Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်​ဇေယျစစ်​ကြောင်း​တစ်လပြည့်​နေ့တွင် ဒေါန​တောင်​ပေါ်၌ အင်အား ၉၀၀ခန့်ဖြင့် သုံးကြိမ်စစ်​ကြောင်းထိုးရာ သုံးကြိမ်စလုံးလန်ကျ

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

စစ်ကောင်စီ၏ သံချပ်ကာယာဥ်တစ်စီးအား အာရှလမ်းမထက်၌ တွေ့ရစဥ်
စစ်ကောင်စီ၏ သံချပ်ကာယာဥ်တစ်စီးအား အာရှလမ်းမထက်၌ တွေ့ရစဥ်

▪︎စစ်​ကြောင်းမှတပ်မ(၅၅)မှာ ​သေဆုံးထိခိုက်သူများပြီး ဖွဲ့စည်းပုံပျက်လု အ​ခြေအ​နေဆိုက်

ဒီးဒီ/People’s Spring

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ယနေ့(​မေ ၇) ဒေါနတောင်ပေါ်၌ စစ်ကြောင်းသုံးကြောင်း စုစု​ပေါင်းစစ်အင်အား ၉၀၀ခန့်ဖြင့် သုံးကြိမ်စစ်ကြောင်းထိုးလာရာ သုံးကြိမ်စလုံးလန်ကျသွားခဲ့သည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့(မေလ ၇ရက်) နံနက် ၈နာရီတွင် တစ်ကြိမ်၊ နေ့လယ် ၂နာရီတွင် တစ်ကြိမ်နှင့် ညနေ ၄နာရီတွင် တစ်ကြိမ် အောင်ဇေယျစစ်ကြောင်းက စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၃၀၀ခန့်ဖြင့် သုံးကြိမ်စစ်ကြောင်းထိုးလာခဲ့သည်ဟု ဆိုသည်။ သုံးကြိမ်စလုံး ရှေ့မတိုးနိုင်ဘဲ ထိခိုက်မှုများပြီး လန်ကျသွားခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မြဝတီမြို့ကို စစ်ကူပို့ရန် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေးပြ နိုင်ငံ​တော်အဆင့်စစ်ဆင်​ရေးဟုဆိုကာ ​မော်လမြိုင် ၊ဘားအံမြို့တို့မှ ဧပြီ ၇ ရက်တွင် စတင်​ချီတက်လာပြီး တစ်လပြည့်​နေ့၌ ​​ဒေါန​တောင်​ပေါ်တွင် ​စစ်​ကောင်စီက ​ရှေ့တိုးရန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ

” သူတို့က ကားလမ်းကိုအလယ်ထားပြီး တောင်ကြောရဲ့ ဘယ်ဘက်ခြမ်းရော ညာဘက်ခြမ်းရော စစ်ကြောင်းထိုးတက်တာပေါ့။ ဒီနေ့ တိုက်ပွဲက သုံးကြိမ်ဖြစ်တယ်။ တော်လှန်ရေးအင်အားစုဘက်က ရဲဘော်တစ်ယောက်ပေါင်မှာ လက်နက်ကြီးအစမှန်တယ်။ ကျန်တာတော့ မရှိဘူး။ ရန်သူဘက်ကတော့ အကျအဆုံး ရှိတယ်။ သုံးကြိမ်လုံးပြန်လန်ကျတာပေါ့”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

သံချပ်ကာယာဥ်များပါသော စစ်ကြောင်းက အာရှလမ်းမအတိုင်းလာပြီး ကျန်စစ်ကြောင်းနှစ်ကြောင်းက လမ်းမ၏ ဘယ်၊ညာ စစ်ကြောင်းထိုးလာခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” သေချာတာက ပင်မယာဥ်တန်းပေါ့ တောနောရေတံခွန်နားမှာပဲ ရှိသေးတယ်။ ရှေ့မတက်နိုင်သေးဘူး။ သူတို့ကတော့ တောင်ကြောနှစ်ဖက်ကိုဖြတ်ပြီးတော့ အလယ်က ယာဥ်တန်းကိုရအောင်သွားမယ့် သဘောရှိတာပေါ့။ ဒါပေမယ့် ထင်သလောက်တော့ မပေါက်ဘူးပေါ့။ အောက်ခြေတွေလည်း စိတ်ဓာတ်တွေ အတော်ပျက်ပြားနေတယ်။ နောက်ကနေပဲ အတင်းပဲတက်ခိုင်းနေတယ်တဲ့။ နောက်ပြီး ဒဏ်ရာရတဲ့သူတွေကိုလည်း တက်မဆွဲခိုင်းဘူးတဲ့ နောက်ကနေပဲအတင်းပဲ ဂရုမစိုက်နဲ့ ရှေ့ကိုပဲတက်။ အတင်းတက်ခိုင်းနေတယ်တဲ့”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟု​ကြေညာထားသည့် အောင်ဇေယျစစ်ကြောင်းသည် တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးစတင်ခဲ့ရာ တပ်မ(၅၅)မှာ ဖွဲ့စည်းပုံပျက်သည့်သဘောဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု သတင်းရရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ

” (၅၅)ကတော့ လန်ကျသွားပြီ ထင်တယ်ကြည့်ရတာ။ (၇၇)တို့ဘာတို့ ပြန်စုဖွဲ့နေတာပေါ့။ မေလ ၅ရက်ကတော့ တိုးတာမရှိဘဲ ငြိမ်နေတယ်ဆိုတော့ ဖွဲ့စည်းပုံပျက်လို့ ပြန်ပြင်နေတဲ့ သဘောတော့ရှိတယ်။ (၅၅)က ဟိုရက်က ၁၀၀လောက်ကျတယ်။ ၈၀လောက်ဒဏ်ရာရတယ်ပေါ့နော်။ စစ်တပ်က ဆက်လိမ်နေလည်း တော်လှန်ရေးအဖွဲ့က ရထားတာရှိတာကိုး။ အကျအဆုံးများတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မေလ ၃ရက်ကလည်း ဒေါနတောင်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းများအား တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ အောင်ဇေယျစစ်ကြောင်းများအား တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ထို့အပြင် ဒေါနတောင်ပေါ်၌ မေလ ၃ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅)လက်အောက်ခံ ခလရ(၉၄)ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း သေဆုံးပြီး အောင်ဇေယျစစ်ကြောင်းအထိနာနေသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” စစ်တပ်ရဲ့ သဘောတရားကတော့ သူကအချိန်ယူနိုင်တယ်လေ။ အချိန်ယူတယ်။ တစ်နေ့ တစ်လက်မရ တစ်လက်မတိုးမှာပဲ သူက။ ဒါသူ့ရဲ့ထုံးစံပေါ့။ နိုင်ငံတော်အဆင့်စစ်ဆင်ရေးဆိုတော့ သူကသိက္ခာကျမခံနိုင်လောက်ဘူးပေါ့။ ပေးဆပ်မှုတော့များမှာပေါ့”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သူ့အမြင်ကိုပြောသည်။

၎င်းက ဆက်လက်ပြီး “သူတို့တကယ်လို့ကျော်လာခဲ့ရင်လည်း သူတို့ဖြတ်သန်းရမယ့် အခက်အခဲတွေအများကြီးရှိသေးတယ်။ သူတို့တော်တော်လေးကိုအများကြီးပေးဆပ်ရအုံးမှာ။ သူများခံစစ်လုပ်ထားတာ နေရာကောင်းတယ်လေ။ တစ်ဆင့်ပြီးတစ်ဆင့် ခံစစ်လုပ်လာတာပေါ့။ နောက်ဆုံး မြဝတီရောက်ခဲ့ရင်တောင်မှ အများကြီးပေးဆပ်ပြီးမှ ရောက်လာမယ့် ခရီးတစ်ခုဖြစ်သွားမယ်”ဟု ဆိုသည်။

မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်နီးပါးတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ

ထိုစစ်​ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက ထုတ်ပြန်ထားသည်။ထို့မတိုင်ခင်ကလည်းအဆိုပါစစ်​ကြောင်းကို ကြားဖြတ်တိုက်ခိုက် ချေမှုန်းရာ အရာရှိများအပါအဝင်အင်အား တစ်ရာ​ကျော်​သေဆုံးဒဏ်ရာရရှိခဲ့​ကြောင်းKNU ကအသိ​ပေးထားသည်။

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

(စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ဆီးကြိုတိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များနှင့် စစ်ကောင်စီ၏ သံချပ်ကာယာဥ်တစ်စီးအား အာရှလမ်းမထက်၌ တွေ့ရစဥ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။