ဇန်နဝါရီ-၈၊၂၀၂၆။People’s Spring
အမေရိကန်မှာအမျိုးသမီး တစ်ဦးကိုလူဝင်မှု ကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန (ICE)ရဲ့အေးဂျင့်တစ်ဦးက ပစ်သတ်ခဲ့တဲ့အပေါ်လူထုကြားမှာမကျေနပ်မှုနဲ့ဝေဖန်မှုတွေပိုပြီးကြီးထွားလာနေပါတယ်။
မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုးလစ်မြို့မှာ အသက် ၃၇ နှစ်အရွယ် ရီနီ နစ်ကိုးလ်ဂွတ်ဒ်ဟာ ICE အေးဂျင့်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ICEရဲ့ မိခင်ဌာနဖြစ်တဲ့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနကတော့ ဂွတ်ဒ်ဟာ ဆူပူသောင်းကျန်းသူ တစ်ဦးလို့ စွပ်စွဲပြီး ICE အေးဂျင့်တွေကို ကားနဲ့တိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ စည်းမျဉ်းနဲ့အညီ တုံ့ပြန်ခဲ့တာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။
မျက်မြင်တွေကတော့ ဂွတ်ဒ်ဟာ ICE အေးဂျင့်တွေကို ရန်လိုတဲ့အမူအယာမျိုးလုံးဝမပြသခဲ့ဘူးလို့ ပြောပါတယ်။ သူနဲ့ နီးစပ်သူတွေကလည်းဂွတ်ဒ်ဟာ ကလေးတစ်ဦးရဲ့ မိခင်ဖြစ်ပြီး အနေအေးဆေးတယ်လို့ ဆိုပါတယ်။

Public Service Announcement
မင်နီယာပိုးလစ် မြို့တော်ဝန် ဂျက်ကော့ဘ် ဖရေးကလည်း ICE အေးဂျင့်တွေရဲ့ အဆင်ခြင်မဲ့ ပြုမူပြီး အလွန်အကျွံ အင်အားသုံးမှုကြောင့် အသက်တစ်ချောင်း ဆုံးရှုံးခဲ့ရကြောင်း ဝေဖန်စွပ်စွဲသွားပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုထဲမှာတော့နှင်းတွေဖုံးလွှမ်းနေတဲ့လမ်းတစ်နေရာမှာကန့်လန့် ရပ်ထားတဲ့ နီညိုရောင်SUVတစ်စီးနားကို ICE အေးဂျင့် တစ်ဦးက ကပ်သွားပြီး တံခါးကို အတင်းဆွဲဖွင့်တဲ့အခါကားကမောင်းထွက်သွားပြီးအဲဒီအချိန်မှာ နောက်ထပ် အေးဂျင့်တစ်ဦးက အနီးကပ် သုံးချက်လောက် ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။ ကားကလည်းလမ်းဘေးမှာရပ်ထားတဲ့ကားတချို့နဲ့ သစ်ပင်တစ်ပင်ကို ဝင်တိုက်ပြီး ရပ်တန့်သွားပါတယ်။
ကားမောင်းထွက်သွားတဲ့ အချိန်တုန်းက ICE အေးဂျင့်တွေကို တိုက်မိခဲ့သလား၊ ဒါမှမဟုတ်ယာဉ်မောင်းက တကယ်ပဲ အန္တရာယ်ပေးဖို့ ရည်ရွယ်ခဲ့သလားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။
လူမှုကွန်ရက် မီဒီယာ Truth မှာတော့ ထရမ့်က နောက်ထပ် ရှုထောင့်တစ်ခုကနေ ရိုက်ထားတဲ့ ဗီဒီယို တစ်ခုကို တင်ထားခဲ့ပြီး ပစ်ခတ် ခံရပြီးတဲ့ အချိန်မှာအမျိုးသမီးဟာ ICEအရာရှိတစ်ယောက်ကို ကားနဲ့တက်ကြိတ်သွားခဲ့တယ်လို့ စွပ်စွဲထားခဲ့ပါတယ်။အဲဒီအရာရှိဟာအသက်မသေတာ ကံကောင်းလွန်းလို့ဖြစ်ပြီး အခုတော့ အခြေအနေကောင်းလို့ ဆေးရုံကနေ ပြန်ဆင်းသွားပြီလို့ ဆိုပါတယ်။
ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက သေဆုံးသူ အမျိုးသမီးဟာ တရားဥပဒေ စိုးမိုးရေး အရာရှိတွေကိုတစ်နေကုန်လိုက်လံနှောင့်ယှက်နေခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးကားကိုလည်းလက်နက်လို အသုံးချခဲ့တယ်လို့ပြောကြားသွားပါတယ်။နောက်ပြီး အရာရှိ တစ်ဦးကို ကားနဲ့ တက်ကြိတ်ဖို့ အားထုတ်တာဟာ ပြည်တွင်း အကြမ်းဖက်မှုအဖြစ် သတ်မှတ်လို့ ရနိုင်ကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။
ပြည်တွင်း လုံခြုံရေး ဝန်ကြီး ခရစ္စတီ နိုအမ်က ICE အေးဂျင့်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သေနတ်နဲ့ ပစ်ခဲ့တာသာဖြစ်တယ်လို့ ကာကွယ် ပြောကြားထားပါတယ်။
ဒါပေမဲ့ မြို့ခံတွေကတော့ အမေရိကန် အစိုးရရဲ့ အကြောင်းပြချက်ကို မကျေနပ်ဘဲ ဂွတ်ဒ်သေဆုံးမှုနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေ မြင့်တက်လာသလို မြို့ထဲမှာ စုဝေးပြီး ဆန္ဒပြတာ၊ ကွယ်လွန်သူအတွက် ဆုတောင်းပေးတာမျိုးတွေ လုပ်နေကြပါတယ်။
အမေရိကန် နိုင်ငံသားတစ်ယောက်ကိုICEအေးဂျင့်တစ်ယောက်က ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ မြို့ပြတွေထဲမှာ အဲဒီအေးဂျင့်တွေကို ဖြန့်ကျက်ထားစေတဲ့ သမ္မတ ထရမ့်အတွက်လည်း ဖိအားတွေ ကြုံလာစေဖွယ် ရှိပါတယ်။ အမေရိကန်ကို ရောက်ရှိနေတဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖြိုခွင်းမယ့် ထရမ့်ရဲ့ မူဝါဒမှာတော့ မြို့ရွာတွေအနှံ့ ICE အေးဂျင့်တွေကို ဖြန့်ကျက်ထားမှုက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
မင်နီယာပိုးလစ်မှာတော့ လူမှုဖူလုံရေး လိမ်လည်မှု ကျူးလွန်နေတဲ့ မှုခင်းတွေ ရှိနေကြောင်းစွပ်စွဲပြီး ICE အေးဂျင့်တွေအပါအဝင်ဖက်ဒရယ် အေဂျင်စီတွေရဲ့အရာရှိပေါင်း ၂၀၀၀လောက်ကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းထရမ့်ကစေလွှတ်ဖြန့်ကျက်ထားတာ ဖြစ်ပါတယ်။
ကိုးကား- AP


















































