ဒီဇင်ဘာ-၂၅၊ ၂၀၂၅ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေးထားကြောင်း သတင်းရရှိပါတယ်။
ဝက်လက်မြို့နယ်၊ အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းကို မြေပြင် စစ်ရေးအခြေအနေအရ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်ကစပြီး သွားလာခြင်း လုံး၀မပြုလုပ်ကြဖို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။
“ တိုက်ပွဲပြင်းထန်နေတယ်။ အသွားအလာမလုပ်ကြဖို့ သတိပေးထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
မနေ့ညကလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက ထုံးဘိုကျေးရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမသိရသေးကြောင်း Wetlet Informational Network အဖွဲ့က အသိပေးပါတယ်။
အထက်ပါလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဒေသခံ ပြည်သူတွေစစ်ဘေးရှောင်တဲ့နေရာတွေကိုသာ ၃ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း၊ အမှတ်(၃) လမ်းမ(ခရိုင်ချင်းဆက်လမ်း)ပေါ်နဲ့ ဂွေးကုန်းရွာအနီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်လို့ ကားသမား နှစ်ဦး၊ အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ လေးဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ခရိုင်ချင်းဆက်လမ်းအနီးက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ပါတယ်။
















































