နိုဝင်ဘာမိုး/People’s Spring
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်း။
အဲဒီနေ့က ကျွန်တော်ဟာ ထမင်းစားပြီးလို့ အိမ်အပေါ်ထပ်က ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေခဲ့တာပါ။ ပြင်းထန်တဲ့လှုပ်ခါမှုကြီး ထွက်ပေါ်လာပြီးနောက် ကျွန်တော်တို့အိမ်ကလေး ရမ်းခါသွားခဲ့တယ်။ ပြတင်းတံခါးတွေ တဝုန်းဝုန်းရိုက်ခက်ခဲ့တယ်။ အဲဒီကုလားထိုင်မှာ ထိုင်မိတဲ့အခါ တခါတရံ ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အချိန်ကိုပြန်သတိရလာတတ်တယ်။ ကြောက်စိတ်တွေဝင်လာတယ်။
ဒါ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတာတော့ မဟုတ်ပါဘူး။ ငလျင်ဒဏ် ကြုံခဲ့ရတဲ့ မိတ်ဆွေအမျိုးသမီးတစ်ဦးက “ အဲဒီနေ့က ရေချိုးခန်းထဲမှာ ရောက်နေတာ။ ငလျင်လှုပ်တော့ ဘာမှမစဉ်းစားနိုင်ဘဲ အပြင်ရောက်အောင် ပြေးခဲ့ရတယ်။ အခုထိလည်း အဲဒီအကြောက်တရားက ရှိနေတုန်းပဲ။ တစ်ခါတလေ ရေချိုးနေရင်း ငလျင်ပြန်လှုပ်မလားဆိုပြီး သတိရတိုင်း ကြောက်မိတယ်”လို့ ပြောပြတယ်။

ဒါဟာ ကျွန်တော်တို့ရဲ့ ခံစားချက်တင်မဟုတ်ဘဲ ငလျင်ဒဏ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့၊ ပျက်စီးထိိခိုက်မှုတွေ၊ လူသေဆုံးမှုတွေ ကြုံခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ တံတားဦး၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ နေပြည်တော် စတဲ့ ဒေသခံအများစု ရင်ဆိုင်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

Public Service Announcement
ငလျင်လှုပ်ခတ်ခဲ့တာဟာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ အဲဒီအချိန်က မိမိရှိနေခဲ့တဲ့ နေရာတွေကို ပြန်ရောက်တိုင်း ခြောက်ခြားဖွယ်ရာ ပုံရိပ်တွေက တဖျပ်ဖျပ် ပြန်လည်ပေါ်ပေါက်လာလေ့ရှိတယ်လို့ ငလျင်ဘေးသင့်ခဲ့သူတွေက ဆိုပါတယ်။
စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ လူတွေဟာ ထိတ်လန့်တုန်လှုပ်စရာ သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ကြုံတွေ့ရချိန်မှာ’Flashbulb Memory’
(လျှပ်တပြက်မှတ်ဉာဏ်) မျိုး ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။
၁၉၇၇ ခုနှစ်က စိတ်ပညာရှင် Roger Brown နဲ့ James Kulik တို့က စတင်အသုံးပြုခဲ့တဲ့ ဒီအယူအဆအရ လူတစ်ယောက်ဟာ ပြင်းထန်တဲ့ အ
ဖြစ်အပျက်နဲ့ ကြုံရချိန်မှာ မိမိရှိနေတဲ့နေရာ၊ ပတ်
ဝန်းကျင်အနေအထား၊ အနံ့အသက်နဲ့ ခံစားချက်တွေကို ဓာတ်ပုံရိုက်လိုက်သလို အသေးစိတ် မှတ်သားမိသွားခြင်း ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန်က ရုပ်ရှင်ရုံမှာ ရှိနေခဲ့သူက ရုပ်ရှင်ရုံရောက်တိုင်း၊ ဘုရားရင်ပြင်ရောက်နေသူက ဘုရားဖူးသွားတိုင်း အဲဒီနေ့က တုန်ခါမှုတွေကို ပြန်လည်မြင်ယောင်နေရခြင်း ဖြစ်ပါတယ်။
မှတ်ဉာဏ်ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Context-Dependent Memory (ပတ်ဝန်းကျင်အခြေပြု မှတ်ဉာဏ်) ဖြစ်ပါတယ်။ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တဲ့ “ နေရာ” သို့မဟုတ် “ ပတ်ဝန်းကျင်” ကို ပြန်ရောက်တဲ့အခါ ဦးနှောက်က အဆိုပါဘေးအန္တရာယ်ကို အလိုအလျောက် ပြန်လည်သတိပေး (Trigger) တတ်ပါတယ်။

ဒါ့ကြောင့် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်က ရုပ်ရှင်ရုံရောက်နေသူတွေဟာ ရုပ်ရှင်ရုံထဲ ပြန်ရောက်တိုင်း အပေါ်က အမိုးအကာတွေများ ပြိုကျလာမလား စိုးရိမ်စိတ်နဲ့ မော့ကြည့်မိတတ်ကြတယ်။ ဘုရားကျောင်းကန်ရောက်နေခဲ့သူတွေက ဘုရားရင်ပြင်သို့ ရောက်တဲ့အခါတိုင်း စေတီတော်တွေ ယိမ်းထိုးနေတဲ့ မြင်ကွင်းကို ပြန်လည်မြင်ယောင်ကာ ရင်တထိတ်ထိတ် ဖြစ်ကြတယ်။
လူစည်ကားရာ ရှော့ပင်းစင်တာတွေ၊ လမ်းမကြီးပေါ်တွေ ရောက်ရှိနေခဲ့သူတွေက အဲဒီနေရာတွေရောက်တိုင်း ကားဖြတ်မောင်းသံ၊ တစ်စုံတစ်ခု အနည်းငယ်လှုပ်ခတ်သံ ကြားလိုက်တာနဲ့ ငလျင်
လှုပ်တယ်ထင်ပြီး ထိတ်လန့်တတ်ကြောင်း ငလျင်ဘေးသင့်ခဲ့သူတွေက ပြောပါတယ်။
အခုဆို Tiktok မှာလည်း ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့နေ့က ရုပ်သံမှတ်တမ်းတွေ ပြန်တင်နေကြတယ်။ ကြည့်လိုက်မိတဲ့အခါတိုင်း ရင်တွေခုန်လာတယ်။ လူတစ်ကိုယ်လုံး အသားတွေပူလာတယ်။ အသက်ရှုနည်းနည်းမြန်လာတယ်။ သက်ပြင်းတွေချမိတယ်။
စိတ်ပညာရှင်တွေကတော့ အတိတ်က ပုံရိပ်ဆိုးတွေ ပြန်ပေါ်လာတဲ့အခါ စိတ်ကို လက်ရှိအချိန်ဆီ ပြန်ခေါ်ဆောင်လာဖို့ Grounding Technique ကို အသုံးပြုဖို့ အကြံပြုကြပါတယ်။ Grounding Technique ဆိုတာ စိတ်လှုပ်ရှားခြောက်ခြားမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် အတိတ်က စိတ်ဒဏ်ရာ (Trauma) ကြောင့်ဖြစ်တဲ့ ပုံရိပ်ဆိုးတွေ ရုတ်တရက်ပေါ်လာတဲ့အခါ “ လွင့်ထွက်သွားတဲ့စိတ်ကို လက်ရှိပစ္စုပ္ပန်ဆီ ပြန်ခေါ်ဆောင်တဲ့နည်းလမ်း” ဖြစ်ပါတယ်။
ရိုးရိုးရှင်းရှင်းပြောရရင် စိတ်က အတိတ်ကကြောက်စရာတွေဆီ ရောက်နေချိန်မှာ ခန္ဓာကိုယ်ရဲ့ အာရုံငါးပါးကို အသုံးပြုပြီး “ ငါ အခု ဘေးကင်းတဲ့နေရာမှာ ရှိနေတယ်” ဆိုတာကို ဦးနှောက်က ပြန်သိအောင် လုပ်ဆောင်တာပါ။ ဥပမာ – မိမိပတ်ဝန်းကျင်မှာ မြင်နေရတဲ့ အရာဝတ္ထု ၅ ခုကို အမည်တပ်ကြည့်တာ၊ ကြားနေရတဲ့ အသံတွေကို နားထောင်တာမျိုးပါ။
ဒါ့အပြင် အသက်ကို ဖြည်းဖြည်းချင်း ခပ်မှန်မှန် ရှူသွင်းရှူထုတ်လုပ်တဲ့ အသက်ရှူလေ့ကျင့်ခန်းကလည်း ထိတ်လန့်မှုကို လျော့ကျစေပါတယ်။ အရေးကြီးဆုံးကတော့ မိမိခံစားနေရတာတွေကို ယုံကြည်ရသူတွေနဲ့ မျှဝေပြောဆိုဖို့နဲ့ ဒါဟာ ပြင်းထန်တဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝတုံ့ပြန်မှုတစ်ခုသာ ဖြစ်တယ်ဆိုတာကို လက်ခံနားလည်ပေးဖို့ပဲ ဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်မှုက အဆောက်အအုံတွေကိုတင် ပျက်စီးစေခဲ့တာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာလည်း ကုစားရခက်တဲ့ စိတ်ဒဏ်ရာတွေကို ချန်ထားရစ်ခဲ့ပါတယ်။
ငလျင်တစ်နှစ်ပြည့်တဲ့အချိန် ကျွန်တော်တို့ဟာ စစ်အာဏာသိမ်းကာလဆိုးကြီးထဲမှာပဲ မတူညီတဲ့ကပ်ဘေးကို ဆက်လက်ရင်ဆိုင်နေရပြန်ပါတယ်။ ငလျင်ကြောင့် နာကျင်နေရဆဲ ဒဏ်ရာတွေအပေါ် စစ်ကောင်စီပေးတဲ့ အခြားဒဏ်ရာတွေ ဆင့်ကာဆင့်ကာ ပိလာနေဆဲပါ။
အညာမှာ လေကြောင်းဗုံးကြဲတာတွေ မျက်ဝါးထင်ထင်ကြုံခဲ့ရတဲ့ကလေးလူကြီးတွေ မြို့ပေါ်ရောက်တာတောင် လေယာဥ်သံကြားတိုင်း တစ်ကိုယ်လုံးတုန်ရင်လာတတ်သတဲ့။ ဗုံးခိုကျင်းထဲပြေးဖို့အော်တာမျိုး၊ တနေရာဝင်ပုန်းတာမျိုးတွေ လုပ်တတ်ကြပါသတဲ့။ ကျွန်တော်တို့တတွေဟာ မတူညီတဲ့ စိတ်ဒဏ်ရာတွေနဲ့ ဆက်လက်ဖြတ်သန်းနေရတုန်းပါပဲ။ ။




















































