ဒီဇင်ဘာ_၂၄၊၂၀၂၅။ဇော်ဝင်း/People’s Spring
ရခိုင်နဲ့ ပဲခူးတိုင်းအစပ်က ညောင်ကျိုးတပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဝေယံလင်း သေဆုံးခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ ညောင်ကျိုးတပ်စခန်း ပြန်ရဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲံ တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ညောင်ကျိုးတပ်စခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် ဒီဇင်ဘာ ၂၂ ရက် တိုက်ပွဲအတွင်းမှာ ဗိုလ်မှူးဝေယံလင်းသေဆုံးခဲ့တဲ့အပြင် စစ်ကြောင်းလည်း ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement
“ ဝေကြီးရေ မနေ့က မင်းအိမ်ကိုရောက်ခဲ့တယ် ။ငါတောင်မဖြေနိင်လို့ မင်းရဲ့အမျိုးသမီးကိုတရားနဲ့ဖြေပါလို့ ပြောမထွက်ဘူး။မင်းရင်သွေးလေးနှစ်ယောက်အတွက် ကြံ့ခိုင်ပါလို့ပဲ အားပေးခဲ့တယ်။မင်းမမြင်လိုက်ရတဲ့ မင်းသမီးလေးအတွက် ဘုရားသခင်ထံအပ်နှံပြီး လက်တင်ဆုတောင်းပေးခဲ့တယ်” လို့ ဗိုလ်မှူး ဝေယံလင်းနဲ့ နီးစပ်သူက သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်မှူးဝေယံလင်းက စစ်တက္ကသိုလ် အပတ်စဥ်(၅၃)ကျောင်းဆင်းဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် နဲ့ လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှာ G3 အဆင့်နဲ့ တာဝန်ကျဖူးတယ်လို့ သူက ဆိုပါတယ်။
ပန်းတောင်းမြို့နယ်၊တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းပေါ်က ညောင်ကျိုးတပ်စခန်းကို အခုနှစ်မတ်လကတည်းက AAက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ပန်းတောင်းမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေနဲ့ တကစလို့ ခေါ်တဲ့ တပ်မတော်အကြီးစားစက်ရုံ အပြင် ဒုံးတပ်ရင်းလည်းရှိတာကြောင့် စစ်ကောင်စီက ညောင်ကျိုးတပ်စခန်း ပြန်ရဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မကွေးတိုင်း ငဖဲမြို့နယ်က ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာ စစ်တပ်က ဂုတ်ကြီးစခန်းသိမ်းရလိုက်ပေမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ AA နဲ့ ပူးပေါင်းတပ်တွေ က ပြန်သိမ်းနိုင်ခဲ့တယ်လို့မြေပြင် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။
















































