ဩဂုတ်-၂၊ ၂၀၂၅။ ဇော်ရမ်း၊ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ဗန်းမော်မြို့သို့ စစ်သင်္ဘောများဖြင့် လာရောက်ခြင်းမှာ စစ်အင်အားထက် လက်နက်ခဲယမ်း ရိက္ခာများဖြည့်တင်းခြင်းဖြစ်နိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မန္တလေးမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းတက်လာသည့် စစ်သင်္ဘောအုပ်စုသည် KIAနှင့်တော်လှန်ရေး တပ်များ၏ တိုက်ခိုက်မှုခံခဲ့ရသော်လည်း ဩဂုတ် ၁ရက် ညပိုင်း၌ ဗန်းမော်မြို့သို့ သင်္ဘော ၁၁စီးခန့် ဆိုက်ကပ်နိုင်ခဲ့သည်။
” ဘယ်နှစ်စီးရောက်တယ်ဆိုတာ အတိအကျ မသိဘူး အနည်းဆုံးတော့ ၁၁စီးလား မသိဘူးအဲဒီလောက်တော့ ရောက်လောက်ပြီလို့ထင်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
အဆိုပါ သင်္ဘောများပေါ်၌ စစ်ကောင်စီ အင်အားအများအပြား ဖြည့်တင်းခြင်းမတွေ့ရဟု ၎င်းက ဆိုသည်။
“လုံခြုံရေးလောက်ပဲ သူတို့လိုက်လာတာပေါ့။ အများပိုင်းကတော့ ရိက္ခာတွေ၊ နောက် လက်နက်ခဲယမ်းတွေပေါ့ အဲဒါတွေ ပိုများမယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIAသည် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်ခဲ့ရာ လက်ရှိတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ခလရ(၄၇) အပါအဝင် စစ်ကောင်စီတပ်စခန်းများ သိန်းပိုက်နိုင်ရန် ကျန်နေသေးသည်။
