close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မလုံခြုံမှု​တွေအားလုံးရဲ့ တရားခံ

သာမန် ဖုန်းမှားခေါ်ဆိုခံရတာလေးဟာလူတယောက်အတွက် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေတယ် ဆိုတာဟာ ဖြစ်သင့်ပါရဲ့လား။ပုံမှန်အ​ခြေအ​နေမှာဆိုရင်မဖြစ်သင့်ပါဘူး။

ဆန်အောင်/People’s Spring

သာမန် ဖုန်းမှားခေါ်ဆိုခံရတာလေးဟာလူတယောက်အတွက် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေတယ် ဆိုတာဟာ ဖြစ်သင့်ပါရဲ့လား။ပုံမှန်အ​ခြေအ​နေမှာဆိုရင်မဖြစ်သင့်ပါဘူး။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းမှု​ကြောင့်စစ်ဖိနပ်​အောက်နေရတဲ့ မြန်မာပြည်မှာတော့ ပြည်သူတွေဘဝမှာ စိုးရိမ်ပူပန်မှုတွေ၊အကြောက်တရားတွေက​နေ့စဥ်ဖြတ်သန်း​နေရတဲ့ဘဝရဲ့ အမှတ်အသား​တွေဖြစ်​နေပါတယ် ။ ပြီးခဲ့တဲ့ ရက် ညနေတခုမှာအမျိုးသားတဦးက ဖုန်းခေါ်လာပါတယ်။ ပထမအကြိမ် ဖုန်းမှားနေတယ်လို့ ပြန်ဖြေခဲ့ပေမယ့် ဒုတိယ အကြိမ်ဖုန်းထပ်ခေါ် ပြီးပြောလာတဲ့မေးခွန်းက မကြာခဏကြုံခဲ့ရတဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

“ဒီဖုန်းက ဘယ်ကိုရောက်နေတာလဲ”မေးခွန်းကိုချက်ချင်း ဖြေဆိုဖို့ တွေဝေနေမိတယ်။ အတွေးမှာလည်း စိုးရိမ်ထိတ်လန့်မှုဟာ မဖိတ်ခေါ်ဘဲ ရောက်လာတယ်။ နေရာအမှန်ပြောလိုက်ရမလား ၊လိမ်​ပြောရမလား ဝေခွဲမရ။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ရက်စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာပြည်သူ​တွေဟာလုံခြုံရေးအတွက် အတော် သတိထား နေထိုင်သွားလာရတာတွေကို လက်မခံချင်ဘဲလက်ခံနေကြရပါတယ်။ဟိုးအရင် အာဏာမသိမ်းမီက ပြည်သူတွေ နှစ်အနည်းငယ်ခံစားထိတွေ့ခွင့်ရခဲ့တဲ့လွတ်လပ်စွာ ​နေထိုင်သွားလာပြောဆိုခွင့်တွေ ၊အ​ကြောက်တရားကင်းကင်း ၊​ကျောလုံလုံ ​နေထိုင်ခဲ့ရမှု​တွေဟာ စစ်အုပ်စုအာဏာသိမ်းခြင်းနဲ့အတူ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။

အာဏာသိမ်းမှု ၅နှစ်ကြာလာတဲ့အထိ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်တွေရဲ့ ​ဘေးအန္တရာယ်ဟာ လျော့ပါးမသွားဘဲ တိုးသထက်တိုးလာပါတော့တယ်။ ရန်သူမျိုးငါးပါးလို့ဆိုကြတဲ့ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ စတာတွေထဲက အများစုကို စစ်အာဏာရှင်အုပ်စုကြောင့် ပြည်သူတွေ နေစဥ်ခံစားနေကြရတာပါ။

မင်းဘေး လို့ပြောရအောင်လည်း စစ်အုပ်စုဟာ ပြည်သူရွေးချယ်တဲ့ အရပ်သားအစိုးရဆီကအာဏာကိုလက်နက်အားကိုးနဲ့ အတင်းအဓမ္မ အာဏာသိမ်းထားတဲ့ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုပဲဖြစ်နေတယ်။

မီးဘေး ဆိုတာဟာလည်း ပြည်သူကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ စစ်တပ်ကိုယ်တိုင်က နိုင်ငံတစ်ဝန်းက ပြည်သူလူထုနေအိမ်တွေကို မီးလိုက်ရှို့တာ၊ လေယာဉ်တွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ဖျက်ဆီးနေတာပါ ။ဒါ​ကြောင့် ငါးနှစ်အတွင်း နိုင်ငံတစ်ဝန်းပြည်သူလူထုနေအိမ်သိန်းချီမီးလောင်ပျက်စီးခဲ့ရပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံး ထိခိုက်ဒဏ်ရာရရှိခဲ့ရသလို သောင်းနဲ့ချီ မတရားဖမ်းဆီး အကျဉ်းချခံထားရတာပါ။

သူခိုးဘေး အကြောင်း ပြောမယ်ဆိုရင်လည်း စစ်တပ်ကိုယ်တိုင်က ပြည်သူလူထုနေအိမ်တွေ ပစ္စည်းတွေ ခိုးယူနေတဲ့အပြင် မရှက်မကြောက် ပေါ်တင်ယူတာ၊ ခြိမ်းခြောက်ယူဆောင်တာ၊ နည်းမျိုးစုံနဲ့ ငွေညှစ်တာ စတဲ့ ဘေးတွေကို နိုင်ငံတဝန်း ဒေသအသီးသီးမှာ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။

အဲဒီလို ပြည်သူတွေအပေါ် ဗိုလ်ကျ အနိုင်ကျင့် အကြမ်းဖက်နေတဲ့ စစ်တပ်တခု မြန်မာပြည်မှာ ရှိနေတာကြောင့် ပြည်သူတွေဟာ မချစ်မနှစ်သက်သောသူဆိုတဲ့ ဘေးကို အလိုလို ကြုံတွေ့ခံစားနေကြရတာပါပဲ။

ဒီလိုဘေးတွေကို မောင်ဖြူ၊ မောင်မဲ ခွဲခြားကြုံနေကြရတာမဟုတ်ပါဘူး ။ စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူအများစုရော စစ်တပ်ထောက်ခံတဲ့သူအချို့ပါ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်လွှဲမရကြပါဘူး။

အဆိုးများစွာထဲက အဆိုးတခုကတော့ လူငယ်လူရွယ်တွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ အဓမ္မ စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်တွေမှာ အသေခံ တိုက်ပွဲဝင်ခိုင်းနေတာပါပဲ။ ။ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်တဲ့နည်းကို စစ်တပ်က စိတ်ကြိုက်ဥပဒေတွေ​​ရေးဆွဲ ပြဌာန်းပြီး စိတ်ထင်တိုင်းလုပ်​နေတာပါ။ အခုဆိုရင်လူငယ်တစ်သိန်း​ကျော်ဟာအဓမ္မ စစ်သားစုဆောင်းခံရပြီး အချိန်မရွေး သေဘေးကြုံရမယ့် ​ရှေ့တန်းပို့ စစ်တိုက်ခိုင်းတာကိုခံ​ကြရတယ်။

သန်းနဲ့ ချီတဲ့ကလေးငယ်တွေရဲ့ပညာရေး ကမောက်ကမ ဖြစ်နေကြရတာဟာ မမျှော်မှန်းနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ အခြေအနေ ကြုံနေကြရတယ်။ စာသင်ကျောင်းတွေကို စွန့်ခွာလိုက်ရတဲ့ ကလေးငယ်တွေ လူငယ်တွေ ဘယ်လောက်တောင်များသလဲ ဘယ်သူမှ တပ်အပ်မပြောနိုင်။ ကျောင်းတက်ရမယ့် တက္ကသိုလ်တက်ရမယ့် လူငယ်တွေဟာ စစ်အာဏာရှင်တွေကို တော်လှန်ဖို့ သေနတ်ကိုင်နေကြရတယ်။

စစ်ကောင်စီရန်ကြောင့် စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့ အညာဒေသတွေ အပါအဝင် နိုင်ငံတဝန်း ဒေသအသီးသီးမှာ ကျောင်းမတက်ရဘဲ စစ်ဘေးရှောင်နေကြရတာလည်း မနည်းမနော။စစ်ကောင်စီ လေကြောင်းက​နေဗုံးကြဲလို့ အသက်ပေးခဲ့ရတဲ့ ကျောင်းသားကလေးငယ်တွေလည်း ထုနဲ့ဒေး။ လေယာဉ်သံဟာအသက်သေဆုံးရနိုင်တယ်ဆိုတဲ့ အတွေး ကလေးငယ်တွေ တွေးကုန်ကြပါပြီ။

စစ်ကောင်စီဟာ စာသင်ကျောင်းတွေကိုပဲ ရန်သူလို ပစ်မှတ်ထား တိုက်ခိုက်နေတာလားဆိုတော့ မဟုတ်ပြန်။ဆေးရုံဆေးပေးခန်းတွေ၊ဘာသာရေးအဆောက်အအုံပေါင်းများစွာဟာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုတွေအောက်မှာ ပြာပုံဖြစ်ရ။ဒီလိုဘေးရန် အမျိုးမျိုးကြုံနေရတဲ့တိုင်းပြည်မှာ ဘယ်သူတွေကနေရဲမလဲ။ သန်းနဲ့ချီတဲ့လူငယ်လူရွယ်တွေ နိုင်ငံခြားထွက်နေကြရတာ အများအမြင်။ဒါတောင်လွယ်လွယ်ကူကူမဟုတ် အောက်လမ်းလို့ ခေါ်တဲ့ တရားမဝင်နည်းနဲ့ အခြားနိုင်ငံမှာ သွားအလုပ်လုပ်ကြရတာ။

စီးပွားရေးလား၊ ကုန်စျေးနှုန်းတွေအဆမတန်ကြီးမားလွန်းလို့ ခေါင်ခိုက်နေတယ်ဆိုတဲ့ စကားရေလဲပုဆိုးလိုသုံးနေကြရတယ်။အာဏာမသိမ်းခင်က အသင့်ဖျော်ကော်ဖီတထုပ် ၁၀၀၊ အခု၆၀၀ကျပ်။ ၂၀၀ကျပ်တောင်မရှိတဲ့အသင့်စားခေါက်ဆွဲထုပ်က ၈၀၀၊ ၁၀၀၀ ပေးဝယ်နေရပြီ။ နှစ်သောင်းမပြည့်တဲ့ဆန်ကြမ်းကရှစ်သောင်း တသိန်း၊ဆန်ကောင်းဆိုတာ ၁သိန်းခွဲအထက်ပဲရှိတယ်။ ဘယ်တုန်းကမှ ၅၀ ကျပ်ကမတက်တဲ့လဖက်ထုပ်လေးတွေဟာလည်း အခုတော့ စျေးတက်သွားကြပြီ။

ငတ်သေတဲ့မသာမရှိနိုင်ပါဘူးလို့ ငြင်းမယ်ဆိုငြင်းနိုင်ပေမယ့် တကယ်မရှိဘူးလို့တော့လည်းအတပ်ပြောနိုင်မှာမဟုတ်။ မြန်မာ ပြည်သူသန်းပေါင်းများစွာဟာအစားအစာပြတ်လပ် ငတ်မွတ်ခေါင်းပါးတဲ့ဘေးအန္တရာယ်ကိုရင်ဆိုင်နေရတယ်လို့ UNDPကထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းမှု ကြာလာတာနဲ့အမျှလူဦးရေ တရှိန်းထိုးတိုးလာနေတာ တွေ့ကြရမှာပါ။

ပြည်သူတွေ အငတ်ဘေးကြုံဖို့ ဘယ်သူတွေလုပ်သလဲ မေးရင် စစ်အာဏာရှင်တွေကိုပဲ ပြေးမြင်ကြမှာပါ။ စစ်ရေးအရ ရှုံးနိမ့်မှုတွေ ကြုံရတဲ့စစ်အုပ်စုဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေဒေသတွေဆီ ကုန်စည်စီးဆင်းမှုတွေ နည်းမျိုးစုံနဲ့ ပိတ်ပင်ဖြတ်တောက်နေတာပါ။ အရပ်သားကုန်တင်ယာဉ်တန်းတွေကို အကြောင်းမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး ဆေးဝါး၊ဆန်ရိက္ခာပြတ်တောက်အောင်လုပ်နေတဲ့ စစ်အုပ်စုရဲ့ လူမဆန်မှုဟာ နှိုင်းပြစရာတောင် မရှိတော့ပါဘူး။

ဒီဒဏ်တွေကို ပြည်သူတွေပဲခံစားနေကြရတာလားဆိုတော့ အဲဒီလိုလည်းမဟုတ်။ စစ်အာဏာရှင်တွေကိုအကာအကွယ်ပေးနေရတဲ့စစ်သားတွေ၊စစ်သားမိသားစုတွေလည်း စစ်အာဏာသိမ်းမှု ဆိုးကျိုးကို ပုံစံအမျိုးမျိုးနဲ့ ကြုံနေရတာပါ။ စစ်ဗိုလ်ချုပ်တွေ အရာရှိတွေရောဘာထူးလို့လဲ။ဘုရားသွား ကျောင်းတက်၊စျေးဝယ်အရင်လိုသာယာနိုင်သေးကြရဲ့လား။ စစ်မြေပြင်မှာ တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးမှုခံရတဲ့စစ်တပ်အရာရှိတွေ အာဏာသိမ်းပြီးနောက်ပိုင်း မမြင်ချင်မတွေ့ချင်မှ အဆုံး။

အရင်တုန်းက စစ်တပ်အရာရှိတွေ အရပ်ထဲမှာဂုဏ်ဆာနိုင်ခဲ့ကြတဲ့ ခေတ်ဟာလည်း စစ်တပ်အာဏာသိမ်းမှုနဲ့အတူပျောက်ဆုံးသွားပါပြီ။ ယူနီဖောင်းဝတ်ပြီး အရပ်ထဲ သွားဖို့ဝေးစွ တပ်ရင်းဌာနချုပ်တွေရဲ့ အပြင်ကိုစိတ်လုံခြုံမှုရှိရှိထွက်ဖို့တောင်မရဲကြ​တော့ပါဘူး။ နာရေးတွေ၊ မင်္ဂလာဆောင်တွေ၊ အလှူပွဲတွေမှာ ရာထူးဂုဏ်ပုဒ်တွေမဖော်ပြရဲကြ​တော့ပါဘူး။ တိုက်ပွဲမှာ စစ်သားတွေ သေရင် ဘယ်သူတွေ ဝမ်းနည်းကြသလဲ။ ပြည်သူတွေရဲ့ သဘောထားကိုသိချင်ရင် သတင်းဖော်ပြချက်တွေမှာ ဝင်ကြည့်ရုံပဲ။

ဒီလိုဆိုတော့စစ်တပ် အာဏာသိမ်းလိုက်တာ ဘယ်သူတွေ အကျိုးများလဲမေးရင် အာဏာငမ်းငမ်းထ ကိုယ်ကျိုးရှာနေကြတဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်အုပ်စုနဲ့အလိုတူအလိုပါအပေါင်းအပါတွေက လွဲလို့ ဘယ်သူ့မှ လက်ညိုးထိုးပြလို့မရ။

စစ်တပ်အာဏာသိမ်းမှု ၅နှစ်တာမှာ … မိဘတွေ ဆုံးရှုံးလိုက်ရတဲ့ သားသမီးတွေ၊ သားသမီးတွေဆုံးရှုံးလိုက်ရတဲ့မိဘတွေ မရေမတွက်နိုင်။ မိသားစုဝင် မောင်နှမသားချင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ ၊ ချစ်သူရည်းစား ဇနီးမောင်နှံတွေ ပုံစံမျိုးစုံနဲ့ ဝေးကွာနေကြရ။

“တချို့ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့”အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုတွေ ရင်ဆိုင်နေရတဲ့ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အသက်ရှုကြပ်နေကြရဆဲပါပဲ။ ဒါ​ပေမယ့် လူငယ်အများစုပါဝင်တဲ့ ​တော်လှန်​​ရေးအင်အားစု​တွေ ၊ပြည်သူ​တွေက အသက်​တွေ ၊ဘဝ​တွေ​ပေးဆပ်ပြီး အခက်အခဲ​ပေါင်းစုံကြားက စစ်အာဏာရှင်စနစ်အမြစ်ဖြတ်​ရေး ကြိုးစား​​နေကြပါတယ်။ အာဏာလုစစ်အုပ်စုအ​ပေါ် တရုတ်အစိုးရရဲ့ အကူအညီ​တွေ​ကြောင့် စစ်တပ် ပြန်ဦး​မော့လာ​ပေမယ့် ​တော်လှန်ပြည်သူ​တွေ ၊​တော်လှန်​ရေးအင်အားစု​တွေက ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံ​ပေါ် ​ပေါက်​ရေးအတွက်ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ချီတက်​နေကြပါတယ် ။

အ​ကြောက်တရားကင်းကင်းနဲ့ ​ကျောလုံ​စွာ​နေထိုင်ရတဲ့နေ့ရက်မျိုးတွေဟာ မြန်မာပြည်သူတွေနဲ့ အမှန်တကယ်ထိုက်တန်တာမို့ အဲဒီကာလကို မျှော်လင့်ရင်း ဆက်ကြိုးစားကြပါစို့။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

လွန်ခဲ့တဲ့ ငါးနှစ်က လို့ အစချီတဲ့ စာသားတွေ မိုးလင်းကတည်းက တွေ့နေရတဲ့ facebook ပေါ် မှာ အမှတ်မထင်၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တုန်းကပိုစ်အဟောင်းတစ်ခုပေါ်လာတာတွေ့ရတယ်။

အတွေးအမြင်

၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုဟာအခုဆိုရင်ငါးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။မြန်မာနိုင်ငံအတွက် ဒီငါးနှစ်တာဟာ ငရဲခန်းထဲ ကျနေသလိုပါပဲ။

News

သစ်တောဆုံးရှုံးမှုနဲ့ မြေယာပျက်စီးမှုကို ၂၀၃၀ ခုနှစ် နောက်ဆုံးထား ပြီး ရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံခေါင်းဆောင်တွေဟာ ကတိပြုခဲ့ကြတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။