Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းနဲ့အတူ ဆက်လက် ရပ်တည်သွားမယ်လို့ ကိယက်ဗ် ခရီးစဉ်မှာ ဘိုင်ဒန် ကတိပြု

စစ်ပွဲမှာ ယူကရိန်းနဲ့အတူ အမေရိကန်က ဆက်လက် ရပ်တည်သွားဦးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကိယက်ဗ်မြို့ကို လျှို့ဝှက် သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းနဲ့အတူ ဆက်လက် ရပ်တည်သွားမယ်လို့ ကိယက်ဗ် ခရီးစဉ်မှာ ဘိုင်ဒန် ကတိပြု
ယူကရိန်းနဲ့အတူ ဆက်လက် ရပ်တည်သွားမယ်လို့ ကိယက်ဗ် ခရီးစဉ်မှာ ဘိုင်ဒန် ကတိပြု

စစ်ပွဲမှာ ယူကရိန်းနဲ့အတူ အမေရိကန်က ဆက်လက် ရပ်တည်သွားဦးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကိယက်ဗ်မြို့ကို လျှို့ဝှက် သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ကြေညာခဲ့ပါတယ်။

ဘိုင်ဒန်ဟာ ဖေဖော်ဝါရီ ၂၀ က ယူကရိန်းရဲ့ မြို့တော်ကို လုံခြုံရေး အစီအမံတွေ အထူးတင်းကျပ် လျှို့ဝှက်ထားတဲ့ ခရီးစဉ် တစ်ခုနဲ့ ရောက်ရှိလာပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံချိန်မှာ ဘိုင်ဒန်က ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် အမေရိကန်က ကြံ့ကြံ့ခံ ဆက်လက် အားပေး ရပ်တည်နေမယ်လို့ ကတိပြုခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းဟာ စစ်ပွဲကို မယိမ်းမယိုင် ဆက်ပြီး တိုက်ခိုက်နေနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

ဘိုင်ဒန်ဟာ ၁၀ နာရီလောက် ရထားစီးရတဲ့ ခရီးစဉ် အပါအဝင် အရမ်းလျှို့ဝှက်ထားတဲ့ အစီအမံတွေနဲ့ ကိယက်ဗ်ကို ရောက်ရှိလာခဲ့တာပါ။ အမေရိကန် အစိုးရဟာ ဘိုင်ဒန် ကိယက်ဗ်ကို သွားရောက်မယ် ဆိုတာကိုလည်း ဝါရှင်တန်ကနေ သမ္မတ ထွက်ခွာသွားပြီး နာရီအတော်ကြာမှ ရုရှားဆီ ဆက်သွယ် အသိပေးခဲ့ပါတယ်။

မာရင်စကီ နန်းတော်မှာ သမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံပြီးတဲ့နောက် မိန့်ခွန်းပြောရာမှာ ဘိုင်ဒန်က ယူကရိန်းရယ်၊ ဒီမိုကရေစီရယ်က ဆက်ပြီး ရပ်တည်နေမှာ ဖြစ်သလို အမေရိကန်နဲ့ တစ်ကမ္ဘာလုံးကပါ ယူကရိန်းနဲ့အတူ ရပ်တည်နေမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ သူက ရုရှားသမ္မတ ဗလာဒီမာ ပူတင် အနေနဲ့ ယူကရိန်းရယ်၊ အနောက်မဟာမိတ်တွေရယ် အပေါ်မှာ အထင်သေးပြီး တွက်ကိန်း လွဲချော်ခဲ့တယ်လီု့လည်း ပြောပါတယ်။

ဘိုင်ဒန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ တစ်နှစ်ပြည့်ဖို့ ၄ ရက်အလိုမှာ ကိယက်ဗ်ကို ရောက်လာခဲ့တာပါ။ ဘိုင်ဒန်ရဲ့ ခရီးစဉ်အတွင်း အမေရိကန် အစိုးရက လက်နက်ကြီး ကျည်ဆန်တွေ၊ အတွဲလိုက်ပစ်တဲ့ ဒုံးကျည်တွေ၊ ဟောင်ဝစ်ဇာ စက်အမြောက်တွေ၊ ရေဒါတွေ၊ ပခုံးထမ်း ဝေဟင်ပစ် လက်နက်တွေ အပါအဝင် ဒေါ်လာ သန်း ၅၀၀ ဖိုး စစ်လက်နက် အသစ်တွေ ထောက်ပံ့မယ်လို့လည်း ကြေညာခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်လောက်အတွင်း အမေရိကန်က ယူကရိန်းအတွက် ကာကွယ်ရေး ထောက်ပံ့စရိတ် ဒေါ်လာ ၃၀ ဘီလီယံလောက် သုံးစွဲပြီး ဖြစ်လာတော့မှာပါ။

ဘိုင်ဒန်ဟာ ကိယက်ဗ်မှာ နာရီပေါင်း အတော်ကြာ နေခဲ့ချိန် အတောအတွင်း ဇီလန်စကီးနဲ့အတူ ယူကရိန်း ကျဆုံးစစ်သည်တွေရဲ့ အထိမ်းအမှတ် ဗိမာန်ကို သွားရောက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဘိုင်ဒန်ဟာ ပိုလန်ကို ခရီးဆက်လက် ထွက်ခွာသွားခဲ့ပါတယ်။

ဇီလန်စကီးက ကိယက်ဗ်ထိ လာရောက်တဲ့အတွက် ဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ဘိုင်ဒန်ရဲ့ ခရီးစဉ်ဟာ ယူကရိန်းကို ကမ္ဘာကြီးက မေ့မထားဘူးဆိုတာ ပေါ်လွင်စေပြီး ရှေ့တန်းရောက် စစ်သည်တွေကိုလည်း စိတ်အား တက်ကြွစေလိမ့်မယ်လို့ ယူကရိန်း သမ္မတက ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်နောက်ပိုင်း ဇီလန်စကီးနဲ့ ဘိုင်ဒန်တို့ လူချင်းတွေ့ကြတာ ဒါက ဒုတိယ အကြိမ်ပါ။ အရင်တစ်ကြိမ်တုန်းကတော့ ဇီလန်ဟာ ဝါရှင်တန်မြို့တော်ကို နာရီပိုင်းလောက် သွားရောက်ပြီး အိမ်ဖြူတော်မှာ ဘိုင်ဒန်နဲ့ တွေ့ခဲ့သလို အမေရိကန် လွှတ်တော်မှာလည်း မိန့်ခွန်း ပြောကြားခဲ့ဖူးပါတယ်။

Facebook

You May Also Like

နိုင်ငံတကာ

အမေရိကန်ဟာ တင့်ကားတွေ၊ တာဝေးပစ် ဒုံးကျည်တွေ၊ လေယာဉ်ပစ် လက်နက်တွေ အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ ၃၀ ဘီလီယံဖိုးလောက် ကာကွယ်ရေး အစီအမံတွေ ပေးအပ် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။

ဗီဒီယို

ဇီလန်စကီးရဲ့ ခရီးစဉ် အတောအတွင်း ဗြိတိန် အစိုးရဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံ ထုတ်ပြန်သွားမယ်လို့လည်း ယုံကြည်ရပါတယ်။

သတင်း

ထိုသို့ မြန်မာနိုင်ငံ၏ ပုံမှန်မဟုတ်သည့်၊ သာမာန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုများကြောင့် အမေရိကန်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သော အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဂျိုးဘိုင်ဒန်က ဒုတိယအကြိမ်ဆက်လက်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ် ဒေးဗစ် အာရက်ခ်ဟာမီရာက ပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေး အမြင်နဲ့ ဆုံးဖြတ်ချက် တစ်ခုလို့လည်း အာရက်ခ် ဟာမီရာက ဆိုပါတယ်။