close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လေယာဉ်ဆီတွေကို ခိုး​ကြောင်ခိုးဝှက်ဆက်လက် ဝယ်ရနေဆဲလို့ AI သတိပေး

ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ဆင်နွှဲဖို့အတွက် မြန်မာစစ်တပ်ဟာ လေယာဉ်ဆီတွေကို ဝယ်ယူရရှိနေဆဲလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က သတိပေး ဖော်ပြခဲ့ပါတယ်။

ဓါတ်ပုံ-စစ်တပ်အတွက်​လေယာဥ်ဆီခိုးသွင်းတဲ့ သင်္ဘော​တွေကို ​ခြေရာခံထားပုံ- planet lab pbc ၊Kpler

■ရေဒါစနစ်ကိုပိတ်ထားတဲ့” တစ္ဆေသင်္ဘော” တွေက​နေ အီရန်နိုင်ငံကဆီ​တွေကိုလည်းဝယ်ယူခဲ့

■၂၀၂၅ခုနှစ်မှာ စစ်အုပ်စုက​လေယာဥ်ဆီတန်ချိန်​ပေါင်းတစ်သိန်း​ကျော်တင်သွင်းခဲ့တာကို​​ခြေရာခံနိုင်ခဲ့

ဇန်နဝါရီ-၂၆၊၂၀၂၆။People’s Spring

ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ဆင်နွှဲဖို့အတွက် မြန်မာစစ်တပ်ဟာ လေယာဉ်ဆီတွေကို ဝယ်ယူရရှိနေဆဲလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က သတိပေး ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်လေယာဉ်တွေမှာ အသုံးပြုတဲ့ အထူးသန့်စင်ထားတဲ့ လေယာဉ်ဆီတွေဟာလျှို့ဝှက်ပြီး ခြေရာခံဖို့ခက်တဲ့ ပင်လယ်သမုဒ္ဒရာ ရေလမ်းကြောင်းတွေကနေ မြန်မာနိုင်ငံဆီ ဆက်လက် ဝင်ရောက်နေဆဲလို့ AI က ဆိုပါတယ်။ အဲဒီ လေယာဉ်ဆီ သယ်ယူမှုတွေကိုတော့ တစ္ဆေရေယာဉ်တွေလို့ ခေါ်ဝေါ်လေ့ရှိတဲ့ တရားမဝင်လှုပ်ရှားတဲ့ရေနံတင်သင်္ဘော အစုအဖွဲ့ကတာဝန်ယူပေးနေတယ်လို့လည်းAIက ဖော်ပြခဲ့ပါတယ်။

တစ္ဆေသင်္ဘောတွေဟာ ရုရှား၊ အီရန်၊​မြောက်ကိုရီးယားတို့လို နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု ကြုံတွေ့နေရတဲ့ နိုင်ငံတွေဆီ ရေနံသယ်ယူမှုတွေကိုတာဝန်ယူ ကိုင်တွယ်ပေးခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ဖူးပါတယ်။ အဲဒီ သင်္ဘောတွေဟာ တည်နေရာပြ ကိရိယာတွေကို ပိတ်ပစ်တာမျိုး၊ ဒါမှမဟုတ် တည်နေရာ လွဲမှားပြီး ဖော်ပြတာမျိုး နည်းလမ်းတွေကို အသုံးပြုပြီး နိုင်ငံတကာစောင့်ကြည့်မှုတွေကိုရှောင်ရှားလေ့ရှိပါတယ်။

AI က ကုန်သွယ်ရေးမှတ်တမ်းတွေ၊ သင်္ဘောသွားလာမှု အချက်အလက်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေဆီက အချက်အလက်တွေကိုလေ့လာကြည့်တဲ့အခါမှာ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ကွင်းပြီး လေယာဉ်ဆီတွေ တင်သွင်းနေတယ် ဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

​ဒီလိုရှောင်တဲ့နေရာမှာ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ သုံးလေ့ရှိတဲ့ နည်းလမ်းဟောင်းကြီးကိုပဲ သုံးနေတာပါ။ အဓိကကတော့ လေယာဉ်ဆီတင်လာတဲ့ သင်္ဘောတွေဟာ သူတို့ ဘယ်ရောက်နေလဲဆိုတာကို သိနိုင်တဲ့ AIS (Automatic Identification System) လို့ခေါ်တဲ့ ရေဒါစနစ်ကို ပိတ်ထားပြီး “ တစ္ဆေသင်္ဘော” တွေလိုမျိုး ခိုးကြောင်ခိုးဝှက် ဝင်လာကြတာ ဖြစ်ပါတယ်။

​ဒီလိုလုပ်လိုက်တဲ့အတွက် အဲဒီဆီတွေကို ဘယ်သူ​တွေက ရောင်းလိုက်တာလဲဆိုတာကို အတည်ပြုဖို့ တော်တော်လေးခက်ခဲသွားပါတယ်။ ဒါပေမဲ့ Amnesty အနေနဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစပြီး မြန်မာနိုင်ငံထဲကို လေယာဉ်ဆီတွေ အကြိမ်ကြိမ် ဝင်လာတာကို ခြေရာခံနိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန်က ပိတ်ဆို့အရေးယူထားသလို၊အရင်ကလည်းဝယ်ဖူးတဲ့ အီရန်ကနေ ဆီတွေတင်ပို့ဖူးတဲ့ သင်္ဘောနှစ်စင်းတောင် ပါနေတယ်လို့ဆိုပါတယ်။

​ကမ္ဘာတစ်ဝန်း ကုန်စည်စီးဆင်းမှုကို စောင့်ကြည့်တဲ့ Kpler အဖွဲ့ရဲ့ အဆိုအရ အဲဒီသင်္ဘောနှစ်စင်းပေါ်က ဆီတွေအားလုံးဟာ အီရန်ကလာတာလို့ ယူဆရသလို၊ Amnesty က စစ်ဆေးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရလည်း ဒီကိစ္စဟာ အီရန်နဲ့ ပတ်သက်နေဖို့များတယ်လို့သုံးသပ်ထားပါတယ်။

AIကတော့ စစ်​ကောင်စီဟာ၂၀၂၅ ခုနှစ်အတွင်း လေယာဉ်ဆီတန်ချိန်​ပေါင်း၁၀၉,၆၀၄တန်လောက်တင်သွင်းခဲ့တယ်လို့ခြေရာခံတွေ့ရှိထားပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်နဲ့ ယှဉ်လိုက်ရင် ၆၉ ရာခိုင်နှုန်း တိုးလာတာဖြစ်သလို အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း နှစ်အလိုက် အမြင့်ဆုံး ပမာဏလည်း ဖြစ်လာပါတယ်။

AIရဲ့ အဆိုအရ ၂၀၂၄ နှစ်လယ်ကနေ ၂၀၂၅ နှစ်ကုန်ပိုင်းထိ တစ္ဆေသင်္ဘော အုပ်စုထဲက ရေယာဉ် ၄ စီးဟာ မြန်မာနိုင်ငံဆီ လေယာဉ်ဆီ ပို့ဆောင်မှုတွေ ၉ ကြိမ် လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီသင်္ဘောတွေဟာတည်နေရာညွှန်ပြစနစ်တွေကိုပိတ်ပစ်တာ၊ နာမည်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းနဲ့ နိုင်ငံအလံတွေ ပြောင်းလဲတာမျိုး နည်းတွေကို သုံးခဲ့သလို တချို့ အခြေအနေတွေမှာတော့မြန်မာဆိပ်ကမ်းထိမကပ်ဘဲပင်လယ်ပြင်မှာပဲလေယာဉ်ဆီတွေကို ရေယာဉ်ချင်း လွှဲပြောင်းပေးတာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

AIကခြေရာခံလေ့လာကြည့်တဲ့အခါ REEFနဲ့NOBLE ဆိုတဲ့ နာမည်နဲ့ ရေယာဉ်တွေဟာ မြန်မာနိုင်ငံဆီ ရောက်မလာခင် အီရန်နိုင်ငံတဝိုက်မှာ ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီ ရေနံတင် သင်္ဘောတွေဟာ ပိတ်ဆို့ အရေးယူမှု ခံထားရတဲ့ လောင်စာဆီတွေကို ပို့ဆောင်ပေးဖူးတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။

အခု တွေ့ရှိချက်တွေအရ အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ကြုံနေရတဲ့တိုင်ရက်စက်ကြမ်းကြုတ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဖို့ လေယာဉ်ဆီတွေကို လက်လှမ်းမီနေဆဲဆိုတာ ညွှန်ပြနေကြောင်း AIရဲ့ ဒေသဆိုင်ရာ သုတေသန ဒါရိုက်တာ မွန်ဆီဖာရားက ပြောကြားခဲ့ပါတယ်။ပြီးတော့၂၀၂၅ခုနှစ်ဟာ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသေအပျောက် အများဆုံး နှစ်ဖြစ်လာခဲ့တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

AIက နိုင်ငံတကာ အစိုးရ အသီးသီး အနေနဲ့ မြန်မာနိုင်ငံဆီ တရားမဝင် လမ်းကြောင်းတွေကနေ လေယာဉ်ဆီတွေ ဝင်ရောက်နေမှုကို ထိထိရောက်ရောက် တားဆီးနိုင်ရေး ပိုမို အားထုတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ အရေးယူမှုတွေ နှောင့်နှေးနေခြင်းရဲ့ အကျိုးဆက်တိုင်းက အဖိုးတန်လူ့အသက်တွေကိုပိုပြီး စတေးရာ ရောက်နေနိုင်တယ်လို့လည်း AIက သတိပေးသွားခဲ့ပါတယ်။

ကိုးကား- Amnesty International

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးတွေကို အကာအကွယ် ပေးဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ တင်းကျပ်သွားမယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ပါတီခေါင်းဆောင်ကို လူအစစ်မဟုတ်ဘဲဉာဏ်ရည်တု(AI)နည်းပညာနဲ့ဖန်တီးပြီးခန့်အပ်မယ်ဆိုတဲ့ ဂျပန်နိုင်ငံရေးပါတီတစ်ခုရဲ့ကြေညာချက်ဟာ အငြင်းအခုံတွေဖြစ်ပေါ်နေစေပါတယ်။

နိုင်ငံတကာ

ဂျပန် အမျိုးသမီး Popဂီတ အဖွဲ့တစ်ခုအတွက် သီချင်းကို နာမည်ကြီး ဂီတစာဆိုနဲ့ ဉာဏ်ရည်တု နည်းပညာ (AI)တို့ ပြိုင်ရေးပြီး ပရိသတ် အကြိုက်တွေ့မှု အဆုံးအဖြတ် ခံယူခဲ့ရမှာ AI က အနိုင်ရသွားပါတယ်။

နိုင်ငံတကာ

ဗြိတိန်က ဘောလုံးကလပ် တစ်ခုဟာ ကစားသမားတွေကို စာချုပ်ဖို့ ပြင်ဆင်မှုတွေအတွက် ဉာဏ်ရည်တု နည်းပညာ (AI)ကို စတင် အသုံးပြုတော့မယ်လို့ သိရပါတယ်။