစ်ကောင်စီက အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်) – ၃ ကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံးများ – ၁၅ ကြိမ်၊ ခရိုင်ရုံးများ – ၆ ကြိမ်၊ မြို့နယ်ရုံးများ – ၁၁၂ ကြိမ်၊ ရပ်ကျေးရုံးများ – ၂၈ ကြိမ် တို့ဖြင့်စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၄) ကြိမ် ရှိနေခဲ့သည်ဟု အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။