close
Connect with us

Hi, what are you looking for?

ဆောင်းပါး

နီပါးဗိုင်းရပ်စ် ဆိုတာ ဘာလဲ?

အိန္ဒိယမှာ အခုဘာတွေဖြစ်နေတာလဲ ။အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) မှာနီပါးဗိုင်းရပ်စ် (Nipah Virus)ကူးစက်မှုတချို့ စတင်တွေ့ရှိနေရပါတယ်။

ကိုဗလ​ရေးသားသည်။

အိန္ဒိယမှာ အခုဘာတွေဖြစ်နေတာလဲ ။အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) မှာနီပါးဗိုင်းရပ်စ် (Nipah Virus)ကူးစက်မှုတချို့ စတင်တွေ့ရှိနေရပါတယ်။

အရင်ကကီရာလာ(Kerala) ပြည်နယ်မှာပဲအဖြစ်များလေ့ရှိပေမယ့် အခုတကြိမ်မှာတော့ အနောက်ဘင်္ဂလားမှာ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိတာဖြစ်ပါတယ်။လောလောဆယ် သတင်းတွေအရအတည်ပြုလူနာ ၅ဦး(ကျန်းမာရေးဝန်ထမ်းတွေ) ရှိနေပြီး လူ ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပါတယ်။

■နီပါးဗိုင်းရပ်စ်ဆိုတာဘာလဲ၊ဘယ်က​နေစတာလဲ

Public Service Announcement

Public Service Announcement

တိရစ္ဆာန်ကနေလူကိုကူးစက်တဲ့ဗိုင်းရပ်စ် (Zoonotic Virus)မျိုးဖြစ်ပါတယ်။နီပါးဗိုင်းရပ်စ်ကတော့လင်းနို့တွေကနေတဆင့်လူတွေဆီစတင်ကူးစက်တာပါ။လင်းနို့တွေဟာ ဖျားနာခြင်းမရှိပေမယ့်သူတို့ရဲ့တံတွေး၊ ဆီး နဲ့ မစင်တွေကတစ်ဆင့် ဗိုင်းရပ်စ်က လူတွေဆီ ရောက်လာပါတယ်။ လင်းနို့ကိုက်ထားတဲ့ အသီးတွေကို စားမိတာ ဒါမှမဟုတ် လင်းနို့တွေ နားထားတဲ့ ထန်းရည်၊ ဓနိရည်တွေကိုအစိမ်းသောက်မိရာကနေကူးစက်တတ်ပါတယ်။

လူအချင်းချင်းလည်း ပြန်ပြီး ကူးစက်နိုင်ပါတယ်။ ပိုးရှိသူရဲ့ ကိုယ်ခန္ဓာကထွက်တဲ့ တံတွေး၊ သွေးတို့ နဲ့ တိုက်ရိုက်ထိတွေ့မိရင်ကူးစက်နိုင်ပါတယ်။ ကိုဗစ်‌ရောဂါလို လေထဲကတဆင့် ကူးစက်တာမျိုးတော့ မဟုတ်ပါဘူး။

■နီပါးဗိုင်းရပ်က အသစ်လား

ဗိုင်းရပ်စ် အသစ်မဟုတ်ပါဘူး။နီပါးဗိုင်းရပ်စ်ဟာလွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကတည်းက ရှိခဲ့တဲ့ ရောဂါဟောင်း ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့ ပြင်းထန်မှု နဲ့ ကာကွယ်ဆေးမရှိသေးတဲ့ အချက်တွေကြောင့် ကူးစက်မှုတစ်ခါဖြစ်တိုင်းကမ္ဘာက အမြဲတမ်း စိုး

ရိမ်တကြီး စောင့်ကြည့်ရတဲ့ ရောဂါဖြစ်နေတာပါ။

ဒီဗိုင်းရပ်စ်ကို ၁၉၉၉ ခုတုန်းက မလေးရှားနိုင်ငံ၊ Sungai Nipah (ဆူနိုင်းနီပါး) ဆိုတဲ့ ရွာလေးမှာ ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်လို့ အဲဒီရွာအမည်ကို အစွဲပြုပြီး “ နီပါး” ဗိုင်းရပ်စ်လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။

နီပါးဗိုင်းရပ်စ် (Nipah Virus) ဟာ အရင်ကအာရှတိုက်ရဲ့ နိုင်ငံအချို့မှာ အစုလိုက်အပြုံလိုက် ဖြစ်ပွားခဲ့ဖူးပါတယ်။မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတွေမှာ ဖြစ်ခဲ့ဖူးတာပါ။

■နီပါးဗိုင်းရပ်စ်ကူးစက်ခံရရင်ဘာရောဂါလို့ခေါ်လဲ

နီပါးဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတဲ့ ရောဂါကို ဆေးပညာအရ “ နီပါးဗိုင်းရပ်စ် ကူးစက်ရောဂါ” (Nipah Virus Infection – NiV) လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ ပြင်းထန်တဲ့ဝေဒနာ(၂)မျိုးကိုဖြစ်စေတာမို့ အောက်ပါအတိုင်းလည်းခေါ်ဝေါ်လေ့ရှိကြပါတယ်။

၁။ နီပါးဦးနှောက်ရောင်ရောဂါ (Nipah Encephalitis) – ဗိုင်းရပ်စ်က ဦးနှောက်ကို တိုက်ခိုက်ပြီး ရောင်ရမ်းစေတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ အသက်အန္တရာယ် အရှိဆုံး အခြေအနေ ဖြစ်ပါတယ်။

၂။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Respiratory Illness) – အဆုတ်ကိုတိုက်ခိုက်ပြီး အသက်ရှူရခက်ခဲတာ၊ အဆုတ်ရောင်တာမျိုး ဖြစ်စေပါတယ်။

■ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေပြသလဲ

ဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း (၂) ခုဖြစ်တဲ့ “ အဆုတ်” နဲ့ “ ဦးနှောက်” ကို တိုက်ခိုက်ပါတယ်။ အစောပိုင်းအဆင့်တွေမှာ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ချောင်းဆိုးမယ်၊ လည်ပင်းနာမယ် (တုပ်ကွေးလို ဖြစ်တတ်ပါတယ်)။နောက်ပိုင်းအဆင့်တွေမှာတော့ အသက်ရှူရ ခက်ခဲလာမယ်၊ သတိလစ်တာ ဒါမှမဟုတ် စိတ်ရှုပ်ထွေးတာတွေ ဖြစ်လာမယ်၊ အဆိုးဆုံးကတော့ “ ဦးနှောက်ရောင်ခြင်း” (Encephalitis) ဖြစ်ပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း သတိမေ့မြော (Coma) တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

■ဒီဗိုင်းရပ်စ်က ဘယ်လောက်အထိ အန္တရာယ်ရှိသလဲ

ကိုဗစ် (COVID-19) နဲ့ ယှဉ်ရင် သေဆုံးနှုန်း ပိုမြင့်ပါတယ်။ ကူးစက်ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်း ကနေ ၇၅ ရာခိုင်နှုန်းအထိသေဆုံးနိုင်ခြေရှိပါတယ်။

နောက်ပြီး အခုအချိန်အထိ ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး နဲ့ ကုသဆေး မရှိသေးပါဘူး။ ဆရာဝန်တွေက လူနာရဲ့ ဝေဒနာကို သက်သာအောင်နဲ့ အသက်ရှူရလွယ်ကူအောင်ပဲ ကုသပေးနိုင်ပါတယ်။

■ဘယ်လို ကာကွယ်ရမလဲ

အကောင်းဆုံးနည်းလမ်းကတော့ တကိုယ်ရေ သန့်ရှင်းရေးပါပဲ။မြေပြင်ပေါ်ကျနေတဲ့အသီးတွေ၊ငှက် ဒါမှမဟုတ် လင်းနို့ ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝမစားပါနဲ့။ အသီးတွေကို သေချာဆေးကြောပြီး အခွံနွှာစားပါ။ထန်းရည်၊ ဓနိရည်တွေကို အစိမ်းမသောက်ပါနဲ့။ ကျိုချက်ပြီးမှ သောက်ပါ။ အပြင်ကပြန်လာတိုင်း ဒါမှမဟုတ် အစားမစားခင် လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးပါ။ ရောဂါလက္ခဏာ ရှိသူတွေနဲ့ အနီးကပ် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

■ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘာတွေ ပြောထားသလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နီပါးဗိုင်းရပ်စ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Epidemic) ဖြစ်သွားနိုင်တဲ့အလားအလာရှိတယ်လို့သတိပေးထားပါတယ်။

ဒါကြောင့်သုတေသနတွေကိုအမြန်ဆုံးလုပ်ဖို့တိုက်တွန်းထားသလို၊အိန္ဒိယဗဟိုအစိုးရကလည်းတခြားပြည်နယ်တွေကို” ဦးနှောက်ရောင်ရောဂါလက္ခဏာ” ရှိသူတွေကို အထူးစောင့်ကြည့်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတာကို မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

■မြန်မာနိုင်ငံအတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ

မြန်မာဟာ အိန္ဒိယနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့အတွက် ကျန်းမာရေးဌာနတွေအနေနဲ့ အနောက်ဘင်္ဂလားက ပြန်လာသူတွေထဲမှာ “ ပြင်းထန်ဖျားနာပြီး ဦးနှောက်ရောင်လက္ခဏာ” ပြသူတွေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

လက်ရှိအချိန်ဇန်နဝါရီ ၂၅ ရက် အထိမြန်မာနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူရှိလား၊မရှိဘူးလားဆိုတာနဲ့ ဗိုင်းရပ်မကူးစက်စေရေးအတွက် အသိပေး ကြိုတင်ကာကွယ်မျိုးတွေကို စစ်ကောင်စီက ထုတ်ပြန်ထားတာမျိုး မတွေ့မိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမြန်မာနိုင်ငံ​ရဲ့ကျန်းမာ​ရေးကဏ္ဍပျက်စီးသွားပြီဖြစ်တာမို့ ဒီဗိုင်းရပ်စ်ကာကွယ်​ရေးကို ပြည်သူတဦးချင်း အထူးဂရုပြုကြဖို့လိုပါတယ် ။ နီပါးဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး ယုံကြည်ရတဲ့ ဥပမာ ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ လို အဖွဲ့အစည်း​​တွေ ၊ဌာနတွေ ရဲ့ထုတ်ပြန်ချက်​တွေ၊ ယုံကြည်စိတ်ချရတဲ့သတင်းဌာန​တွေက​ဖော်ပြချက်​တွေကို စနစ်တကျဖတ်ရှု​လေ့လာပြီး ​ရောဂါကြိုတင်ကာကွယ်​ရေး တဦးချင်းဂရုပြုလိုက်နာကြဖို့ လိုအပ်ပါမယ် ။

■အထူးသတိပြုရန် အချက်များ

အချို့လူနာတွေမှာ ဦးနှောက်ထက် အဆုတ်မှာ ပိုပြီး ပြင်းထန်တတ်ပါတယ်။ အသက်ရှူမဝတာ၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာတွေ ဖြစ်တတ်ပါတယ်။ရောဂါပျောက်ကင်းသွားပြီး လအနည်းငယ်သို့မဟုတ်နှစ်အနည်းငယ်အကြာမှာဦးနှောက်ရောင်တာ ပြန်ဖြစ်တတ်တဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။ ရောဂါကနေ ပြန်ကောင်းလာရင်တောင် အချို့သူတွေမှာစရိုက်ပြောင်းလဲသွားတာ၊အတက်ရောဂါစွဲကျန်ရစ်တာမျိုးတွေရှိတတ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ပျံ့နှံ့နေတဲ့ Human Metapneumovirus (HMPV) ကူးစက်ခံထားရသူ ကလေးနှစ်ဦးကို အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။