close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မာဒူရိုကို အမေရိကန် ဘယ်လို ဝင်ဖမ်းခဲ့သလဲ

ဗင်နီဇွဲလား နိုင်ငံပိုင်နက်ထဲ ဝင်ရောက်ပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ မစ်ရှင်ဟာ အရမ်းထူးကဲ ကောင်းမွန်တဲ့ စစ်ဆင်ရေး ဖြစ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

ဓာတ်ပုံ- Getty Images, Reuters, Donald Trump/Truth Social, WCBS

ဗင်နီဇွဲလား နိုင်ငံပိုင်နက်ထဲ ဝင်ရောက်ပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ မစ်ရှင်ဟာ အရမ်းထူးကဲ ကောင်းမွန်တဲ့ စစ်ဆင်ရေး ဖြစ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

စစ်ဆင်ရေး စတင်ဖို့ ထရမ့်ဆီက မီးစိမ်းပြလိုက်တဲ့ ‘ကံကောင်းပါစေ၊ ခရီးလမ်း ချောမွေ့ပါစေ’ဆိုတဲ့ အကြောင်းကြားမှုကို လက်ခံရရှိပြီး ၃ နာရီ မပြည့်ခင်မှာပဲ အမေရိကန် တပ်တွေဟာ မာဒူရိုနဲ့ ဇနီးဖြစ်သူကို ဗင်နီဇွဲလား ပိုင်နက်ထဲကနေ ဖမ်းဆီး ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ ကရာဆက်စ် မြို့တော်ထဲမှာ အမေရိကန် စစ်လေယာဉ် အစီး ၁၅၀ လောက် အုံနဲ့ကျင်းနဲ့ ဝင်ရောက်လာတဲ့ အချိန်ကနေ စတွက်ရင်တော့ နာရီဝက် ဝန်းကျင်လောက် အချိန်အတွင်းမှာတင် စစ်ဆင်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်တပ်တွေ အသေအပျောက် လုံးဝ မရှိခဲ့ပါဘူး။

အမေရိကန်က အချိန်မရွေး တိုက်ခိုက်လာနိုင်တာကို သဘောပေါက်ထားတဲ့ မာဒူရိုဟာ သူ့ရဲ့ နေအိမ်မှာ လုံခြုံရေး အလုံးအရင်း ဖြန့်ကျက်ထားပေမယ့် မြေပြင်ပေါ် ဆင်းသက်လာတဲ့ အမေရိကန် ထိပ်တန်း အထူးတပ်ဖွဲ့ Delta Forceကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Delta Force တပ်ဖွဲ့ဝင်တွေဟာ မျက်နှာ အဝတ်စည်းထားတဲ့ မာဒူရိုကို အမေရိကန် စစ်သင်္ဘော တစ်စီးပေါ် ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနောက် တရားစီရင် စစ်ဆေးမှု ခံယူဖို့ နယူးယောက်ဆီ ဆက်လက် ပို့ဆောင်ခဲ့ပါတယ်။

နိုင်ငံခေါင်းဆောင် တစ်ယောက်ကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို နိုင်ငံပိုင်နက်ထဲထိ ဝင်ဖမ်းပြီး သွေးတစ်စက်တောင် မြေမကျခဲ့တဲ့ အမေရိကန်ရဲ့ စစ်ရေး စွမ်းရည်နဲ့ နည်းပညာပိုင်း၊ မဟာဗျူဟာပိုင်း အားသာချက်တွေကို အခုစစ်ဆင်ရေးမှာ မျက်ဝါးထင်ထင် မြင်ခွင့်ရခဲ့ပါတယ်။ တစ်ဖက်မှာလည်း အဲဒီ လုပ်ဆောင်ချက်ကပဲ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်း စံနှုန်းတွေကို အကြီးအကျယ် ချိုးဖောက်ခဲ့သလား ဆိုတာကို မေးခွန်းထုတ်စရာတွေ ရှိလာပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့ စံတော်ချိန် (ETA) ညပိုင်း ၁၀း၄၆ နာရီမှာ ထရမ့်ဆီက အမိန့်ဟာ ထိပ်တန်း လျှို့ဝှက်အဆင့် စစ်ဆင်ရေးကို ကွပ်ကဲမယ့် စစ်ဦးစီးတွေဆီ ရောက်လာခဲ့ပါတယ်။ လပေါင်းများစွာ ကြိုတင် အချိန်ယူ ပြင်ဆင်ထားတဲ့ စစ်ဆင်ရေးဟာ လက်တွေ့ အသက်ဝင်လာခဲ့ပါတယ်။ အမေရိကန် တပ်တွေဟာ မာဒူရိုရဲ့ နေအိမ်ကို ဝင်စီးတဲ့ လက်တွေ့ လေ့ကျင့်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ထားပြီး ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA)ကလည်း ကရာဆက်စ်မှာ သူလျှိုတွေကို ဖြန့်ကျက်ထားခဲ့ပါတယ်။

‘ရွှေ့ပြောင်းရေး အဖွဲ့’လို့ ကုတ်ဒ်နာမည် ပေးထားတဲ့ တပ်ဖွဲ့ဝင်တွေကို တင်ဆောင်ထားတဲ့ ရဟတ်ယာဉ်တွေဟာ ရဟတ်ယာဉ်တွေနဲ့ စတင်ထွက်ခွာခဲ့ကြပါတယ်။ အဲဒီ အဖွဲ့ထဲမှာ အမေရိကန် ကြည်းတပ်ရဲ့ အထူးတိုက်ခိုက်ရေး ယူနစ်ဖြစ်တဲ့ Delta Force တပ်ဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI) အေးဂျင့်တွေ စီးနင်း လိုက်ပါခဲ့ကြပါတယ်။ ရဟတ်ယာဉ်တွေဟာ ကာရေဘီယန် ပင်လယ်ပြင်အထက် ပေ ၁၀၀ လောက် အကွာကနေ ခပ်မြန်မြန် ပျံသန်းရင်း ကရာကက်စ် မြို့တော် ပိုင်နက်ဆီ ချဉ်းကပ်ခဲ့ကြပါတယ်။

သိပ်မကြာခင်မှာပဲ အမေရိကန် တိုက်လေယာဉ်နဲ့ ဗုံးကြဲလေယာဉ်တွေက လေထဲမှာ တိုက်ပွဲဝင်ဖို့ အသင့် စောင့်နေခဲ့ပါတယ်။ ရဟတ်ယာဉ်တွေက မာဒူရိုရဲ့ အိမ်တော်ဝင်းနားထိ ချဉ်းကပ်နိုင်ပြီ ဆိုတာကို အချက်ပြလိုက်တာနဲ့ အမေရိကန် တိုက်လေယာဉ်တွေဟာ ကရာကက်စ်မှာ ရှိနေတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ပယ်ပယ်နယ်နယ် ပစ်ခတ် ဖျက်ဆီးပစ်ပါတော့တယ်။ ပြီးတော့ ဓာတ်အားပေး စက်ရုံတွေကိုပါ ပစ်ခတ်ခဲ့တာကြောင့် အဲဒီဧရိယာ တဝိုက်မှာ မှောင်အတိ ကျသွားခဲ့ပါတယ်။

ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း ရဟတ်ယာဉ်တွေက အိမ်တော်ဝင်းနား ရောက်လာတာနဲ့ သည်းသည်းမည်းမည်း တုံ့ပြန် ပစ်ခတ်မှုတွေကို ခံခဲ့ရပါတယ်။ တစ်စီးကို လက်နက်ငယ် ကျည်ဆန် ထိမှန်ခဲ့ပေမယ့် ဆက်ပြီး ပျံသန်းလို့ ရနေခဲ့ပါတယ်။ အဲဒီနောက် အမေရိကန် အထူးတပ်ဖွဲ့တွေဟာ မာဒူရိုရဲ့ ပိုင်နက်ထဲမှာ ခြေချလိုက်ပါတယ်။ အချိန်ကတော့ ဇန်နဝါရီ ၃ ရက်နေ့ ETA စံတော်ချိန် မနက် ၁း၀၁ နာရီပါ။

ရွှေ့ပြောင်းရေး အဖွဲ့က အိမ်ထဲကို ဝင်ရောက် စီးနင်းချိန်မှာ ဝေဟင်နဲ့ မြေပြင်မှာ ရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက အချိန်နဲ့ တပြေးညီ ရန်သူ့လှုပ်ရှားမှု သတင်းတွေကို ထောက်လှမ်း ပေးပို့နေခဲ့ပါတယ်။ အဲဒီ မစ်ရှင်ကို ထရမ့်က ပူးပေါင်းစစ်ဆင်ရေး အကြီးအကဲ ဒန်ကိန်း၊ နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ရူဘီရို၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ CIA ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖ်တို့နဲ့အတူ ဖလော်ရီဒါမှာရှိတဲ့ ထရမ့်ရဲ့ ကိုယ်ပိုင် Mar-a-Lago စံအိမ်ကြီးကနေ တိုက်ရိုက် စောင့်ကြည့်နေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ထရမ့်က အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ပြင်းပြင်းထန်ထန် ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ခုခံမှုတွေကို ချိုးဖောက်ပြီး အိမ်တော်ဝင်းရဲ့ နောက်ဆုံးအဆင့် လုံခြုံရေး စည်းအတွင်းထဲကို Delta Force တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နိုင်ခဲ့ပါတယ်။ မာဒူရိုနဲ့ ဇနီးတို့ဟာ သံမဏိ အားဖြည့် တည်ဆောက်ထားတဲ့ အခန်းတစ်ခုထဲ အရေးပေါ် ထွက်ပြေး တိမ်းရှောင်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ရည်မှန်းချက် အထမမြောက်ခင် ကြားဖြတ် ဖမ်းဆီး ခံခဲ့ရတာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

တကယ်လို့ မာဒူရိုရဲ့ အကြံအစည် အထမြောက်ခဲ့ရင်တောင် ရွှေ့ပြောင်းရေး အဖွဲ့ဟာ သံမဏိ တံခါးကို ဖောက်ခွဲဖို့ အကြိမ်ကြိမ် ကြိုတင် လေ့ကျင့်ထားပြီး ဖြစ်တယ်လို့ ထရမ့်က ဆိုတယ်။ အဲဒီ လုပ်ဆောင်မှုရဲ့ ပျမ်းမျှ ကြာချိန်ဟာ ၄၇ စက္ကန့် ဝန်းကျင်လောက်သာ ဖြစ်လိမ့်မယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အဲဒီ လေ့ကျင့်ထားမှုတွေကို လက်တွေ့ အသုံးပြုစရာ မလိုခဲ့ဘဲ မာဒူရိုတို့ ဇနီးမောင်နှံကို ဖမ်းမိခဲ့ပါတယ်။ အခုအခါမှာတော့ Delta Forceရဲ့ ရည်ရွယ်ချက်ဟာ ဘေးကင်းကင်းနဲ့ ပြန်လည် ဆုတ်ခွာရေး ဖြစ်လာပါတယ်။

အိမ်တော်ထဲကနေ ရွှေ့ပြောင်းရေးအဖွဲ့ ပြန်ထွက်ခွာလာချိန်မှာ နောက်ထပ် ရဟတ်ယာဉ်တွေ တဖွဲဖွဲ ဆိုက်ရောက်လာပါတယ်။ ရည်ရွယ်ချက်ကတော့ အပြင်ဖက်ကနေ ချဉ်းကပ်လာမယ့် ရန်သူ တပ်ကူတွေကို ဖြိုခွင်းဖို့ ဖြစ်ပါတယ်။ မာဒူရိုကို ဝင်ဖမ်းတဲ့ အပိုင်းက ခွဲစိတ်ခန်းသုံး ဓားကို ကိုင်တွယ်သလို အနုစိတ် သပ်သပ်ရပ်ရပ် အကောင်အထည် ဖော်ဖို့ လိုပေမယ့် ထပ်ရောက်လာတဲ့ ရဟတ်ယာဉ်ပေါ်က စစ်ကူတွေကတော့ လွှစက်နဲ့ အပိုင်းပိုင်းဖြတ်မယ့် အပိုင်းမျိုးကို တာဝန်ယူသွားမှာပါ။

ဒါပေမဲ့ မြေပြင်တပ်တွေ အများကြီး ဝန်ပေါ့သွားအောင် အမေရိကန် တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေက တာဝန်ကျေပေးခဲ့ပါတယ်။ မှောင်မိုက်နေတဲ့ ညကောင်းကင်ယံကနေ ပျံသန်းလာတဲ့ ဒုံးကျည်တွေ၊ ဗုံးတွေဟာ မာဒူရိုရဲ့ သစ္စာတော်ခံ တပ်တွေ ချဉ်းကပ်မလာနိုင်အောင် ဦးချိုးထားနိုင်ခဲ့ပါတယ်။ ကိန်းက မြေပြင်တပ်တွေဟာ ရဟတ်ယာဉ်တွေပေါ် ပြန်တက်ပြီး ဆုတ်ခွာချိန်အထိ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရန်သူနဲ့ ထိတွေ့ ပစ်ခတ်မှုတွေ အကြိမ်တချို့ ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ နောက်တော့ ရဟတ်ယာဉ်အားလုံးဟာ ပင်လယ်ပြင်ဖက်ဆီ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေး ရာနှုန်းပြည့် အောင်မြင် ပြီးမြောက်ခဲ့ပါတယ်။ ရဟတ်ယာဉ်တွေ အားလုံး ကရာကက်စ် ကမ်းရိုးတန်းကို လွန်မြောက်ချိန်က ETA စံတော်ချိန် ၃း၂၉ နာရီ ဖြစ်ပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးမှ ထိခိုက်ဒဏ်ရာရမှုတောင် မရှိခဲ့ဘူးလို့ အစောပိုင်းမှာ သတင်းတွေ ထွက်ခဲ့ပေမယ့် ထရမ့်ကတော့ အရေအတွက် နည်းနည်း ဒဏ်ရာရခဲ့တယ်လို့ ပြန်လည် ပြင်ဆင် ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သေဆုံးသူတော့ တစ်ဦးမှ မရှိခဲ့ပါဘူး။ ဗင်နီဇွဲလားဖက်က အသေအပျောက် ကိန်းဂဏန်းကိုတော့ မသိရသေးပါဘူး။

ETA စံတော်ချိန် ၄း၂၁ နာရီမှာတော့ မာဒူရိုကို လက်ရ ဖမ်းဆီးခဲ့တဲ့ သတင်းကို ထရမ့်က လူမှုကွန်ရက်ကနေ တစ်ကမ္ဘာလုံးကို အသိပေး ကြေညာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ဖြူတော်နဲ့ ထရမ့်ကိုယ်တိုင်က မာဒူရိုရဲ့ မျက်နှာ အဝတ်စည်းလျက်သားနဲ့ USS Iwo Jima စစ်သင်္ဘောကြီးပေါ်မှာ ထိန်းသိမ်းခံထားရတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ကြပါတယ်။

နောက်ပိုင်း ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ စစ်ဆင်ရေး မတိုင်ခင် ဩဂုတ်လ ကတည်းက CIAရဲ့ အထူးအေးဂျင့် အဖွဲ့တစ်ခုဟာ ဗင်နီဇွဲလား ပိုင်နက်ထဲ စိမ့်ဝင်ပြီး ကြိုတင် ထောက်လှမ်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ သူတို့ဟာ မာဒူရို သွားလေ့ရှိတဲ့ နေရာတွေ၊ အမူအကျင့်တွေကို သေချာ လေ့လာမှတ်သားခဲ့ပြီး အဲဒီ ထောက်လှမ်းရေး အချက်အလက်တွေက စစ်ဆင်ရေးကို ပြင်ဆင် ရေးဆွဲရာမှာ အရမ်း အထောက်အကူ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ မာဒူရိုက ဘယ်ကိုသွားသလဲ၊ ဘယ်မှာနေသလဲ၊ ဘယ်အစားအစာတွေကို ကြိုက်သလဲ၊ ဒီနေ့ ဘာဝတ်ထားလဲ၊ သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေက ဘာတွေလဲ ဆိုတာကအစ သိနေခဲ့ပါတယ်။

တကယ်တော့ စစ်ဆင်ရေးကို ဒီဇင်ဘာ လကုန်ပိုင်းလောက်မှာ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့်လည်း ရာသီဥတု အခြေအနေတွေကြောင့် ၄ ရက် နောက်ဆုတ်ခဲ့ရကြောင်း ထရမ့်က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ