close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မဇ္ဈိမပဋိပဒါ ထောင်ချောက်

အလယ်အလတ်လမ်းစဥ် ဆိုတဲ့ သက်သာမှုအတုအယောင်ကို ဆန့်ကျင်ခြင်း(အပိုင်း-၂)

ငြိမ်းငြိမ်းပြည့်​ ရေးသားသည်။

၄။ လက်ရှိ အတုအယောင် မျက်နှာစာ

ဒါကြောင့်မို့လို့ ၂၀၂၁အာဏာသိမ်းပြီးနောက်မှာ ဒီမိုကရေစီဆီ “နဂိုအခြေအနေပြန်လည်ရောက်ရှိစေရေး” ဆိုတဲ့ ရိုးရိုးတောင်းဆိုမှုတွေဟာ ဘယ်တော့မှ မလုံလောက်ပါဘူး။ အာဏာသိမ်းမှုကို ရှုတ်ချဖို့နဲ့ ရွေးကောက်ခံခေါင်းဆောင်တွေကို လွှတ်ပေးဖို့ တောင်းဆိုတာက လိုအပ်ပါတယ်။လုပ်ရမယ့် အလုပ်ပါ။ ဒါပေမဲ့ ပိုခက်ခဲတဲ့ မေးခွန်းက ဆက်လက်ကျန်ရှိနေဆဲပါ။ “ဖြုတ်ချခံလိုက်ရတဲ့စနစ်ဟာ ဘာလို့ အဲဒီလောက် အလွယ်တကူ ပြုတ်ကျနိုင်ခဲ့တာလဲ”ဆိုတာကို မေးခွန်းထုတ်ရပါမယ်။

အဖြေကတော့ အဲဒီ့အခြေအနေဟာ စစ်တပ်ရဲ့ ခွင့်ပြုချက်အပေါ် အမြဲတစေ မှီခိုနေခဲ့ရလို့ပါ။အဲဒီခွင့်ပြုချက်ကို ဖယ်ရှားလိုက်တာနဲ့ ပြိုကျသွားတော့တာပါပဲ။ ဒီလိုဆိုလို့ အဲဒီ့ကာလက အရပ်သားတွေ ရရှိခဲ့တဲ့အောင်မြင်မှုတွေကို အဓိပ္ပါယ်မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဆိုလိုတာက စစ်တပ်ရဲ့ အသာစီးဗိုလ်ကျမှုနဲ့ ပိုမိုနက်ရှိုင်းတဲ့ ကြီးစိုးလွှမ်းမိုးဖိနှိပ်မှုစနစ်အဆောက်အအုံတွေကို မထိမခိုက်ဘဲ ချန်ထားခဲ့တဲ့အတွက် အဲဒီ့အရပ်ဘက်အောင်မြင်မှုတွေဟာ အလွယ်တကူ ထိခိုက်ပျက်စီးနိုင်ဆဲဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် အာဏာမသိမ်းခင် ဆယ်စုနှစ်အခြေအနေကို ပြန်လိုချင်တဲ့ နိုင်ငံရေးဟာအစမ်းသဘောပွင့်လင်းလာမှုလေးကို အပြောင်းအလဲအဖြစ် အထင်မှားနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအခိုက်အတန့်ဟာလည်းအဲဒီပုံစံကနေမကင်းလွတ်ပြန်ပါဘူး။အတုအယောင် မျက်နှာစာကို နေပြည်တော်မှာသာခင်းကျင်းပြသနေတာ မဟုတ်ပါဘူး။ အဲဒီ့မျက်နှာစာကို ရောင်းချနေကြပါတယ်။ အခု လက်ရှိမှာရော ပွဲစားတွေက “ အစိုးရသစ်” ၊ “ ထိန်းချုပ်ထားတဲ့ အပြောင်းအလဲ” ဒါမှမဟုတ် “ သိန်းစိန် ၂.၀” ဆိုတဲ့ ဇာတ်ကြောင်းတွေနဲ့ စစ်အုပ်စိုးမှုကို ထပ်ရောင်းနေပြန်ပါပြီ။

နိုင်ထက်စီးနင်းဖိနှိပ်ပြီး အဆီအနှစ်နှိုက်ထုတ်တဲ့ စနစ်တခုရဲ့ရှင်သန်မှုကို ပြုပြင်ပြောင်းလဲမှုအဖြစ် ပြန်လည်ထုပ်ပိုးထားတာပါ။ ဒီနေရာမှာ ရောင်းချခံနေရတာက အနှစ်သာရအားဖြင့်စစ်အုပ်ချုပ်ရေးကို နိုင်ငံရေးအရ အသစ်တဖန် အချောင် ခဝါချနေတာပါပဲ။ အခု စစ်တပ်က ပြန်လည်ပုံစံဖော်မှုဟာ စစ်တပ်ကိုယ်စစ်တပ်စိတ်ချယုံကြည်မှုကနေ စတင်လိုက်တဲ့ တံခါးအဖွင့် မဟုတ်ပါဘူး။ဖိအားတွေအောက်မှာ စုစည်းတည်ဆောက်လိုက်ရတဲ့ ရှင်သန်ရပ်တည်ရေး အခြေခံအဆောက်အအုံတခုပါ။ သူတို့စီမံခန့်ခွဲဖို့ ကြိုးပမ်းနေတာဟာ ဒီမိုကရေစီဆီ အသွင်ကူးပြောင်းဖို့မဟုတ်ဘဲ၊အုပ်စိုးသူ အုပ်စုအတွင်းမှာကိုကရှင်သန်ရေး အကျပ်အတည်းကို စီမံခန့်ခွဲဖို့ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ဒါဟာတာဝန်ခံမှုဆိုင်ရာအကျပ်အတည်းတခုလည်းဖြစ်ပါတယ်၊ နိုင်ထက်စီးနင်းအုပ်စိုးမှုအနေနဲ့ လုပ်ရပ်တွေအတွက် တရားမျှတမှုကို ရင်ဆိုင်စရာမလိုဘဲ လှုပ်ရှားဖို့နေရာပြန်ရနိုင်မယ့် အသစ်တဖန်နိုင်ငံရေးပုံစံကို ရှာဖွေနေတာပါ။ ဒါပေမဲ့ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးတွေဟာ နိုင်ငံရေးအစီအမံသစ်တွေ ခိုင်မာ မလာခင်မှာကတည်းက၊ နိုင်လိုမင်းထက်ထိန်းချုပ်မှုတွေကို အရင်လျှော့ချလေ့ ရှိပါတယ်။ အခုမြင်တွေ့နေရတာက ပြောင်းပြန်ဖြစ်နေပါတယ်၊ အရပ်သား နိုင်ငံရေး မျက်နှာစာတုတွေနဲ့အတူ နယ်မြေဆိုင်ရာအကြမ်းဖက်မှုတွေ ပိုပြီးပြင်းထန်လာတဲ့ အခြေအနေပါ။

ဒီပုံစံရဲ့ လုပ်ဆောင်ချက်ဟာ လွတ်လပ်မှုပြုခြင်းနဲ့အတူ ယှဉ်တွဲသွားဖို့ မဟုတ်ပါဘူး။နိုင်ငံတကာဖိအားကို စီမံခန့်ခွဲဖို့၊ အတိုက်အခံတွေရဲ့ တရားဝင်မှုကို သွေးခွဲဖို့၊ နိုင်ထက်စီးနင်းဗဟိုချက်ကို မထိမခိုက်ဘဲ ချန်ထားနိုင်မယ့် ထိတွေ့ဆက်ဆံမှုမျိုးကို လက်ခံနိုင်တဲ့ ဆွေးနွေးဘက်တွေကို ဖန်တီးဖို့ပါပဲ။ အဲဒီလုပ်ရပ်ကိုစစ်အုပ်စုရှင်သန်ရပ်တည်ရေး ယန္တရားအဖြစ် ခွဲခြားသိမြင်တာဟာ အဆိုးမြင်တာ မဟုတ်ပါဘူး။ အဲဒါဟာ လက်ရှိအထောက်အထားတွေအရ ကောက်ချက်ချလို့ရတဲ့ အနည်းဆုံးအရာပါပဲ။ အဲဒီ့သဘောတရားကနေပဲ ပစ္စုပ္ပန်မှာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို နိုင်ငံရေးအရ ဘယ်လိုအမြတ်ထုတ်နေလဲဆိုတာကိုပုံဖော်ပေးပါတယ်။

၅။ဆင်းရဲဒုက္ခ၊ မတရားမှု၊ ထိန်းချုပ်ကန့်သတ်ရေး နိုင်ငံရေး

ပြည်သူတွေ ခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကအစစ်အမှန်ပါ။ ဘယ်လိုလေးနက်တဲ့ နိုင်ငံရေးမဆိုဒီအချက်ကို ရိုးရိုးသားသား အမည်တပ်ခြင်းနဲ့ စတင်ရပါမယ်။ပြဿနာကတော့ ဒီဆင်းရဲဒုက္ခတွေကို ဘယ်သူတွေက ဘယ်လိုနိုင်ငံရေး လုပ်ကွက်အတွက် အသုံးချနေကြသလဲ ဆိုတာပါပဲ။ မကြာခဏဆိုသလိုပါပဲ၊ အရပ်သားတွေရဲ့ အခက်အခဲတွေကို အဲဒီ့အခက်အခဲအတွက်တာဝန်ရှိတဲ့ စစ်တပ်အင်စတီကျူးရှင်းအပေါ် ဆန့်ကျင်ဖို့ မဟုတ်ဘဲ၊ သူ့ကို ခုခံတွန်းလှန်နေတဲ့ လှုပ်ရှားမှုတွေအပေါ် ဆန့်ကျင်ဖို့ အသုံးပြုတတ်ကြပါတယ်။

“ပြည်သူတွေ ပင်ပန်းနွမ်းနယ်နေပြီ၊ဒါကြောင့် တော်လှန်ရေးဟာ တောင်းဆိုချက်တွေကိုလျှော့သင့်တယ်၊ပြည်သူတွေ ဆာလောင်နေပြီ၊ ဒါကြောင့် အပေးအယူလုပ်ဖို့ ပြန်စဉ်းစားသင့်တယ်၊ ပြည်သူတွေငြိမ်းချမ်းရေးလိုအပ်တယ်၊ ဒါကြောင့် (ငြိမ်းချမ်းရေးကို မဖြစ်နိုင်အောင် ဖန်တီးခဲ့တဲ့) စစ်တပ်အင်စတီကျူးရှင်းအတွက် နေရာဖယ်ပေးရမယ်” စသဖြင့်တွေပေါ့။ တကယ်တော့ အဲဒါဟာ ပြည်သူ့ဒုက္ခဆင်းရဲအပေါ် အကြင်နာမေတ္တာ ကရုဏာ မဟုတ်ပါဘူး။ ပြည်သူ့ ပင်ပန်းနွမ်းနယ်မှုနဲ့ ဆင်းရဲဒုက္ခရောက်ရမှု အမှန်တကယ်ရှိနေတာကို ခုတုံးလုပ်ပြီး တော်လှန်ရေးကိုဖိအားပေးနေတဲ့ အကွက်ရွှေ့မှု၊ စစ်တပ်ကြီးစိုးခြယ်လှယ်ဗိုလ်ကျတဲ့ဘက်အတွက် နိုင်ငံရေးအရင်းအမြစ်တခုအဖြစ် ပြောင်းလဲပစ်မှုတခုပါပဲ။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရဖို့အတွက် စစ်တပ်နဲ့ လိုက်လျောဆွေးနွေးရမယ် ဆိုတာမျိုး ပြောလာရင်လည်း၊ သမိုင်းမှတ်တမ်းတွေကို ပြန်ကြည့်ပါ။ စစ်အုပ်စုနဲ့ ဆွေးနွေးတာက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်မယ်ဆိုရင်၊ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ပြုမယ်ဆိုရင်၊ ဒါမှမဟုတ် ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးပြုတာကို အဆုံးသတ်နိုင်မယ်ဆိုရင်၊ (ယာယီအားဖြင့်ဖြစ်ပါစေဦး) ဆွေးနွေးဘက်ကို တရားဝင်မှုပေးရတဲ့ နိုင်ငံရေးစရိတ်နဲ့တန်မှာ မဟုတ်ဘူးလား ဆိုတဲ့ အဆိုပြုချက်မျိုးတွေပေါ့။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့သမိုင်းမှတ်တမ်းကအဲဒီအဆိုပြုချက်ကို ထောက်ခံ မနေပါဘူး။ စစ်တပ်နဲ့ ညှိနှိုင်းခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်တွေဟာ အရပ်သားတွေ ထိခိုက်နစ်နာမှုကို ရေရှည်လျော့ကျသွားအောင် လုပ်ပေးဖို့ ထပ်တလဲလဲအကြိမ်ကြိမ် ပျက်ကွက်ခဲ့ပါတယ်။အဲဒီအစား၊စစ်တပ်အနေနဲ့ အင်အားပြန်ဖြည့်ဖို့၊နေရာချထားမှုအသစ်လုပ်ဖို့၊ရိက္ခာပြန်လည်ဖြည့်တင်းဖို့၊ အင်အားခိုင်မာစေဖို့ လုပ်ဖို့ ခေတ္တနားချိန်တွေကိုသာ မကြာခဏ အချိန်ပေးလိုက်သလိုပဲ ဖြစ်ခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံက ပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခဟာ စစ်တပ်ရဲ့ပါဝါနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်သက်ဆိုးရှည်စေခဲ့တယ်ဆိုတဲ့ သက်ရှိသက်သေပါပဲ။

ဒါဟာအခြေအနေအားလုံးအောက်က လူသားချင်းစာနာမှု ဝင်ရောက်ခွင့်နဲ့ပတ်သက်တဲ့ ညှိနှိုင်းမှုအားလုံးကို ဆန့်ကျင်တဲ့ ငြင်းခုံချက်တော့ မဟုတ်ပါဘူး။ ပထမဆုံး တာဝန်က ရနိုင်တဲ့ ဘယ်နည်းလမ်းနဲ့မဆို အရပ်သားပြည်သူတွေရဲ့ အသက်ကို ကာကွယ်ဖို့ဖြစ်ပါတယ်၊ အဲဒီ့မှာ လူစုခွဲတာ၊ ဘေးလွတ်ရာ ရွှေ့ပြောင်းတာ၊ ခိုလှုံတာ၊ သတိပေးကွန်ရက်တွေ၊ ဒေသန္တရ ကာကွယ်ရေး၊ မလွဲမရှောင်သာရင် ချက်ချင်းဖြစ်ပေါ်မယ့် အန္တရာယ်ကို လျှော့ချပေးမယ့် ယာယီအစီအစဉ်တွေ ပြုလုပ်တာတွေ ပါဝင်ပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ခံနေရတဲ့ ရွာတရွာကို ပြီးပြည့်စုံတဲ့ တော်လှန်ရေးအခြေအနေတွေ ရောက်လာတဲ့အထိ စောင့်ဆိုင်းပါလို့ ပြောလို့ မရပါဘူး။ အရေးပေါ် အသက်ကယ်ဖို့၊ ဗုံးကြဲခံရလို့ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ယာယီလုပ်ဆောင်ရတာမျိုး အပါအဝင် ဗုံးကြဲတိုက်ခိုက်ခံရမှုအောက်က လက်တလောစာ အရေးပေါ် လိုအပ်ချက်နဲ့လုပ်ဆောင်ချက်တွေကို ရေရှည် နိုင်ငံရေးမျှော်မှန်းချက်တခုအဖြစ် အထင်မမှားသင့်ပါဘူး။ ဒီအရေးပေါ်လုပ်ဆောင်ချက်တွေဟာ ဖိအားပေးခံရမှုအောက်က အရပ်သားပြည်သူတွေ ရှင်သန်ရေးအတွက်ယာယီလုပ်ဆောင်ချက်တွေအဖြစ်သာ ရှိနေရမှာဖြစ်ပြီး၊ စစ်အုပ်စုရဲ့ တရားဝင်မှုကို အသိအမှတ်ပြုတာ မဖြစ်စေရ၊ တော်လှန်ရေးရဲ့ ကိုယ်ပိုပ်အုပ်ချုပ်မှုကို လက်နက်ချတာ မဖြစ်စေရ၊ စစ်တပ်ရဲ့ ဖိနှိပ်မှုအပေါ် အလျှော့ပေးလိုက်လျောတာက ငြိမ်းချမ်းရေးဆီ လမ်းစဖွင့်ပေးတယ်ဆိုတဲ့သက်သေအထောက်အထားတွေ မဖြစ်လာစေရပါဘူး။

နေရပ်စွန့်ခွာ ရွှေ့ပြောင်းခံရမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ လူမှု ပြိုကျပျက်စီးမှုနဲ့ပတ်သက်ရင် ဒီအကျပ်အတည်းဒုက္ခဆင်းရဲတွေကို ဖြစ်ပေါ်စေခဲ့တဲ့ နိုင်ငံရေး-စီးပွားရေး စနစ်ကို ရင်ဆိုင်ဖြေရှင်းတာ မရှိဘဲ သက်သာအောင်လုပ်ပေးရုံ အခြေအနေတွေအဖြစ် သတ်မှတ်တဲ့အခါမျိုးမှာ၊ အရပ်သားတွေရဲ့ ဆင်းရဲဒုက္ခကို နိုင်ငံရေးကိစ္စရပ်တွေအဖြစ်ကနေ ယုတ်လျော့သွားစေပါတယ်။ အဲဒီဘောင်ထဲမှာ၊ ရောဂါလက္ခဏာတွေကိုပဲ ရှေ့တန်းတင်ထားပြီး အကြောင်းရင်းဇစ်မြစ်တွေ နဲ့ မတရားမှုကိုတော့ ဖုံးကွယ်ထားပါတယ်။

တခြားတနည်းနဲ့ ပြောရရင်၊ပြဿနာကဆင်းရဲဒုက္ခသက်သက်တင် မဟုတ်ဘဲ မတရားမှုကိုယ်တိုင်ပါ ဖြစ်နေတာပါ။ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေတဲ့အကြမ်းဖက်စနစ်ကြီးကို မထိမခိုက်ဘဲအတိုင်းသား ချန်ထားခဲ့ပြီး၊အဲဒီစနစ်ရဲ့နောက်ဆက်တွဲ ရလဒ်တွေကိုမှ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတခုအဖြစ်နဲ့သာ သီးသန့်ခွဲထုတ် စီမံခန့်ခွဲချင်နေတဲ့ ပြဿနာကြီး ရှိနေပါတယ်။ ဆင်းရဲဒုက္ခတွေကို ကုစားဖို့ ပြောနေရင်းနဲ့၊ အဲဒီဒုက္ခတွေကို တကယ့်လက်တွေ့ ဖန်တီးနေတဲ့ မတရားမှုကိုတော့ လျစ်လျူရှုထားမယ်ဆိုရင်၊ အဲဒါဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်ပေးနေတာပါပဲ။

တည်ငြိမ်ရေးဆိုတဲ့ နာမည်လှလှလေးအောက်မှာ ဆင်းရဲဒုက္ခကို ဖန်တီးတဲ့အာဏာစနစ်အတွက် တာဝန်ခံရမယ့်ကိစ္စကိုဆိုင်းငံ့ထားပြီးတော့မှ၊ ဆင်းရဲဒုက္ခကို သက်သာစေဖို့ (ဒါမှမဟုတ်) စီမံခန့်ခွဲဖို့ (ဒါမှမဟုတ်) ရှောင်ကွင်းညှိနှိုင်းဖို့ လုပ်ထားတာမျိုးပါ။ ဒီနေရာမှာ မေးရမယ့် မေးခွန်းက ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေရသလားဆိုတဲ့အချက် မဟုတ်ပါဘူး။ ပြည်သူတွေကတော့ တကယ်ပဲ ဆင်းရဲဒုက္ခ ရောက်နေကြရပါတယ်။ တကယ့်မေးခွန်းအစစ်က ဘယ်သူက ဒီဆင်းရဲဒုက္ခတွေကို ဘဝရဲ့သာမန်အခြေအနေတခုအဖြစ်ဖန်တီပြောင်းလဲပစ်ထားတာလဲ ဆိုတာပါပဲ။အဖြေကတော့ သိပ်ရှင်းပါတယ်။ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်ဖိနှိပ်မှုကို ငြင်းပယ်တဲ့ ပြည်သူတွေကြောင့် မဟုတ်ဘဲ၊ စစ်တပ်ရယ်၊ စနစ်တခုကိုတခု စစ်ကူပေးထားကြတဲ့ ဖိနှိပ်ရေးစနစ်တွေရယ်၊ စစ်အုပ်စိုးမှုမှာ အသုံးပြုတဲ့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ထက်စီးနင်းလုပ်မှုရယ်၊ အဆီအနှစ် နှိုက်ထုတ်သုံးစွဲမှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစရှိတာတွေရယ်ကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ဘယ်သူက နိုင်ငံရေးကို မှန်မှန်ကန်ကန် နားလည်သလဲဆိုတဲ့ ပြောဆိုချက်တွေကနေတဆင့် အကျောကြီးနဲ့ ဆရာလုပ်ချင်တဲ့ တင်စီးမှုဝါဒကလည်း လည်ပတ်နေသေးတယ်။

“ အလယ်အလတ်လမ်းစဉ်” ကို ရှေ့နေလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အလယ်အလတ်သမားတွေအဖြစ် တင်ဆက်သူတွေဟာ၊ မကြာခဏဆိုသလို တော်လှန်ရေးကို နိုင်ငံရေးအရ မရင့်ကျက်သူတွေ၊ စိတ်ခံစားမှုနဲ့ မောင်းနှင်သူတွေ၊ ဒါမှမဟုတ် ကိုယ့်ကြွေးကြော်တဲ့ အယူဝါဒကို လုံလုံလောက်လောက် ပြန်မဆင်ခြင်သူတွေအဖြစ် ပုံဖော်လေ့ရှိပါတယ်။ သူတို့က တော်လှန်ရေးဟာ ဘယ်လိုအယူဝါဒရဲ့ နာမည်နဲ့ တိုက်ပွဲဝင်နေသလဲဆိုတာကို သေချာနားမလည်ဘူး (ဥပမာပြောရရင်-လက်ဝဲတွေက အယူဝါဒကို မကြေညက်ကြဘူး၊ ပညာမတတ်သူတွေက ဘာမှနားမလည်ဘဲ အာပေါင်အာရင်းသန်သန် ကြွေးကြော်နေကြတာ၊ စသဖြင့်) လို့ စွပ်စွဲကြပါတယ်။ တကယ်တော့ ဒါဟာနိုင်ငံရေးအရ အကဲ
ဖြတ် တရားစီရင်မှုတွေပါပဲ။ အီလိ တွေကသာ အတည်မပြုပေးဘူးဆိုရင်၊ အဖိနှိပ်ခံကာယကံရှင်တွေရဲ့ လက်တွေ့ဘဝ အတွေ့အကြုံဟာ တန်ဖိုးမရှိသလောက်ပဲဆိုတဲ့ ပညာရေးအထက်အောက်ခွဲခြားတဲ့စနစ်ကို သူတို့က တင်ကြိုသတ်မှတ်ထားတာပါ။ဗုံးကြဲတိုက်ခိုက်မှု၊ နေရပ်ကနေ ရွှေ့ပြောင်းခံရမှုနဲ့ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေကို တကယ်ခံနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ မိမိတို့ကို ဖိစီးနှိပ်စက်နေတဲ့ ဖိနှိပ်မှုကို သိမြင်နားလည်ပြီး ပြောရေးဆိုခွင့်အတွက် ပြင်ပကအီလိညွှန်ကြားချက်တွေရှိမှ သူတို့ရဲ့ သိမြင်နားလည်ပြောရေးဆိုခွင့်က တရားဝင်တာမဟုတ်ပါဘူး။

အခုပြောနေတာက သဘောတရားရေးရာကို ဆန့်ကျင်တဲ့ ငြင်းခုံချက် မဟုတ်ပါဘူး။ဖိနှိပ်မှုကို တိုက်ရိုက်ကြုံတွေ့ရရာကနေ ပေါ်ပေါက်လာတဲ့ အရပ်သားပြည်သူ အခြေခံလူတန်းစားဝင်တွေရဲ့ ကာယကံရှင်မြောက် ဘဝပေးအတွေ့အကြုံနဲ့ နိုင်ငံရေးယုံကြည်ချက်ကို အသိဉာဏ်အရ မရင့်ကျက်သေးမှု (ဒါမှမဟုတ်) သဘောတရားရေးရာအရ မသန့်စင်မှု ဆိုပြီး အပေါက်စောင့် ပယ်ချတဲ့လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ငြင်းခုံချက်သာ ဖြစ်ပါတယ်။ အဲဒီသဘောအရ ကြည့်ရင်၊ တော်လှန်ပြည်သူတွေရဲ့သိမှုအပေါ် အလယ်အလတ်သမားတွေရဲ့စွပ်စွဲချက်ဟာ အောက်ခြေလူထုရဲ့နိုင်ငံရေးဆုံးဖြတ်ချက်ကို လူတန်းစားအလွှာခွဲခြားဖိနှိပ်မှုနဲ့ ဖုံးကွယ်ပြီး တန်ဖိုးချတဲ့ လုပ်ဆောင်ချက်တခုအနေနဲ့ အလုပ်လုပ်နေတာပါ။တချိန်တည်းမှာပဲ ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာလူတိုင်းအပေါ် အညီအမျှကျရောက်နေတာမဟုတ်ဘဲနိုင်ငံရေးအရခွဲဝေချထားခံရတာဖြစ်တယ် ဆိုတဲ့ အချက်ကိုပါ ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။

၆။ ဘာနဲ့ အစားထိုးရမလဲ

အလယ်အလတ် ရပ်တည်ချက်ဟာ သူ့ရဲ့ တရားဝင်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတောင် သူကိုယ်တိုင် ပြန်မဖြေနိုင်သေးပါဘူး။ ဘယ်လိုပဲ စီမံခန့်ခွဲထားတဲ့ အသွင်ကူးပြောင်းရေး ဖြစ်ဖြစ်၊ စစ်တပ်က သူအခု ကိုင်ထားတဲ့ အာဏာကို စွန့်လွှတ်ဖို့ လိုပါတယ်။ ဘယ်လို အခြေခံအချက်တွေ၊ ဘယ်လို ယန္တရားတွေကနေတဆင့် အဲဒီလို အာဏာစွန့်လွှတ်လာမယ်လို့ မျှော်လင့်ထားကြတာပါလဲ။

မြန်မာစစ်တပ်ရဲ့ သမိုင်းကြောင်း၊ သူတို့ရဲ့ အဖွဲ့အစည်း ဓလေ့၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားတွေကို ကြည့်ရင် ဒီလို အာဏာစွန့်လွှတ်မယ်ဆိုတဲ့ အဖြေကို ယုံကြည်နိုင်စရာ အကြောင်း သိပ်မရှိပါဘူး။ စစ်တပ်နဲ့ အပေးအယူလုပ်ဖို့ တိုက်တွန်းနေသူတွေအနေနဲ့ အဲဒီလို အပေးအယူလုပ်တဲ့အစီအမံကို နောက်တကြိမ်ထပ်လုပ်ရင်ဘာလို့ ရလဒ် ပြောင်းသွားနိုင်မလဲ ဆိုတာကို ရှင်းပြနိုင်ဖို့ လိုပါလိမ့်မယ်။

အလယ်အလတ်လမ်းစဉ်ကြီး သွေးချောင်းစီး ကျရှုံးခဲ့တာဟာ မျက်မှောက်သက်သေ ထင်ရှားတဲ့အတွက်၊ သူ့ကို ဘာနဲ့ အစားထိုးမလဲဆိုတဲ့ မေးခွန်းကို ရှောင်လွှဲလို့ မရတော့ပါဘူး။ ပြုပြင်ပြောင်းလဲရေး မျှော်မှန်းချက် အနားသတ်မိုးကုပ်စက်ဝိုင်း ကျရှုံးတာဟာအရပ်သားတွေကံဆိုးလို့(ဒါမှမဟုတ်) သည်းခံမှု မလုံလောက်လို့ မဟုတ်ပါဘူး။ စနစ်အဆောက်အအုံအရကို ကျရှုံးတာပါ။ စစ်တပ်ရဲ့ အသာစီးဗိုလ်ကျမှုကို နိုင်ငံရေးရဲ့ အခြေခံအဖြစ် လက်ခံခဲ့ပြီး၊ လက်ခံလိုက်တဲ့ အခြေခံတခုကို လက်ခံထားတဲ့ အစီအမံအတွင်းမှာပဲ ပြန်လည်ဖျက်သိမ်းလို့ ဘယ်လိုမှ မရနိုင်ပါဘူး။ အတွင်းကနေ ဝင်ပြင်မယ်ဆိုတာဟာမြန်မာပြည်မှာမအောင်မြင်ပါဘူး။ အလယ်အလတ်လမ်းစဉ် မဟုတ်တဲ့ အခြားရွေးချယ်စရာ ဆိုတာဟာ အဆုံးမဲ့စစ်ပွဲ မဟုတ်ပါဘူး။ ဒါဟာ အသွင်ကူးပြောင်းရေးရဲ့ မတူညီတဲ့ သဘောတရားတခု ဖြစ်ပါတယ်။

လက်ဆင့်ကမ်းရရှိလာတဲ့ ဖိနှိပ်မှုစနစ်အဆောက်အအုံအောက်မှာ ချည်နှောင်ခံထားရတဲ့ အပေးအယူသမား အီလိတွေလည်း မဟုတ်ပါဘူး။ စနစ်အဆောက်အအုံကို အတွင်းကနေ ပြုပြင်ဖို့ ကြိုးပမ်းတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အတွင်း
လူတွေလည်း မဟုတ်ပါဘူး။ အလယ်အလတ်လမ်းမဟုတ်တဲ့ တခြားရွေးချယ်စရာ ဆိုတာဟာ၊ နိုင်ထက်စီးနင်း အသာစီးဗိုလ်ကျမှုကို ဖျက်သိမ်းတာ၊ အာဏာကို အောက်ခြေဆီ လွှဲပြောင်းပေးတာ၊ နိုင်ငံရေးစနစ်ကို အခြေခံအုတ်မြစ် အသစ်တွေပေါ်မှာ ပြန်လည်တည်ဆောက်တာ စတာတွေပဲ ဖြစ်ပါတယ်။ အောက်ခြေကလာတဲ့ နိုင်ငံရေး ဆိုတာဟာ ပြည်သူတွေကို ကာကွယ်ပေးနိုင်ပြီး နိုင်ငံရေးနယ်ဝန်းကို ကျယ်ပြန့်စေနိုင်တဲ့ နည်းဗျူဟာတွေ၊ ညှိနှိုင်းမှုတွေ၊ အပစ်အခတ်ရပ်စဲရေးတွေ၊ ဒါမှမဟုတ် ဒေသန္တရအလိုက် အလိုက်အထိုက်ဖြစ်အောင်နေမှုတွေနဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး။

မေးခွန်းက အဲဒီအကွက်ရွှေ့မှုတွေကနေ ဘာကို ပြန်လည်ထုတ်လုပ်သလဲ ဆိုတာကို မေးရမှာပါ။ အဲဒီအရွေ့တွေကနေ စစ်တပ်ရဲ့ အသာစီးဗိုလ်ကျမှုကို အားနည်းစေသလား (ဒါမှမဟုတ်) ပုံမှန်အခြေအနေဖြစ်အောင် လုပ်ပေးသလား။ ပြည်သူ့အချုပ်အခြာအာဏာအတွက် နေရာဖွင့်ပေးသလား (ဒါမှမဟုတ်) နိုင်ငံရေးကို လက်နက်ကိုင်ဗီတိုပါဝါက သတ်မှတ်ထားတဲ့ မျှော်မှန်းချက်အတိုင်းအတာမိုးကုပ်စက်ဝိုင်းဆီ ပြန်ပို့ပေးသလား ဆိုတာပါပဲ။

ဒီမိုကရေစီဆိုတာ အားလုံးပါဝင်မှု ရှိသင့်ပါတယ်။ ဒါပေမဲ့ ဒါဟာ လူ့အဖွဲ့အစည်းအပေါ် အာဏာပိုင်ခွင့်ရှိတယ်လို့ ဗိုလ်ကျထားတဲ့ အဖွဲ့အစည်းတိုင်း သူတို့ရဲ့ အခွင့်ထူးခံမှုတွေကို ထာဝစဉ် ဆက်ကိုင်ထားဖို့ မဆိုလိုပါဘူး။ စစ်တပ်ရဲ့ အသာစီးဗိုလ်ကျမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကနေ ဖယ်ရှားတာဟာ ဒီမိုကရေစီကို ချိုးဖောက်တာ မဟုတ်ပါဘူး။ အဲဒီလို ဖယ်ရှားမှသာ ဒီမိုကရေစီကို ဖြစ်လာစေနိုင်ခြေ ရှိတာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နိုင်ထက်စီးနင်း ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကြိုတင်လျော့ပါးထားဖို့ လိုအပ်ပါတယ်။

စစ်တပ် ရှုံးနိမ့်တာဖြစ်စေ၊ အတွင်းပိုင်း ကွဲအက်တာဖြစ်စေ၊ ဒါမှမဟုတ် စစ်တပ်အဖွဲ့အစည်းကို တရားဝင်မှုပေးထားခဲ့ဖူးတဲ့ ဒဏ္ဍာရီပုံပြင်တွေအပေါ် မှာ လူအများ လိုက်လျောလက်ခံမှုကို ရုပ်သိမ်းလိုက်တာတွေ ကနေတဆင့် ဖြစ်စေပေါ့။ အဓိကအချက်က အသွင်ကူးပြောင်းရေးအားလုံးဟာ လမ်းကြောင်းတခုတည်းကို လိုက်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ စစ်တပ်အရင်းရှင်အုပ်စုကို ဖျက်သိမ်းတာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ ဘေးထွက်ရလဒ်တခု မဟုတ်ဘဲ၊ ကြိုတင်လိုအပ်ချက်တခု ဖြစ်ရမယ်လို့ ဆိုလိုတာပါ။ အဲဒါဟာ ရွေးကောက်ပွဲတွေလုပ်ရုံ သက်သက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ မြေယာ၊ လုပ်အား၊ အရင်းအမြစ်၊ ဘဏ္ဍာရေး၊ ပြုစုစောင့်ရှောက်ရေး၊ နယ်မြေနဲ့ နိုင်ငံတော်ကိုယ်တိုင် အပေါ်မှာရှိတဲ့ ပါဝါကိုစစ်တပ်၊အရင်းရှင်နဲ့ အီလိတွေရဲ့လက်ဝါးကြီးအုပ်ထိန်းချုပ်မှုကနေ ဖယ်ရှားပြီး၊ စုပေါင်းပါဝင်တဲ့ ဒီမိုကရေစီပုံစံတွေဆီ ပါဝါလွှဲပြောင်းတာနဲ့ အများပိုင်ပြုလုပ်တာတွေကိုပါ ဆိုလိုပါတယ်။

ဒါဟာ တရားမျှတမှုကိုလည်း ဆိုလိုပါတယ်။ တရားမျှတမှုဆိုတာ လုပ်ချင်လုပ် မလုပ်ချင်နေ ရွေးချယ်လို့ရတဲ့ ကိုယ်ကျင့်တရားရေးရာ ဖြည့်စွက်ချက် သက်သက် မဟုတ်ပါဘူး။ အပြစ်လုပ်ထားသူတွေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ စနစ်ကြီးကို အမြစ်ပြတ် ဖျက်သိမ်းပစ်ဖို့ လိုပါတယ်။ ပြီးတော့ စစ်တပ်ရဲ့ ဗီတိုအာဏာနဲ့ အကာအကွယ်ပေးထားတဲ့ အီလစ်တွေရဲ့ အာဏာကို အခြေခံထားတာ မဟုတ်တဲ့၊ တခြား ခိုင်မာတဲ့ အုတ်မြစ်သစ်တွေပေါ်မှာလူမှုရေးနဲ့ နိုင်ငံရေးဘဝတွေကို ပြန်လည် တည်ဆောက်ကြရပါမယ်။အဲဒီလို ဖျက်သိမ်းတည်ဆောက်တဲ့ လုပ်ငန်းစဉ်ကြီးမှာ တရားမျှတမှုဟာ မပါမဖြစ်တဲ့ အဓိက အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

မဇ္ဈိမပဋိပဒါ (ဒါမှမဟုတ်) အလယ်အလတ်လမ်းစဉ်ကို ဝေဖန်တာဟာ တော်လှန်ရေးကို ပြီးပြည့်စုံနေတဲ့ ပြီးမြောက်ပြီးသား ဒီမိုကရေစီစီမံကိန်းကြီးတခုပါလို့အတည်ပြုလိုက်တာမဟုတ်ပါဘူး။ တော်လှန်ရေးအစုအဖွဲ့တွေဟာလူမှုရေးအရ တထပ်တည်း တသားတည်း ကျနေတာ မဟုတ်ပါဘူး။၊ အင်အားစုတွေအကြား တင်းမာမှုတွေကိုလည်း ဘုံရန်သူကို လက်ညှိုးထိုးပြရုံနဲ့ ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါဘူး။ တော်လှန်ရေး အဖွဲ့တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းသွားတဲ့အခါ၊ တကယ့် စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရင် ဖျက်သိမ်းပစ်ရမယ့် လူမျိုးရေးခွဲခြားတဲ့ အထက်အောက်စနစ်တွေကိုတောင် တခါတရံမှာ ပြန်အသက်သွင်းမိသလို ဖြစ်တတ်ပါတယ်။ တော်လှန်ရေး အစုအဖွဲ့တွေထဲမှာ အမျိုးသမီးတွေနဲ့ LGBTQပုဂ္ဂိုလ်တွေ ပိုပြီး နေရာရလာ မြင်သာလာရုံနဲ့ ဂျန်ဒါအရ အထက်အောက်ခွဲခြားဖိနှိပ်တဲ့စနစ်တွေ အလိုလို ပျောက်ကွယ်သွားတာလည်း မဟုတ်ပါဘူ။

ဒီလို လွဲချော် ဆန့်ကျင်ဘက် ဖြစ်နေမှု ဝိရောဓိတွေဟာ နိုင်ငံရေး ဒါမှမဟုတ် အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြဿနာတွေ သက်သက်တင် မဟုတ်ပါဘူး။ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေလည်း ပါဝင်ပါတယ်။ တော်လှန်ရေးဆိုတာ လူတန်းစားပေါင်းစုံ ပါဝင်တဲ့ ဖွဲ့စည်းဖြစ်ပေါ်မှုကြီး တခုပါ။ ဒါကြောင့် ဒီအထဲက တချို့အစိတ်အပိုင်းတွေဟာ စီးပွားရေး အကျိုးအမြတ်တွေ၊ အီလိတွေ၊ နယ်မြေစိုးမိုးမှု၊ ပိုင်ဆိုင်မှု၊ သြဇာပေး ကာကွယ်မှုနဲ့ အရင်းရှင်တွေလို ဓနဥစ္စာစုဆောင်းမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေတုန်းပါပဲ။ ဒါကို ဝန်ခံ အသိအမှတ်ပြုတယ် ဆိုတာဟာ တော်လှန်ရေးနဲ့ စစ်တပ်ကြီးစိုးဗိုလ်ကျမှု အကြားက ကွာခြားချက်ကို ဖျောက်ပစ်လိုက်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရုံ သက်သက်နဲ့တော့ လူတန်းစား ကွာဟမှု ပြဿနာကို အလိုအလျောက် မဖြေရှင်းနိုင်ဘူး ဆိုတာကို အခိုင်အမာ ထောက်ပြချင်တာပါ။

အလယ်အလတ်လမ်းစဉ်မဟုတ်တဲ့တခြားရွေးချယ်စရာ ဆိုတာဟာတော်လှန်ရေးကို အပြစ်အနာအဆာ မရှိဘူးဆိုပြီး မျက်လုံးမှိတ် အောင်ပွဲခံနေဖို့ ပြောတာ မဟုတ်ပါဘူး။ တော်လှန်ရေး ဆက်ရှိနေလို့သာ ပွင့်လာတဲ့၊ အားပြိုင်နေရဆဲဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံရေးနယ်ပယ်ကို ဆိုလိုတာပါ။

၇။ နိဂုံး

ဒီဆောင်းပါးမှာ ခြေရာခံထားတဲ့ စနစ်အဆောက်အအုံဆိုင်ရာ သဘောတရားအရ ကြည့်မယ်ဆိုရင်၊ မဇ္ဈိမပဋိပဒါ (ဒါမှမဟုတ်) အလယ်အလတ်လမ်းစဉ် ဆိုတာဟာ ပဋိပက္ခတွေကို ကျော်လွန်ပြီး မြင်တတ်တဲ့ မြင့်မြတ်တဲ့ ဉာဏ်ပညာ မဟုတ်ပါဘူး။ အဲဒီ့လမ်းစဥ်ကိုယ်တိုင်ကကို ပဋိပက္ခအတွင်းထဲက ရပ်တည်ချက်တခုပါ။ မြန်မာနိုင်ငံမှာ အဲဒီလမ်းစဉ်ရဲ့ သမိုင်းမှတ်တမ်းဟာ ကံဆိုးတာ (ဒါမှမဟုတ်) သည်းခံမှု မလုံလောက်တာကြောင့် ပြတ်တောက်သွားတဲ့ တဖြည်းဖြည်းတိုးတက်မှုမှတ်တမ်းမျိုး မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် တရားမျှတမှုကို ခဏဆိုင်းငံ့ထားပြီး၊ နောက်ဆုံးကျမှ တရားမျှတမှု ပြန်ပေးအပ်ခဲ့တယ် ဆိုတဲ့ မှတ်တမ်းမျိုးလည်း မဟုတ်ပါဘူး။

တည်ငြိမ်ရေးဆိုတဲ့ အမည်ခံပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေကို ကာကွယ်ပေးခဲ့တဲ့ မှတ်တမ်းတခုပါပဲ။ အဲဒီ့ တည်ငြိမ်ရေး ဆိုတာကလည်း ဘယ်လိုပဲဖြစ်ဖြစ် ထပ်တလဲလဲ ပြိုကျပျက်စီးခဲ့တာပါပဲ။ စနစ်အဆောက်အအုံ ပြန်လည်ထုတ်လုပ်လည်ပတ်တဲ့ မှတ်တမ်းတခုသာပါ။ စီမံခန့်ခွဲထားတဲ့ အပေးအယူ လုပ်မှုတိုင်း လုပ်မှုတိုင်းဟာ နောက်ထပ်တကြိမ် စစ်တပ်ဗိုလ်ကျမှုအတွက် အခြေအနေတွေကို ထိန်းသိမ်းပေးရာသာ ရောက်ခဲ့ပါတယ်။ ၂၀၂၁အာဏာသိမ်းမှုဟာ ဒီယုတ္တိဗေဒကနေ သွေဖည်သွားတာ မဟုတ်ဘဲ ဒီလမ်းစဥ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားတာပါ။

“အလယ်အလတ်ကျခြင်း” ဒါမှမဟုတ် “မဇ္ဈိမပဋိပဒါ လမ်းစဉ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်ဆောင်ခဲ့တဲ့၊ စစ်တပ်ရဲ့အသာစီးဗိုလ်ကျမှုကို အပေးအယူလုပ်လိုက်လျောတဲ့ နိုင်ငံရေးဟာ မြန်မာနိုင်ငံက အဖိနှိပ်ခံပြည်သူတွေကို တည်ငြိမ်ရေးအတွက် တရားမျှတမှုကို အလဲအလှယ်လုပ်ဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။သမိုင်းမှတ်တမ်းတွေက သက်သေပြသနေတာကတော့ အဲဒီအပေးအယူမျိုးဟာ တည်ငြိမ်မှုကိုရော တရားမျှတမှုကိုပါ ဘာတခုကိုမှ မပေးစွမ်းခဲ့ဘူး ဆိုတဲ့အချက်ပါပဲ။

တကယ့် အကွဲအပြဲက စစ်တပ်ရဲ့အသာစီးဗိုလ်ကျမှုကို အပေးအယူလုပ်မလား (ဒါမှမဟုတ်) အဲဒါကို အမြစ်ပြတ် ဖျက်သိမ်းဖို့ တိုက်ပွဲဝင်မလား ဆိုတဲ့အကြားမှာ ဖြစ်ပါတယ်။စစ်တပ်နဲ့ အရင်းရှင်အုပ်စုရဲ့ ရှင်သန်မှုကို နိုင်ငံရေးရဲ့ မလွဲမသွေ လက်ခံရမယ့်အရာအဖြစ် မှတ်ယူသူတွေနဲ့၊ အဲဒီအချက်ကို ငြင်းပယ်မှသာ ပြည်သူ့အချုပ်အခြာအာဏာဟာ စနစ်အဆောက်အအုံအရ ဖြစ်နိုင်လာမယ်လို့ နားလည်သူတွေ အကြား ကွဲလွဲမှုဖြစ်ပါတယ်။

အလယ်အလတ်လမ်းစဉ်အတွက်အဖြေဟာ အပြောင်းအလဲနဲ့ပတ်သက်တဲ့ မတူညီတဲ့ သဘောတရားတခု ဖြစ်ပါတယ်။ လက်ဆင့်ကမ်း ရရှိလာတဲ့ ဖိနှိပ်မှု စနစ်အဆောက်အအုံအောက်မှာ ချည်နှောင်ခံထားရတဲ့ အပေးအယူလုပ်ချင်တဲ့ အီလိတွေကိုရော၊ အဲဒီစနစ်ကို အတွင်းကနေ ပြုပြင်ဖို့ ကြိုးပမ်းတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အတွင်းလူတွေကိုပါ ငြင်းပယ်ပါတယ်။ အဲဒီအစား၊ အဲဒီစနစ်အဆောက်အအုံကို အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ ဖြစ်ပါတယ်။ ဒီစနစ်ဆိုးကြီး ဆက်ရှိနေမှုရဲ့ ကုန်ကျစရိတ်ကို အသက်ဘဝတွေ ရင်းပြီး ထမ်းပိုး ပေးဆပ်နေခဲ့ရသူတွေနဲ့၊ ရှေ့ဆက်ပြီး ဒီစနစ်ရဲ့ ရိုက်ခတ်မှုအောက်မှာ ရှင်သန်ရမယ့် ပြည်သူတွေအပေါ် တကယ့်ကို တာဝန်ခံနိုင်မယ့် နိုင်ငံရေးအစီအမံသစ်တွေ တည်ဆောက်ဖို့ ဖြစ်ပါတယ်။

စစ်မှန်တဲ့ တခြားရွေးချယ်စရာလမ်းစဉ်တခုအတွက် လက်တွေ့ကျကျ ဘာတွေ လိုအပ်ပါမလဲ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေး ဖွဲ့စည်းဖြစ်ပေါ်မှုကြီးကို အခြေခံကျကျလုံးလုံးလျားလျား အပြောင်းအလဲလုပ်ဖို့ ဆိုတာ လက်တွေ့မှာ ဘာကိုဆိုလိုတာပါလဲ။ဒီအကြောင်းတွေကိုတော့ဒီဆောင်းပါးတွဲရဲ့ နောက်ဆောင်းပါး တပုဒ်မှာ ဆွေးနွေးထားပါတယ်။

(ငြိမ်းငြိမ်းပြည့်ဟာ မြန်မာနိုင်ငံက သတင်းထောက်နဲ့ တော်လှန်ရေးသမားတဦး ဖြစ်ပြီး၊ ဖိနှိပ်မှုတွေကိုဆန့်ကျင်တဲ့ ရုန်းကန်မှုနဲ့ အင်တာဆက်ရှင်နယ် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လွတ်မြောက်ရေးတို့အတွက် ရပ်တည်လှုပ်ရှားသူ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သူ့ဆောင်းပါးတွဲတွေထဲက အစိတ်အပိုင်းတခု ဖြစ်ပါတယ်။)

ဆက်စပ်သတင်းများ