People’s Spring
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတွေ ပမာဏ အများအပြား ရရှိနိုင်အောင် အီရန်က ကူညီ ပို့ဆောင်ပေးနေကြောင်း Reuters သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှု တစ်ခုအရ သိရှိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံထဲကို လေယာဉ်ဆီ တင်သွင်းမှုတွေ ပိုမိုများပြားလာခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာချိန်မှာပဲ Reutersက အီရန်ကနေ မြန်မာဆီ လေယာဉ်ဆီနဲ့ တခြား ကုန်စည်တွေ တင်ပို့မှု လမ်းကြောင်းတွေအကြောင်း ခြေရာခံ ဖော်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းမြန်မာစစ်တပ်ဟာတော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ အရပ်သား ဧရိယာတွေကိုပါ မချန်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အဲဒီအတွက် လေယာဉ်ဆီတွေကို အထူးတလည် လိုအပ်ပါတယ်။နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ကြုံနေရတဲ့တိုင် စစ်တပ်ဟာ အီရန်ဆီကနေ ပုန်းလျှိုးကွယ်လျှိုး ပို့ဆောင်ပေးနေတဲ့ လေယာဉ်ဆီတွေကို ဆက်ပြီး လက်ခံ ရရှိနေတာကြောင့် အဲဒီလို ကြမ်းကြုတ် ရက်စက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်နေနိုင်တာ ဖြစ်တယ်လို့ Reutersက ဆိုပါတယ်။

Public Service Announcement
အဲဒီလို ရေနံတင်ပို့မှုတွေမှာအီရန်ဟာအရိပ်ရေယာဉ်တွေလို့ခေါ်ဝေါ်တဲ့လျှို့ဝှက်ရေနံတင်သင်္ဘောတွေကို အဓိက အားကိုး အသုံးပြုနေပါတယ်။ အရိပ်ရေယာဉ်တွေဟာ နိုင်ငံတကာ စောင့်ကြည့်မှုတွေ အောက်ကနေ ရှောင်ဖယ်လှုပ်ရှားပြီး ပိတ်ဆို့အရေးယူမှု ခံနေရတဲ့ နိုင်ငံတွေရဲ့ ရေနံနဲ့ လောင်စာဆီတွေကို လွှဲပြောင်းသယ်ယူပေးဖို့ တရားမဝင် ပြေးဆွဲပေးနေတဲ့ သင်္ဘောတွေပါ။
တစ်နည်းအားဖြင့် အရိပ်ရေယာဉ်အစုအဖွဲ့ရဲ့ လှုပ်ရှားမှုဟာ အီရန်ရော၊ မြန်မာအပေါ်မှာပါ သတ်မှတ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုကျော်လွှားချိုးဖောက်ရာရောက်နေပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အီရန်ဟာ မြန်မာနိုင်ငံဆီ အသုတ် ၉ သုတ်ခွဲပြီး စုစုပေါင်း လေယာဉ်ဆီ တန်ချိန် ၁၇၅,၀၀၀ လောက်ကို ပို့ဆောင်ခဲ့တယ်လို့ Ruetersက ဖော်ထုတ် တွေ့ရှိထားပါတယ်။ အဲဒီ ပို့ဆောင်မှုတွေထဲက အများစုကို Reef နဲ့ Nobleဆိုတဲ့ ရေနံတင် သင်္ဘောနှစ်စီးက အဓိက တာဝန်ယူခဲ့ပါတယ်။
အဲဒီသင်္ဘောတွေဟာတည်နေရာ အမှန်ကို ဖုံးကွယ်ထားတာ၊ ဒါမှမဟုတ် တမင်လွဲမှားပြီး အသိပေးထားတာမျိုး နည်းလမ်းတွေကို အသုံးပြုလေ့ရှိပါတယ်။ဥပမာသူတို့ရဲ့ခရီးအစဟာအီရန်နိုင်ငံ ဟုတ်ဘဲ အီရတ်ဆိပ်ကမ်း တစ်ခုခုကနေ ဖြစ်တယ်ဆိုတာမျိုး နေရာပြ သင်္ကေတတွေကိုလိမ်လည် လှည့်စား ထုတ်ပြန်ကြပါတယ်။ Reefရော၊ Nobleပါ အီရန်ရဲ့ အရိပ်သင်္ဘော အုပ်စုထဲမှာ ပါဝင်တဲ့ ရေယာဉ်တွေဖြစ်ပါတယ်။ အီရန်ဟာ ပြင်းထန်တဲ့ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ကြုံနေရတာကြောင့် နိုင်ငံခြားငွေ ရရှိရေးမှာ အဲဒီ ရေယာဉ်တွေကို ကြီးကြီးမားမား မှီခိုနေရပါတယ်။
အီရန်ဆီကလေယာဉ်ဆီတင်ပို့မှုတွေကိုစတင်လက်ခံရရှိလာချိန်နဲ့ တိုက်ဆိုင်စွာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက တဟုန်ထိုးအရှိန်တက်လာခဲ့တယ်လို့လည်း Reutersကဖော်ပြပါတယ်။ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေသူတွေရဲ့အဆိုအရ မြန်မာစစ်တပ်ဟာ ၁၅ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အဲဒီမတိုင်ခင် တစ်နှစ်ကနဲ့ ယှဉ်ရင် နှစ်ဆခုန်တက်လာတဲ့ ကိန်းဂဏန်းပါ။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ကျောင်းတွေ၊ ဆေးရုံတွေ၊ ရွာတွေ၊ ဘာသာရေး အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထားခဲ့ပါတယ်။ အီရန်ရဲ့ ရေနံတင်ပို့မှုတွေ စတင်ခဲ့ချိန် ကတည်းကစလို့ စစ်တပ်ရဲ့ လေကြောင်း တိုကခိုက်မှုတွေကြောင့် မြန်မာပြည်သူ ၁၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တုန်းက မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ် တစ်စီးဟာ နိုင်ငံအနောက်ပိုင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက ဗန်ဟာရွာမှာရှိတဲ့ စာသင်ကျောင်း တစ်ခုကို ဗုံးကြဲခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပြီး မရှေးမနှောင်းမှာပဲ ဒရုန်းတစ်စင်းကပါ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ ကလေး ၂ ဦးသေပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံမှာ လေယာဉ်ဆီ တန်ချိန် ၁၆၀၀၀ ကျော်ကို ချန်ထားခဲ့ပြီး အီရန်ရဲ့ ရေနံတင် သင်္ဘောတစ်စီး ထွက်ခွာသွားတဲ့ အချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။
Reutersကတော့ အီရန်က ပို့ဆောင်နေတာတွေဟာ လေယာဉ်ဆီ တစ်မျိုးတည်း မဟုတ်ဘဲ ယူရီးယား ဓာတ်ပစ္စည်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ယူရီးယားဟာဓာတ်မြေဩဇာထုတ်လုပ်မှုမှာ အသုံးပြုတယ်လို့ အလွယ်မှတ်သားကြပေမယ့် တော်လှန်ရေးဖက်ဆီ ကူးပြောင်းလာတဲ့စစ်သားဟောင်းတွေကတော့ စစ်တပ်ဟာဖောက်ခွဲရေးပစ္စည်းတွေ၊ ပြီးတော့ စက်တပ်လေထီး ပါရာဂလိုက်ဒါတွေပေါ်ကနေ ကြဲချတဲ့ ဗုံးသီးတွေ ထုတ်လုပ်ဖို့ အဲဒီပစ္စည်းတွေကို အသုံးပြုနေတယ်လို့ ပြောပါတယ်။
အီရန်ဟာ မြန်မာနိုင်ငံကို နှစ်စဉ် ယူရီးယားတန်ချိန် ၄ သိန်းနဲ့ ၆ သိန်းကြား ပေးပို့နေတယ်လို့လည်း ယုံကြည်ရပါတယ်။ ယူရီးယား တင်ပို့လာတဲ့ ကုန်တင် သင်္ဘောတွေဟာလည်းသူတို့ရဲ့ လမ်းကြောင်းအမှန်ကို နည်းလမ်းမျိုးစုံနဲ့ ဖုံးကွယ်ပြီး ခုတ်မောင်းခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ Reutersက ရခဲ့ပါတယ်။
စစ်တပ်ဟာ မြေပြင်ထိုးစစ်သက်သက်နဲ့ တော်လှန်ရေး အင်အားစုတွေကို အသာစီးယူဖို့ ရုန်းကန်နေရတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို မဟာဗျူဟာ အားသာချက်အဖြစ် အသုံးချနေပါတယ်။ အီရန်ရဲ့ လေယာဉ်ဆီတွေဟာ စစ်တပ်ရဲ့ ရုရှားလုပ် MiG-29နဲ့ SU-30၊ တရုတ်လုပ် JF-17တို့လို တိုက်လေယာဉ်တွေကို ပိုပြီး အကြိမ်ရေများများ ပျံတက်နိုင်အောင် အကူအညီ ပေးခဲ့ပါတယ်။
တစ်ဖက်မှာတော့ အီရန်ဟာ မြန်မာအတွက် လေယာဉ်ဆီတွေ ရောင်းချပေးရင်း နိုင်ငံခြားငွေ ရရှိနေသလို နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုကိုလည်း အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ အီရန်ရဲ့ စီးပွားရေးဟာ ပိတ်ဆို့ အရေးယူမှုတွေကြောင့် ယိုင်နဲ့နေချိန်မှာ မကြာသေးခင်က အစ္စရေးနဲ့ စစ်ဖြစ်ခဲ့တာ၊ ငွေကြေးဖောင်းပွတာတွေကြောင့် ပိုပြီး ဆိုးနေပါတယ်။ ဒီတော့ အီရန်နဲ့ မြန်မာစစ်တပ်ဟာ ကိုယ်စီ လိုအပ်ချက်တွေအတွက် လေယာဉ်ဆီ အရောင်းအဝယ်လုပ်ရင်း သူတော်ချင်းချင်းသတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နိုင်ခဲ့ပါတယ်။ လေယာဉ်ဆီတွေဟာ ရေနံစိမ်းထက် စျေးပိုကြီးတာကြောင့် အီရန်အနေနဲ့ မြန်မာဆီက ဒေါ်လာ သန်း ၁၂၀ ကျော်လောက် ရရှိခဲ့မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကတော့ မြန်မာစစ်တပ်ကို အကူအညီ ပေးနေတဲ့အတွက် အီရန်ကို နိုင်ငံတကာ ဖိအားပေး အရေးယူမှုတွေ လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်ရဲ့ လောင်စာဆီတွေဟာ ပြည်သူတွေ အစုလိုက် အပြုံလိုက်အပေါ် ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်နိုင်စေမယ့် အားဖြည့်ပေးမှုတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က တစ်ဖက်သတ် ခြယ်လှယ်ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အပိုင်းသုံးခုခွဲပြီး တစ်လလောက် အချိန်ယူ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာလည်း စစ်တပ်ဟာ အရပ်သားဧရိယာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်အလျော့ မခံခဲ့ပါဘူး။ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုကတော့ ဒီဇင်ဘာလတုန်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာရှိတဲ့ ဆေးရုံတစ်ခုကို စစ်တပ်က ဗုံးကြဲခဲ့လို့ လူ ၃၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ခြင်းပါပဲ။
အဲဒီမတိုင်ခင် ရက်အနည်းငယ်လောက်မှာတင် အီရန်ရဲ့ နောက်ထပ် လေယာဉ်ဆီ တန်ချိန် ၁၅၀၀၀ နီးပါးလောက်ဟာ မြန်မာနိုင်ငံဆီ ခိုးကြောင်ခိုးဝှက် ရောက်လာခဲ့တယ်လို့ Ruetersက ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ ရှုတ်ချမှုတွေ ရှိနေတဲ့တိုင်အောင် မြန်မာစစ်တပ်ဟာ အီရန်ဆီကနေ လေယာဉ်ဆီတွေကို ခိုးကြောင်ခိုးဝှက် လမ်းကြောင်းတွေကနေတဆင့် ဆက်ပြီး တင်သွင်းဝယ်ယူနေဆဲဆိုတာကိုခိုင်မာတဲ့အထောက်အထားတွေက သက်သေပြနေတယ်လို့လည်း Reutersက သုံးသပ်ထားခဲ့ပါတယ်။
(Reutersသတင်းဌာနမှာ ဖော်ပြတဲ့ “ Iran’s shadow fleet is fueling the Myanmar junta’s air war” ဆောင်းပါးကိုဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြထားတာဖြစ်ပါတယ်)

















































