သြဂုတ်-၂၊ ၂၀၂၅။ ကျော်ဇော၊ထားမြတ် /People’s Spring
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဗိုလ်ကြီးအပါအဝင်ခြောက်ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေကဒီကနေ့ထုတ်ပြန်ပါတယ်။
ဆွာဆည်ရှင်းလင်းဆောင်တိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)၊ အမှတ်(၃၅၀၁) တပ်ရင်းနဲ့အတူ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PIO/PIA၊ACDF(Asho Chin Defense Force)တို့ပူးပေါင်းပြီးဇူလိုင်လ(၃၀)ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင်ခြောက်ဦးသေဆုံးပြီး ထုတ်ပြန်ချက်ပါ ဓာတ်ပုံမှတ်တမ်းများအရ သေနတ်ခြောက်လက်နဲ့ကျည်တွေ၊စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တာကိုတွေ့ရပါတယ်။

Public Service Announcement
ဒါ့အပြင် တိုက်ခိုက်မှုအပြီးမှာ စစ်တပ် အထိုင်ချနေရာကို ရှင်းလင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂)စစ်ဆင်ရေးနယ်မြေက အသိပေးထားပါတယ်။
NUGက အမှတ်(၂)စစ်ဆင်ရေးနယ်မြေသတ်မှတ်ထားတဲ့ ပဲခူးတိုင်းစစ်ဌာနအတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့အသိပေးထားပါတယ်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်ကလည်း PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တို့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၂နေရာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်အုပ်စုဘက်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေသိမ်းဆည်း ရရှိခဲ့ပါတယ် ။
