close
Connect with us

Hi, what are you looking for?

အတွေးအမြင်

စစ်တပ်ရွေးကောက်ပွဲဟာ အာဏာသိမ်း​ခေါင်း​ဆောင်အတွက် ထောင်ချောက်လား

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

-ကိုပါဝဲလ်​ရေးသည်။

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ဟန်ပြအစိုးရ ပေါ်ပေါက်လာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်ဘက်ရော၊ အရပ်ဘက်ပါ အာဏာအားလုံးကို သူတစ်ဦးတည်းကသာ ဆုပ်ကိုင်ထားခဲ့တာပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍအားလုံးမှာ သူ့ရဲ့ဩဇာသက်ရောက်မှုတွေချည်းဖြစ်နေခဲ့ပြီး၊အာဏာသိမ်း​ခေါင်း​ဆောင်ကအကြွင်းမဲ့အာဏာကို ရယူထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ လာ​တော့မယ့် စစ်တပ်ရဲ့ ဟန်ပြအစိုးရသစ်မှာတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အာဏာကို တစ်ဦးတည်းဆက်လက်ချုပ်ကိုင်နိုင်ဖို့ထက်၊ခွဲဝေကျင့်သုံးလာရဖို့က သေချာနေပါတယ်။ ဆိုလိုတာက သူတစ်ကိုယ်တော် အာဏာဆုပ်ကိုင်ထားရာကနေ သူစိတ်တိုင်းကျဖွဲ့ထားတဲ့ ဟန်ပြအစိုးရသစ်မှာတောင် သူ့ရဲ့သစ္စာခံကွန်ယက်တွေနဲ့ အာဏာကို အထိုက်အ​လျောက်ခွဲဝေအုပ်စိုးရတော့မှာ ဖြစ်ပါတယ်။

စစ်တပ်က လက်ခံကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြည့်ကြည့်၊ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရပဲ ကြည့်ကြည့် အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့ အနာဂတ်ဟာ ပြီးခဲ့တဲ့ ငါးနှစ်ကလို တကိုယ်တည်းထင်သလိုကြဲလိုမရနိုင်တော့ပါဘူး။

အာဏာသိမ်း​ခေါင်း​ဆောင်ဟာ အနာဂတ်မှာ ပြည်တွင်းပြည်ပ တရားဝင်မှု (Legitimacy) ရရှိဖို့အတွက် သမ္မတလုပ်ဖို့ မျှော်လင့်ထားပုံရပါတယ်။ ဒါပေမဲ့ သမ္မတရာထူးဟာ သူ့အတွက် အကြီးမားဆုံး ထောင်ချောက်ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတ ဖြစ်လာရင် သူ့ရဲ့ အဓိကအာဏာအရင်းအမြစ်ဖြစ်တဲ့ “ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” ရာထူးကို မဖြစ်မနေ စွန့်လွှတ်ရမှာ ဖြစ်လို့ပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃)၊ ပုဒ်မ ၆၃ မှာ သမ္မတ နဲ့ ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူတွေဟာ နိုင်ငံ့ဝန်ထမ်းဖြစ်နေရင် ရွေးချယ်ခံရတဲ့နေ့ကစပြီးနှုတ်ထွက်ရမယ်၊ အငြိမ်းစားယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မြန်မာ့စစ်တပ်ရဲ့ ထုံးစံအရ အဆင့်ဆင့်သော စစ်သည်တွေဟာ လက်ရှိအမိန့်ပေးနေတဲ့ တပ်ချုပ်ကိုပဲ သစ္စာရှိကြတာ များပါတယ်။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးဟာ သမ္မတရာထူးကိုယူပြီး တပ်ချုပ်မဟုတ်တော့တဲ့နေ့မှာ စစ်တပ်အပေါ် သူ့ရဲ့ဩဇာ အပြည့်အဝညောင်းဖို့ဆိုတာတကယ်ကိုမလွယ်ကူတော့ပါဘူး။

အထူးသဖြင့် ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ ရခိုင်စတဲ့ စစ်မျက်နှာတွေမှာ အလဲလဲအကွဲကွဲ ရှုံးနိမ့်နေချိန်မှာ လက်နက်ကိုင်အင်အားကိုလက်လွှတ်ပြီး အရပ်ဘက်ကူးတာဟာ သူ့ကိုယ်သူ အကာအကွယ်မဲ့အောင် လုပ်လိုက်သလိုပါပဲ။

၂၀၀၈ ဖွဲ့စည်းပုံအရ ဥပဒေပြုရေးကို လွှတ်တော်တွေကတာဝန်ယူရပါတယ်။၂၀၂၁ အာဏာသိမ်းပြီးချိန်ကစလို့ အခုထိ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်ဟာ ဥပဒေကဲ့သို့ အာဏာတည်ခဲ့တာပါ။သူ့ရဲ့ စိတ်ကူးနဲ့ နှုတ်ထွက်စကားတွေဟာ အချိန်မရွေး ဥပဒေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ လွှတ်တော်တွေ ပြန်စလာရင်တော့ ဥပဒေပြုရေးတာဝန်ကို လွှတ်တော်က ပြန်လည်တာဝန်ယူတော့မှာပါ။ လွှတ်တော်ထဲမှာ သူ့ရဲ့နောက်လိုက်တွေ များနေဦးမှာ ဖြစ်ပေမယ့် ဥပဒေတစ်ခုပြဋ္ဌာန်းဖို့ လုပ်ထုံးလုပ်နည်းတွေ၊ ဆွေးနွေးမေးမြန်းမှုတွေနဲ့ အချိန်ယူရတဲ့ဖြစ်စဉ်တွေရှိလာမှာပါ။အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင်တဲ့ သမ္မတဟာ ဥပဒေကို တိုက်ရိုက်ပြုလို့ မရပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဟာ သမ္မတတာဝန်ကို ယူခဲ့ရင် အရင်ကလို ဥပဒေတွေကို စိတ်တိုင်းကျ ထုတ်ပြန်ခွင့်ရတော့မှာ မဟုတ်ဘဲ ဥပဒေပြဋ္ဌာန်းခွင့် အာဏာကိုပါ ဟန်ပြဖြစ်​စေ အနည်းနဲ့အများ လက်လွှတ်ရဖွယ် ဖြစ်ပါတယ်။

တကယ်လို့ ဗိုလ်ချုပ်မှူးကြီးက တပ်ချုပ်ရာထူးမှာပဲ ဆက်နေမယ်ဆိုရင်လည်း အရင်လို “ အကြွင်းမဲ့အာဏာ” ရှိတော့မှာ မဟုတ်ပါဘူး။ အစိုးရသစ်၊ လွှတ်တော်သစ်တွေကြားမှာ ဘတ်ဂျက်ကိစ္စ၊ ဥပဒေကိစ္စတွေကအစ လွှတ်တော်ကို ဖြတ်သန်းရမယ့် စနစ်ထဲ ပြန်ဝင်ရတော့မှာပါ။ အာဏာရှင်တစ်ယောက်အတွက် အာဏာကို ခွဲဝေကျင့်သုံးရတယ်ဆိုတာ အစွယ်ကျိုးပဲ့နေတဲ့ ကျားတစ်ကောင်လိုပဲဆိုတာ မကြာခင်မှာ အာဏာလု​ခေါင်း​ဆောင်ကိုယ်တိုင် ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ပြဌာန်းလိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေအရ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ရာထူးကလည်း ဥပဒေအရ သမ္မတက ခန့်အပ်ရတာမျိုး ဖြစ်တဲ့အတွက် သူ့စိတ်တိုင်းကျ ခြယ်လှယ်ဖို့ အကန့်အသတ်တွေ အများကြီး ရှိနေပါတယ်။ ဒီရာထူးဟာ ဟိုးအရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီခေတ်က ဦးနေဝင်းက ပါတီဥက္ကဌတာဝန်ယူပြီးသမ္မတအထက်ကနေသလိုမျိုးထိ သြဇာညောင်းဖွယ်ရာ မဖြစ်နိုင်ပါဘူး။

ဒီဖြစ်တန်​ခြေတွေကခြေဥ​ နဲ့ စစ်တပ်ပြဌာန်းထားတဲ့ ဥပ​ဒေ​​တွေအတိုင်းလိုက်နာမယ်ဆိုရင်ဖြစ်လာနိုင်တဲ့စဥ်းစားချက်​တွေဖြစ်ပါတယ်။ ဒါ​ပေမယ့်စစ်တပ်ရဲ့နာဂစ်ဥပ​ဒေကိုစစ်တပ်ကလိုက်နာတယ်သာ​ပြော​ပေမယ့် ဥပ​ဒေကို​ဖောက်ဖျက်ပြီး အာဏာသိမ်းခဲ့လို့ တိုင်းပြည်ပျက်ခဲ့ရတာလည်း မျက်မြင်ကိုယ်​တွေ့ဖြစ်ပါတယ် ။ဒါ​ကြောင့် ​​စစ်တပ်က ​ခြေဥကို​ဖောက်ဖျက်ပြီးအာဏာသိမ်းကတည်းက တော်လှန်​ရေးအင်အားစု​တွေက​တော့ ၂၀၀၈ခြေဥဟာစာအုပ်စုပ်ဖြစ်သွားပြီ ပျက်သွားလို့ယတိပြတ်​ပြောကြတာပါ ။ထပ်ပြီး​တော့ အာဏာသိမ်း​ခေါင်း​ဆောင်က​ ခြေဥအရဆိုပြီး စိတ်ထင်သလို လုပ်ပြန်ရင်လည်း အံသြစရာ​​တော့မရှိပါဘူး။

လာမယ့် ၅ နှစ်သက်တမ်းအတွင်းမှာ ဟန်ပြပင်ဖြစ်​စေလွှတ်တော်၊ သမ္မတ၊ တပ်ချုပ် နဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌတို့ကြားမှာ သဘောထားကွဲလွဲမှုတွေ၊ ပွတ်တိုက်မှုတွေ ရှိလာရင်လည်းမထူးဆန်းပါဘူး။ လက်ရှိ ပျက်စီးနေတဲ့ စီးပွားရေးနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖိအားတွေဟာလည်း ရာထူးအသစ်ယူမယ့်သူတွေအတွက် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဗိုလ်ချုပ်မှူးကြီးအတွက် သမ္မတဖြစ်ရေး ထွက်ပေါက်လို့ ထင်ရပေမဲ့၊ တကယ်တမ်းမှာတော့ သူ့ရဲ့ အကြွင်းမဲ့အာဏာ အဆုံးသတ်သွားမယ့် ထောင်ချောက်တစ်ခုသာ ဖြစ်ဖို့ များနေပါတယ်။ ။

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆိုင်ရာ တိုးတက်မှု မရှိခဲ့တာက ဝမ်းနည်းဖွယ်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂျီတိုရှီမီဆုက ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ငါတို့မဲမပေးခဲ့" ကမ်ပိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook