Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ မကျေပွဲ ထပ်နွှဲဖို့ သေချာသွားတဲ့ ဘိုင်ဒန်နဲ့ ထရမ့်

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မကျေပွဲ ထပ်နွှဲဖို့ သေချာသွားတဲ့ ဘိုင်ဒန်နဲ့ ထရမ့်
ရွေးကောက်ပွဲမှာ မကျေပွဲ ထပ်နွှဲဖို့ သေချာသွားတဲ့ ဘိုင်ဒန်နဲ့ ထရမ့်

သက်ဆိုင်ရာ ပါတီကြီး နှစ်ခုရဲ့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေ အဖြစ် အသီးသီး ရွေးချယ်ခံရဖို့ သေချာသွားတဲ့နောက် ဂျိုးဘိုင်ဒန်နဲ့ ဒေါ်နယ်လ်ထရမ့်တို့ဟာ အမေရိကန် ရွေးကောက်ပွဲမှာ မကျေပွဲ ပြန်နွှဲကြတော့မှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးပြီး အဲဒီတုန်းက ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု စိန်ခေါ်သူ ဘိုင်ဒန်က ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု အာဏာရ သမ္မတ ထရမ့်ကို အနိုင်ရခဲ့ပါတယ်။ ၂၀၂၄ ရွေးကောက်ပွဲမှာတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီး ဘိုင်ဒန်ကို ထရမ့်က စိန်ခေါ်ရတော့မှာပါ။

အခုသီတင်းပတ် အစောပိုင်းက ပြည်နယ်အဆင့် ပါတီတွင်း ဆန္ဒမဲ ပေးမှုတွေမှာ ထရမ့်ရော၊ ဘိုင်ဒန်ပါ အခြေအနေ ကောင်းခဲ့ကြပြီး သက်ဆိုင်ရာ ပါတီအသီးသီးရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာဖို့ လိုအပ်တဲ့ ထောက်ခံမဲ ပမာဏတွေကို အသီးသီး ကျော်ဖြတ်ခဲ့ကြပါတယ်။ ဒီမိုကရက် ပါတီ သမ္မတလောင်း နေရာအတွက် ကိုယ်စားလှယ် ထောက်ခံမဲ စုစုပေါင်း ၁၉၆၈ ခု လိုအပ်ရာမှာ ဘိုင်ဒန်က မတ်လ ၁၃ ရက်နေ့မှာ ၂၀၉၉ ခုထိ ရရှိခဲ့ပြီး ထရမ့်ကတော့ ကိုယ်စားလှယ် ထောက်ခံမဲ ၁၂၁၅ ခု လိုအပ်ချိန်မှာ ၁၂၂၈ ခုထိ စုဆောင်းရရှိသွားခဲ့ပြီးပြီလို့ ကနဦး ရရှိထားတဲ့ အချက်အလက်တွေက ညွှန်ပြနေပါတယ်။

အမေရိကန် သမိုင်းမှာတော့ စိတ်မကျေပွဲ ဖြစ်လာတဲ့ ရွေးကောက်ပွဲ တစ်ခုကို နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည် ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကြို လူထုအမြင် စစ်တမ်းတွေအရ ထရမ့်နဲ့ ဘိုင်ဒန်တို့ကြား ယှဉ်ပြိုင်မှု ရလဒ်တွေ အရမ်းကျဉ်းမြောင်းပြီး ပြည်နယ် အနည်းစုလောက်ရဲ့ ဆန္ဒမဲတွေက ရွေးကောက်ပွဲ ရလဒ်တစ်ခုလုံးကို အဆုံးအဖြတ် ပေးသွားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ခွင့်ရဖို့ သေချာသွားတဲ့နောက် အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်က မဲဆန္ဒရှင်တွေရဲ့ ယုံကြည်ထောက်ခံမှုအတွက် ဂုဏ်ယူကြောင်း ပြောခဲ့ပြီး ထရမ့်ရဲ့ စိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ကြီးထွားလာနေတယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ သူက ရွေးကောက်ပွဲမှာ အမေရိကန် ပြည်သူတွေ အနေနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ခိုင်မာ ကောင်းမွန်စေတဲ့ ရွေးချယ်မှုမျိုး လက်တွေ့ လုပ်ပြနိုင်ကြမယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ရွေးကောက်ပွဲတွေရဲ့ သဘောအရ လက်ရှိ သမ္မတတွေဟာ နောက်ထပ် သက်တမ်းတစ်ခု ယှဉ်ပြိုင်ဖို့အတွက် ပါတီထဲမှာ အားကောင်းတဲ့ ပြိုင်ဆိုင် ဖိအားပေးမှုမျိုး ကြုံရလေ့ မရှိတဲ့ အနေအထားကောင်းမျိုးကို ဘိုင်ဒန်က ပိုင်ဆိုင်ခဲ့ပါတယ်။ ထရမ့်ကတော့ နစ်ကီဟေလီနဲ့ ရွန်ဒီဆန်းတစ်တို့လို နာမည်ရ ရီပတ်ဘလစ်ကန် နာမည်ကျော် နိုင်ငံရေး ကြယ်ပွင့်တွေကို အသာစီးယူပြီး ပါတီတွင်းမှာ ထောက်ခံမှု အများဆုံး ကိုယ်စားလှယ်လောင်း နေရာကို ပြတ်ပြတ်သားသား ရယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၇ နှစ်အရွယ် ထရမ့်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရားရေးအရ ရှုပ်ထွေးတဲ့ ဖိအားပေးမှု ပြဿနာတွေကို ကြုံခဲ့တဲ့တိုင် ရီပတ်ဘလစ်ကန် ပါတီထဲမှာတော့ လူကြိုက်အရမ်း များနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

ကိုးကား: BBC