ရွှေဘိုခရိုင်တပ်ရင်း(၂၆)တပ်ရင်းမှူးကိုပီလွန်နဲ့ မေးမြန်းခန်း
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မ(၃၃) တပ်စွဲထားတဲ့နေရာနဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။တိုက်ခိုက်မှုတွေမှာတပ်မ(၃၃)ရဲ့ တပ်သား ၁၃ဦးရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက် ၁၁လက်ကိုသိမ်းရခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့( ဒိဇင်ဘာ ၁ရက်) ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၃ ရက်က ဝက်လက်မြို့နယ် ပုဏ္ဏားရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တပ်ပျက်အောင်တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၃၀ကျော်နဲ့ လက်နက် ၃၀ကျော်အပြင် ခဲယမ်းအများအပြား သိမ်းရခဲ့ပါတယ်။ နိုဝင်ဘာ ၂၇ရက်ကလည်း ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကျေးရွာမှာ အင်အား ၁၀၀ခန့်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် တပ်ရင်း(၂၆) က တပ်ရင်းမှူးကိုပီလွန်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ရဲခေါင်/People’s Spring

Public Service Announcement
မေး – ဝက်လက်မြို့နယ်က စိုင်နိုင်လေးကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဘယ်လိုရောက်လာတာလဲ။
ဖြေ -ဖြစ်စဥ်ကရွာသာကြီးရွာ(ဝက်လက်မြို့နယ်)ကနေ စစ်ကြောင်းနှစ်ကြောင်းခွဲလာတယ်။စစ်ကြောင်းတစ်ကြောင်းက ဝက်လက်ဘက်မှာ ချေမှုန်းခံရတယ်။အဲဒီစစ်ကြောင်းက တပ်သားတချို့ကျန်ခဲ့တယ်။အဲဒီတပ်သားတွေက ကျန်နေတဲ့ စစ်ကြောင်းနဲ့ ပေါင်းပြီး စိုင်နိုင်လေးကို ရောက်လာတာ။သူတို့က စစ်ကြောင်းထိုးရင်း ရွှေဘိုကိုသွားမှာ။
မေး – အဲဒီ စစ်ကြောင်း တိုက်ခိုက်ခဲ့ပုံကို ရှင်းပြပေးပါဦး။
ဖြေ – အဲဒီမှာကအင်အား(၁၂၀ )ဝန်းကျင်လောက်ရှိတယ်။ ရွှေဘိုမယ့်လမ်းမှာကစိုင်နိုင်ကွေ့၊စိုင်နိုင်ကြီးရွာတွေရှိသလို ကြားမှာက သတ်ကွင်းမရှိဘူး။ရွာစဥ်ဆက်တယ်။ဆိုတော့ကျွန်တော်တို့က ကြားမှာအပိုင်စောင့်ပစ်ရဖို့ မလွယ်ဘူး။မလွယ်တော့ စိုင်နိုင်လေးကိုအခြေချနေတုန်းနဲ့ ရွှေဘိုက လာကြိုမယ့် တပ်နဲ့ မပေါင်းမိခင်မှာ ကျွန်တော်တို့က လက်ဦးမှုရယူဖို့ လုပ်ခဲ့တာ။စိုင်နိုင်လေးကို suprise(အံသြသွားအောင်)တိုက်တယ်ပေါ့။
မေး -နိုဝက်ဘာ၂၇ ရက်တိုက်ပွဲအတွင်း ဘယ်လိုကြုံခဲ့ရလဲ။ပြီးတော့ စစ်တပ်ရဲ့ထိခိုက်မှုဘယ်လိုရှိလဲ။
ဖြေ – ညပိုင်းကတည်းက ကပ်သင့်သလောက်ကပ်တယ်။ကပ်ပြီးတော့ ထိုးစစ်အနေနဲ့ တိုက်တယ်။ကျွန်တော်တို့ရွာကိုတော်တော်လေးစီးမိသွားတယ်။ရန်သူ့အင်အားက များတယ်။ဟောင်ဝစ်ဇာပစ်ကူလေကြောင်းပစ်ကူ တွေကြားကနေ ရအောင်အမိအရ ချေမှုန်းခဲ့ရတာ ဖြစ်တယ်။စစ်ကြောင်းလိုက်တစ်ခုလုံးချေမှုန်းချင်ခဲ့တယ်။ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ရည်မှန်းချက်မပြည့်ဝခဲ့ဘူး။ကိုယ့်ဘက်က ခဲယမ်းအကန့်အသတ်ရှိတယ်။ရန်သူ့ဘက်က ထိခိုက်ကျဆုံးတာတော့ တော်တော်များတယ်။အဲဒီထဲက အတည်ပြုသေဆုံး တပ်
သားအလောင်းက လေးလောင်းပဲရတယ်။အလက်က လေးလက်ရတယ်။MA 4 ၊အာပီဂျီ၊MA 1 တွေပါတယ်။
မေး- ရွှေဘိုမြို့ကနေလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကိုရော ပြောပေးပါလား။
ဖြေ- ရွှေဘိုကနေ လာကြိုတဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ရန်သူကိုးဦး ကျတယ်။ဒါက အတည်ပြုတပ်သားအလောင်းတွေ ပေါ့။ဒါပေမယ့် ကျွန်တော်တို့မှတ်တမ်းမယူလိုက်ရတာနဲ့ မျက်မြင်အနေအထားတွေမှာ ရန်သူက ၃၀ ကျော် ကျလိမ့်မယ်။အခက်အခဲကတော့ ရွှေဘို- မန္တလေးလမ်းပိုင်းလည်းဖြစ်တယ်။လမ်းလည်း သာတယ်။စစ်ကောင်စီဘက်က ကားနဲ့အတင်းထိုးပြီး အလောင်းတွေသယ်တယ်။မြို့ထဲကိုသူတို့ ပြန်ဆုတ်တယ်။အဲဒါကို ကျွန်တော်တို့ လိုက်တိုက်ခဲ့ကြပါသေးတယ်။
မေး – စိုင်းနိုင်လေးက စစ်ကောင်စီတပ်ရဲ့အခြေအနေကရော နောက်ဆုံးဘာဖြစ်သွားလဲဗျ။
ဖြေ – လက်နက်ကြီး၊လေကြောင်းပစ်ကူတွေနဲ့ပဲ ရွှေဘိုထဲ ဝင်သွားပါပြီ။
မေး – လက်ရှိ ရွှေဘိုမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေနဲ့ စစ်ကောင်စီ အာဏာစက်သက်ရောက်တဲ့ရွာ ဘယ်နှစ်ရွာလောက်ရှိလဲ။
ဖြေ – ရွှေဘိုက အရင်ပျူစောထီးရွာ ၂၃ ခုလောက်ရှိတယ်။အခုကတော့တဖြည်းဖြည်းလျော့လာတယ်။၁၉ရွာလောက်တော့ကျန်တယ်။ရွှေဘိုအနောက်ခြမ်းမှာ များတယ်။အဲဒီရွာတွေကလည်း အခု တော်လှန်ရေးတပ်တွေဝိုင်းထား၊ဖြတ်တောက်ထားတာ ရှိပါတယ်။ပျူရွာအနေနဲ့ လှုပ်ရှားနိုင်မှုနည်းတယ်။ဒါပေမယ့် ရွှေဘိုအနောက်ခြမ်းကနေ ရွှေဘိုမြို့ကို ဆက်စပ်နေတဲ့ လမ်းတစ်ခုရှိတယ်။အဲဒီ လမ်းကိုတော့ သူတို့ဘက်က ကောင်းကောင်းအသုံးပြုနိုင်သေးတယ်။ရွှေဘိုမှာက စစ်တပ် ငါးခုရှိတယ်။အထူးသဖြင့် လေ့ကျင့်ရေးနဲ့ ခလရ(၄၂)
တပ်က စစ်ကြောင်း ထွက်တယ်။
မေး -သြဂုတ်လကတည်းကစလို့ ရွှေဘိုနဲ့ တကြောထဲဖြစ်တဲ့ ကန့်ဘလူနဲ့ ခင်ဦးကို စစ်တပ်က စစ်ကြောင်းတွေ ထိုးတယ်။ဖြန့်တယ်။ပြီးတော့ အခု ရွှေဘို၊ဝက်လက်မှာ စစ်ကြောင်းတွေ ဆက်တိုက်ထွက်လာတာ ဘာကြောင့်လို့ထင်လဲ။
ဖြေ – အရင်လေးလ၊ ငါးလဝန်းကျင်ကစလို့ တပ်မ(၃၃)က အင်ပြည့်အားပြည့်နဲ့ ကန့်ဘလူ၊ ရွှေဘိုတကြောပေါ့နော်။ လမ်းပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားတယ်။အဓိကတော့ သူတို့က ဒီလမ်းပိုင်းကို ပြန်စိိုးမိုးချင်တာပါပဲ။
မေး – အခု ဝက်လက်၊ရွှေဘိုမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုရလဒ်က ဘယ်လောက်အောင်မြင်လဲ။
ဖြေ – သူတို့(စစ်ကောင်စီ)အထိအခိုက်တော်တော်များတယ်။ကျွန်တော်တို့ တော်တော်လေးဟန့်တားနိုင်တယ်လို့ မြင်တယ်။တော်လှန်ရေးရှုထောင့်က ကြည့်ရင် အားမရသေးဘူး။အဓိကတော့ ခဲယမ်းကန့်သတ်ချက်က တော်တော်ကြီးတယ်။
မေး – တပ်မ(၃၃)စစ်ကြောင်းက အခုရွှေဘို၊ဝက်လက်မှာလည်း တိုက်ခံရသလို ခင်ဦးနဲ့ ကန့်ဘလူမှာဆိုလည်း စစ်ကြောင်းပျက်တဲ့အထိ ဖြစ်ခဲ့တာတွေ့ရတယ်။ စစ်တပ်ရဲ့ တပ်မတောင်ဒီလောက်အထိ အထိနာတာ ဘယ်လိုကြောင့်လဲ ပြောပြပေးပါဦး။
ဖြေ – တပ်မ(၃၃)ပဲ ဖြစ်စေ။ ကျန်တဲ့ တပ်မတွေပဲ ဖြစ်စေ အဓိကတော့ ပစ(ပြည်သူ့စစ်)နဲ့ ပျူသင်တန်းဆင်းတွေနဲ့ တပ်ကို စုဖွဲ့ပြီး တိုက်နေကြရတာဖြစ်တယ်။စစ်သားစစ်စစ် ရယ်လို့ နည်းတယ်။ရန့်သူ့စစ်ကြောင်းမှာ ပစနဲ့ ပျူက အင်အားရဲ့ တဝက်ကျော်ပါတယ်။သူတို့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ လှုပ်ရှားနိုင်စွမ်းက နည်းတယ်။
မေး – ခုနောက်ပိုင်း တိုက်ပွဲတွေမှာ တပ်ရင်း၊ပကဖ၊Local စသဖြင့် အဖွဲ့တွေ အစုံပါလာကြတာတွေ့ရတယ်။စစ်ရေးမှာ ပူးပေါင်းမှုတွေ အားကောင်းလာတာလား။
ဖြေ – အညာကရှုပ်တယ်လို့ ပြောနေကြတာတွေရှိတယ်။တကယ်က အညာက စစ်ရေး၊တိုက်ခိုက်ရေးမှာ မရှုပ်ပါဘူး။ အတူတူ ပူးပေါင်းလုပ်ဆောင်ကြတဲ့အခါမှာ ပကဖ တွေ၊ Localတွေ နဲ့ တပ်ရင်းတွေပါကြတယ်။အကောင်းဆုံးစုဖွဲ့ပြီး နိုင်တဲ့အားနဲ့ လုပ်ကြတယ်။ရင်းမြစ်တွေအရမှာ အားနည်းမှုတွေတော့ရှိပါတယ်။
မေး -ဒေသတွင်းလက်ရှိစစ်ရေးစုဖွဲ့မှုကိုရော ဘယ်အတိုင်းအတာရှိနေပြီလို့ သတ်မှတ်လို့ရလဲ။
ဖြေ – အဓိကတော့ နယ်မြေတွင်းပေါင်းစည်းမှုပေါ့။နယ်မြေတွင်းမှာ ပေါင်းစည်းမှုအများကြီးရှိလာတယ်။ရှေ့လျှောက်လည်း ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ဒေသတွင်း အဖွဲ့အစည်းတွေ ပေါင်းစည်းမှုက စစ်ရေးမှာ တော်တော်ကြီး အားကောင်းလာနေတယ်။
မေး – ဖြည့်စွက် ဘာပြောချင်သေးလဲဗျ။
ဖြေ – ဘယ်လိုပဲ ဖြစ်ဖြစ် အရင်တုန်းကလက်သုံးချောင်းနဲ့တောင်စခဲ့တာပဲ။အခုက မောင်းပြန်တွေရှိနေကြပြီ။ ဒီ့ထက်ပိုပြီး စည်းလုံးမယ်။ဒီ့ထက်ပိုပြီး တိုက်ပွဲဝင်သွားကြမယ်လို့ ပြောလိုပါတယ်။
ကျေးဇူးတင်ပါတယ်။















































