Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်​ဇေယျစစ်​ကြောင်း ဒေါန​တောင်မှ​ ရှေ့မတိုးနိုင်​သေး

အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ဗိုလ်စောကော်က ပြောထားသည်။

(အောင်ဇေယျစစ်ကြောင်းကို ​ဒေါန​တောင်တွင် ဖြတ်​တောက်ပိတ်ဆို့ တိုက်ခိုက်​နေ​သော ​ကောဘရာတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ -​Cobra Column)
(အောင်ဇေယျစစ်ကြောင်းကို ​ဒေါန​တောင်တွင် ဖြတ်​တောက်ပိတ်ဆို့ တိုက်ခိုက်​နေ​သော ​ကောဘရာတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ -​Cobra Column)

▪︎မြဝတီမြို့အနီး​ရောက်လာပြီဆို​သောသတင်းများမှာသတင်းအမှားဖြစ်​ကြောင်းကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်​ပြောကြား

ဒီးဒီ/People’s Spring

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ပေါ်မှ ရှေ့တိုးနိုင်ခြင်းမရှိသေး​ကြောင်း၊ စစ်​ကြောင်း မြဝတီမြို့အနီးရောက်ရှိသည်ဆိုသည်မှာ သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က People’s Springသို့ ပြောသည်။

မြဝတီမြို့ကို စစ်ကူပို့ရန် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ နိုင်ငံ​တော်အဆင့်စစ်ဆင်​ရေးဟုဆိုကာ အင်အားရာနှင့်ချီ ချီတက်လာသော စစ်ကြောင်းသည် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီး နေရာများတွင် ရောက်ရှိနေသည်မှာ ရက်သတ္တပါတ်တစ်ပတ်ကျော်ကြာရှိနေပြီဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် ယင်းနေရာများ၌ပင် ရပ်တန့်နေပြီး ယမန်နေ့(မေလ ၁၀ရက်)အထိ ရှေ့ဆက်မတိုးနိုင်သေးကြောင်း People’s Springက သတင်းရင်းမြစ်သုံးဦးထံမှ စုံစမ်းသိရှိရသည်။

သို့သော် လူမှုကွန်ရက်တွင် အောင်ဇေယျစစ်ကြောင်းမှာ မြဝတီမြို့နှင့် (၅)မိုင်အကွာရောက်နေသည်ဟုလည်း​ကောင်း၊ သင်္ဃန်းညီနောင်မြို့အနီးရောက်ရှိနေသည်ဟုလည်း​ကောင်း သတင်းများပြန့်နှံ့နေသည်။ အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ထံ People’s Spring က ဆက်သွယ်မေးမြန်းရာ” အဝေးကြီး”ဟု မေ ၁၀ရက် ညပိုင်းတွင် ဖြေကြားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကော်ဘရာစစ်ကြောင်းမှ မြေပြင်ရှိ ရဲဘော်တစ်ဦးကလည်း ” အရင်နေရာနားမှာပဲ၊ တောနောရေတံခွန်နားမှာပဲ ပတ်လည်ရိုက်နေတာ။ အဲထက်ရှေ့မတိုးနိုင်သေးဘူး။ဂိတ်တွေတောင်မရောက်သေးဘူး။ အဝေးကြီးကျန်သေးတယ်”ဟု ပြောသည်။ တိုက်ပွဲများမှာလည်း နေ့စဥ်ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

အခြား ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း”အောင်ဇေယျစစ်ကြောင်းနဲ့ပတ်သက်ပြီး သတင်းအမှားတွေ တက်နေတယ်။ မြဝတီရောက်နေပြီတို့၊ နီးနေပြီတို့ဆိုတာ မဟုတ်ဘူး။ ဘယ်မှမရောက်သေးဘူး။ သူတို့ ရှေ့တိုးလာနိုင်ဖို့ဆိုတာ မလွယ်ဘူး”ဟု ပြောသည်။

အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ပေါ်၌ မေလ ၇ရက်က စစ်ကြောင်းသုံးကြောင်း စုစု​ပေါင်းစစ်အင်အား ၉၀၀ခန့်ဖြင့် သုံးကြိမ်စစ်ကြောင်းထိုးလာစဥ်​တော်လှန်​ရေးတပ်များကတိုက်ခိုက်ရာ သုံးကြိမ်စလုံး လန်ကျခဲ့သည်။ မေလ ၈ရက်တွင်လည်း တစ်ကြိမ်စစ်ကြောင်းထိုးရန်ပြင်ဆင်​နေစဥ်မှာပင် ​တော်လှန်​ရေးတပ်များ၏တိုက်ခိုက်မှုကြောင့် ထပ်မံလန်ကျသွားသည်ဟု ဗိုလ်စောကော်က ပြောထားသည်။မေလ ၈ရက်တွင် အောင်ဇေယျစစ်ကြောင်းမှ လက်နက်ကြီးများ၊ ဟောက်ဝစ်ဇာများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးရန်ပြင်နေစဥ် ​တော်လှန်​ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ ထပ်မံလန်ကျသွားခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

အာဏာသိမ်းဒု​ခေါင်း​ဆောင် ဒုတပ်ချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် ဦး​ဆောင်ညွန်ကြားသည့်နိုင်ငံ​တော်အဆင့်စစ်ဆင်​ရေးဟုဆိုကာ ​မော်လမြိုင် ၊ဘားအံမြို့တို့မှ ဧပြီ ၇ရက်တွင် စတင်​ချီတက်လာပြီး တစ်လပြည့်​နေ့၌ ​​ဒေါန​တောင်​ပေါ်တွင် ​စစ်​ကောင်စီက ​ရှေ့တိုးရန် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

စစ်​ကြောင်းတွင် တပ်မ (၂၂) ၊ တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးစတင်ခဲ့ရာ တပ်မ(၅၅)မှာ ဖွဲ့စည်းပုံပျက်သည့်သဘောဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။ စစ်​ကြောင်းတွင် စစ်ကူများဆက်တိုက်တိုးပြီး စစ်​ကောင်စီတပ်သားအင်အား ၁၀၀၀ မှ ၁၃၀၀ အတွင်းရှိ​နိုင်ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ဗိုလ်စောကော်က ပြောထားသည်။

အောင်ဇေယျစစ်ကြောင်းအား​တော်လှန်​ရေးတပ်များကအဆင့်ဆင့် ဖြတ်​တောက်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား ရာနှင့်ချီ​သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့​​ကြောင်းသိရသည်။စစ်​ကြောင်းမှ သံချပ်ကာကား၊ စစ်သုံးယာဥ်များအပါအဝင်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​ကြောင်းKNU ကထုတ်ပြန်ထားသည်။

​မေ ၃ ရက်တွင်လည်းစစ်​ကောင်စီတပ်ကို ဖြတ်​တောက်တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။စစ်​ကြောင်းမှာ​သေဆုံးထိခိုက်သူများ​သော်လည်း စစ်​ကောင်စီက စစ်ကူများထပ်မံ​စေလွှတ်၍​ရှေ့တိုးနိုင်ရန်ကြိုးစား​နေခြင်းဖြစ်သည်။ ​တိုက်ပွဲများတွင်​တော်လှန်​ရေးတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှု အချို့ရှိ​ကြောင်းလည်းသိရသည်။တော်လှန်​ရေးတပ်ဖွဲ့များ၏ အပြင်းအထန် တိုက်ခိုက်မှု​ကြောင့် ထွက်​ပြေးအလင်းဝင်သူ၊လက်နက်ချ များလည်းရှိ​နေ​ကြောင်းသိရသည်၊

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။