Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

F-16တွေ ထောက်ပံ့ရေး ဘိုင်ဒန်ကို ပိုမို တွန်းအားပေး တောင်းဆိုကြဖို့ အမေရိကန် လွှတ်တော်ကို ယူကရိန်း တိုက်တွန်း

အမေရိကန်ဟာ တင့်ကားတွေ၊ တာဝေးပစ် ဒုံးကျည်တွေ၊ လေယာဉ်ပစ် လက်နက်တွေ အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ ၃၀ ဘီလီယံဖိုးလောက် ကာကွယ်ရေး အစီအမံတွေ ပေးအပ် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။

F-16တွေ ထောက်ပံ့ရေး ဘိုင်ဒန်ကို ပိုမို တွန်းအားပေး တောင်းဆိုကြဖို့ အမေရိကန် လွှတ်တော်ကို ယူကရိန်း တိုက်တွန်း
F-16တွေ ထောက်ပံ့ရေး ဘိုင်ဒန်ကို ပိုမို တွန်းအားပေး တောင်းဆိုကြဖို့ အမေရိကန် လွှတ်တော်ကို ယူကရိန်း တိုက်တွန်း

ယူကရိန်းအတွက် F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးရေးကိစ္စ သမ္မတ ဂျိုးဘိုင်ဒန်ကို ဝိုင်းဝန်း တွန်းအားပေး တောင်းဆိုကြဖို့ အမေရိကန် လွှတ်တော်ကို ယူကရိန်းက တိုက်တွန်းခဲ့ပါတယ်။

ဘက်စုံသုံး F-16 တိုက်လေယာဉ်တွေကို ယူကရိန်းက အသုံးပြုနိုင်မယ်ဆိုရင် ရုရှားရဲ့ ဒုံးကျည်စခန်းတွေကို ပိုပြီး ထိထိရောက်ရောက် ချေမှုန်း တိုက်ခိုက်နိုင်စွမ်း ရှိလာမယ်လို့ ယူကရိန်း အာဏာပိုင်တွေက အမေရိကန် လွှတ်တော် အမတ်တွေကို ပြောကြားထားပါတယ်။

လက်ရှိ အချိန်ထိတော့ သမ္မတ ဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရဟာ F-16တွေ အပါအဝင် အမေရိကန်လုပ် တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ ငြင်းဆန်ထားဆဲပါ။ အမေရိကန် အစိုးရက စစ်မြေပြင် အနေအထားအရ ယူကရိန်းဟာ တိုက်လေယာဉ်တွေကို အရေးတကြီး မလိုအပ်သလို တကယ်လို့ F-16လို စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေ ထောက်ပံ့ခဲ့မယ် ဆိုရင်လည်း ရုရှား လေကြောင်း ကာကွယ်ရေး စနစ်တွေရဲ့ ပစ်ချမှုကို ခံရနိုင်တယ်လို့ အမေရိကန်ဖက်က ထောက်ပြထားပါတယ်။

ဒါပေမဲ့လည်း ရုရှားရဲ့ ကျူးကျော်စစ်ပွဲ တစ်နှစ်ပြည့်ဖို့ နီးကပ်လာတဲ့ ကာလမှာ ယူကရိန်းက အမေရိကန် လွှတ်တော် အနေနဲ့ သမ္မတ ဘိုင်ဒန် စိတ်ပြောင်းသွားအောင် ဝိုင်းလှုံ့ဆော် တွန်းအားပေးဖို့ ပိုမို တောင်းဆိုလာနေတာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ ကာကွယ်ရေး ညီလာခံရဲ့ သီးခြား အစည်းအဝေးတွေမှာ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလီဘာက အမေရိကန်ရဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အမတ်တွေကို တိုက်လေယာဉ်တွေကိစ္စ ပိုပြီး အားထည့် တောင်းဆိုပေးဖို့ မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဖက်ကတော့ သူတို့ဟာ ရန်သူ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို အမေရိကန်လုပ် ဝေဟင်က လေယာဉ်ပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့အတွက် F-16တွေ လိုအပ်တယ်လို့ ပြောခဲ့ကြောင်း၊ ဒါမှသာ ယူကရိန်း အနေနဲ့ ဒရုန်းတွေ စေလွှတ်ပြီး စစ်ဆင်ရေး ဆောင်ရွက်နိုင်မယ်လို့ ရှင်းပြခဲ့ကြောင်း အမေရိကန် ရေတပ်မှာ တိုက်လောဉ်တွေ မောင်းခဲ့ဖူးတဲ့ လွှတ်တော်အမတ် မတ်ခ် ကယ်လီက ပြောပါတယ်။ ယူကရိန်းဟာ F-16တွေကို ရလာရင် ရုရှားနဲ့ တိုက်ခိုက်နေတဲ့ ရှေ့တန်း စစ်မျက်နှာကိုပါ ကျော်ပြီး ရုရှား လေကြောင်းကာကွယ်ရေး စနစ်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ လမှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘိုင်ဒန်က သူဟာ Lockheed Martin ကုမ္ပဏီထုတ် တိုက်လေယာဉ်တွေ ယူကရိန်းဆီ လွှဲပြောင်းပေးရေးကို လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ အဲဒီအစား အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် စစ်မြေပြင်မှာ အမြန်ဆုံး လက်တွေ့ အသုံးချနိုင်မယ့် စစ်လက်နက်တွေ ထောက်ပံ့ရေးကိုသာ အာရုံစိုက်ထားတယ်လို့ အိမ်ဖြူတော်က ပုဂ္ဂိုလ် တချို့က ဆိုပါတယ်။

F-16တွေကို အသုံးပြုဖို့အတွက် ကာလရှည်ကြာ လေ့ကျင့်မှုတွေ လိုအပ်တာကို အိမ်ဖြူတော်ဖက်က ထောက်ပြထားပေမယ့် အနာဂတ်မှာလည်း အဲဒီလေယာဉ်တွေ ယူကရိန်းဆီ လုံးဝ ပေးပို့မှာ မဟုတ်ကြောင်း ယတိပြတ် ဆုံးဖြတ်ထားတဲ့ သဘောမျိုးတော့ ပြောမသွားပါဘူး။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ကတော့ ယူကရိန်းအတွက် ဘယ်လို စစ်လက်နက်တွေ ထပ်မံ ထောက်ပံ့သင့်သလဲ ဆိုတာကို လာမယ့် သီတင်းပတ်တွေနဲ့ လပိုင်းအတွင်း ဆက်တိုက် ဆွေးနွေးနေမယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

အမေရိကန်ဟာ တင့်ကားတွေ၊ တာဝေးပစ် ဒုံးကျည်တွေ၊ လေယာဉ်ပစ် လက်နက်တွေ အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ ၃၀ ဘီလီယံဖိုးလောက် ကာကွယ်ရေး အစီအမံတွေ ပေးအပ် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။

Facebook

You May Also Like

သတင်း

ယခုထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်သည်ဟု ထုတ်ပြန်သည်။

ဗီဒီယို

ဒီအတောအတွင်း အမေရိကန်ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲကနေ တရုတ် မိုးပျံပူဖောင်းရဲ့ အာရုံခံ အီလက်ထရောနစ် ကိရိယာတွေကို ဆယ်ယူ ရရှိထားပြီး သူလျှိုလုပ်ငန်းအတွက် အသုံးပြုတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်တော့မယ်လို့လည်း ကြေညာထားပါတယ်။

သတင်း

NUG အစိုးရ ဟာ ကိုယ်စားလှယ်ရုံးတွေကို အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊သြစတြေးလျ ၊ နော်ဝေ၊ချက်သမ္မတနိုင်ငံ၊ဂျပန် နဲ့ တောင်ကိုရီးယား တို့မှာ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

ဗီဒီယို

အမေရိကန်နဲ့ ကနေဒါ အာဏာပိုင်တွေက ပျက်ကျပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး လတ်တလောမှာတော့ ဘယ်လို ပစ္စည်းတွေကို ပစ်ချခဲ့သလဲဆိုတာ မပြောနိုင်သေးကြောင်း အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး ဂလန်းဗန်ဟက်ခ်က ဆိုပါတယ်။