ဩဂုတ်-၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီ၏ သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့၍ သင်္ဘောများထိခိုက်ပျက်စီးမှုရှိသော်လည်း လက်ကျန် သင်္ဘော၁၀စီးထက်မနည်းမှာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ဩဂုတ် ၁ရက်က ရွှေကူနှင့် ဗန်းမော်မြို့နယ်အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်သင်္ဘောအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ညပိုင်းအချိန်တွင် သင်္ဘောအများစုမှာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်ဟု ၎င်းတို့ကပြောသည်။
“ရောက်ပြီလို့ကြားတယ်။ ၁၂စီးလောက်ဖြစ်နိုင်တယ်။ မနေ့ညကလို့ပြောတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “ရှေ့တန်းက ပြောလာတယ်။ သင်္ဘောတွေ ဗန်းမော်ရောက်ပြီတဲ့” ဟု ပြောသည်။
KIA နှင့် ပူးပေါင်းတပ်များက ရွှေကူ-ဗန်းမော်မြို့နယ်အကြားတွင် စစ်သင်္ဘော ၆စီးကို ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ဟုလည်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်သည် ရွှေကူမှ ဗန်းမော်မြို့သို့ဆန်တက်ရာတွင် ဇူလိုင် ၂၇ရက်ကတည်းက အသုတ်လိုက်ထွက်ခွာခဲ့ခြင်းဖြစ်သည်။ကချင်စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ ဇူလိုင် ၂၇ရက်တွင် စစ်သင်္ဘော ၃စီး၊ ဇူလိုင် ၂၉ရက်တွင် သင်္ဘော ၅စီး၊ ဩဂုတ် ၁ရက်တွင် စစ်သင်္ဘော ၉စီး စုစုပေါင်း ၁၇စီး ဗန်းမော်မြို့ဘက် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်သင်္ဘောများကို KIAက ကြားဖြတ်တိုက်ခိုက်ရာတွင် တပတ်အတွင်း သင်္ဘော ၆စီး ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောရာ ၁၁ စီးမှာ ဗန်းမော်မြို့သို့ ဆိုက်ရောက်သည့် အခြေအနေဖြစ်သည်။ ရွှေကူမြို့မှ ထွက်ခွာလာသည့် သင်္ဘောအရေအတွက်၊ လမ်းခရီး၌ ထိခိုက်ပျက်စီးသည့် သင်္ဘောအရေအတွက်နှင့် ဗန်းမော်သို့ ဆိုက်ကပ်နိုင်သည့် သင်္ဘောအရေအတွက်ကို KIA ဘက်က တရားဝင် သတင်းထုတ်ပြောဆိုခြင်းမရှိသေးပေ။
စစ်သင်္ဘောများ ရောက်ရှိမှု အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားဂျာနယ်သို့ ဖြေကြားချက်တွင် စစ်သင်္ဘော ၁၁ စီး ဗန်းမော်သို့ရောက်ရှိသည်ဟု ယူဆကြောင်း ပြောသည်။ ထို့အပြင် ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်စဉ် KIAပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သင်္ဘော ၆စီး ရပ်နားသွားခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်မြို့သို့ စစ်အင်အားနှင့်လက်နက်ခဲယမ်း ရိက္ခာများဖြည့်တင်းရန် ဆန်တက်လာသည့် သင်္ဘောများ ဗန်းမော်မြို့သို့ ရောက်ရှိရေး စစ်ကောင်စီက လေကြောင်း ပစ်ကူပေးလမ်းကြောင်း ရှင်းလင်းရေးများ ပြုလုပ်ခဲ့ရပြီး ရွှေကူမြို့နယ်တွင် မြေပြင်စစ်ကြောင်းများပါအသုံးပြု ခဲ့ရသည်။
KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြို့သို့ စစ်သင်္ဘောများ ရောက်ရှိသွားခြင်းကြောင့် မြို့သိမ်းနိုင်ရေး အချိန်အတိုင်းအတာတခုထိ ရပ်သွားနိုင်ဟု စစ်ရေးနိုင်ငံရေးလေ့လာသူ တဦးက ပြောသည်။
“KIA ဘက်က နည်းပညာ၊ စစ်ဗျူဟာ အဆင့်ထပ်မြှင့်ဖို့လိုမယ်ထင်တယ်”ဟု ၎င်းက ပြောသည်။
KIAသည် ၂၀၂၄ ဒီဇင်ဘာကတည်းက ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်နေခြင်းဖြစ်ပြီး တိုက်ပွဲ ၈လ ကြာပြီဖြစ်သည်။
