Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အနောက်နိုင်ငံတွေကို တုံ့ပြန်တဲ့ အနေနဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ဖို့ ရုရှားစီစဉ်

ရုရှားဟာ ဆိုဗီယက်ခေတ် ကတည်းက တည်ဆောက်ထားတဲ့ နျူကလီးယား စစ်လက်နက် အများအပြားကို လက်ဆင့်ကမ်း ထိန်းသိမ်းထားခဲ့ပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

အနောက်နိုင်ငံတွေကို တုံ့ပြန်တဲ့ အနေနဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ဖို့ ရုရှားစီစဉ်
အနောက်နိုင်ငံတွေကို တုံ့ပြန်တဲ့ အနေနဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ဖို့ ရုရှားစီစဉ်

အနောက်နိုင်ငံတွေရဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှားဟာ ယူကရိန်း ပိုင်နက်နားမှာ နျူကလီးယား စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်က မကြာသေးခင်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်တို့ အသီးသီး ထုတ်ပြန်တဲ့ ကြေညာချက်တွေက ရုရှားနဲ့ ဆက်ဆံရေးကို ပိုပြီး တင်းမာလာအောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ မာခရွန်က ယူကရိန်းကို ပြင်သစ် စစ်သည်တွေ ပို့ဆောင် ဖြန့်ကျက်စေမယ့် အလားအလာကို ငြင်းပယ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့သလို ကင်မရွန်ကလည်း ဗြိတိန်က ထောက်ပံ့တွေကို ယူကရိန်း အနေနဲ့ ရုရှားပိုင်နက်ထဲ တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအထိ အသုံးပြုခွင့် ပေးသွားမယ်ဆိုတဲ့ သဘောမျိုး မှတ်ချက်ပေးခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ကင်မရွန်ရဲ့ သဘောထားဟာ ရုရှားအပေါ် ရန်လိုနေတယ် ဆိုတာ အတိအလင်း ဖော်ပြရာရောက်ပြီး မူလက ဗြိတိန် အာမခံထားသလို ယူကရိန်းဆီ ထောက်ပံ့တဲ့ တာဝေးပစ် ဒုံးကျည်တွေကို ယူကရိန်း ပိုင်နက်ထဲမှာပဲ အသုံးပြုခွင့် ပေးမယ်ဆိုတဲ့ စကားနဲ့ ရှေ့နောက် ဆန့်ကျင်နေတယ်လို့ မေလ ၆ ရက်နေ့မှာ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ ဗြိတိန်က ထောက်ပံ့တဲ့ စစ်လက်နက်တွေသုံးပြီး ရုရှားပိုင်နက်ထဲကို ယူကရိန်းက တိုက်ခိုက်လာမယ်ဆိုရင် ရုရှားဖက်က တုံ့ပြန်မှုမှာ ယူကရိန်း ပိုင်နက်ထဲက ဗြိတိန် စစ်ရေးဌာနတွေလည်း ပစ်မှတ်ထားတာမျိုး ဖြစ်လာနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ပြီး ရုရှားဟာ ဗြိတိန်နဲ့ ပြင်သစ် သံအမတ် နှစ်ဦးကိုလည်း ဆင့်ခေါ်ပြီး လက်ရှိ အခြေအနေတွေအပေါ် ကန့်ကွက်ခဲ့ပါတယ်။

မဟာဗျူဟာ နျူကလီးယား ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာမျိုး သရုပ်တူ လေ့ကျင့်မယ့် ကိစ္စကိုတော့ ရုရှားက မေလ ၆ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပြီး သမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင်ဆီက တိုက်ရိုက် ညွှန်ကြားတဲ့ အမိန့်ကို အကောင်အထည် ဖော်တာလို့ ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မယ့်နေ့ကို အတိအကျ မထုတ်ပြန်သေးပေမယ့် သိပ်မကြာလှတဲ့ ကာလအတွင်း အကောင်အထည် ပေါ်လာမယ်လို့လည်း Tass သတင်းဌာနက ဖော်ပြသွားပါတယ်။ အဲဒီ လေ့ကျင့်မှုမှာ ဒုံးကျည်တွေ မဟာဗျူဟာမြောက် ဖြန့်ကျက် တိုက်ခိုက်မှုအပြင် ရေတပ်နဲ့ လေတပ်ကပါ ပူးပေါင်း ပါဝင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အဲဒီလေ့ကျင့်မှုမှာ ထိပ်ဖူးအတုတွေ တပ်ဆင်ထားတဲ့ ဒုံးကျည်တွေ၊ ပို့ဆောင်ရေး စနစ်တွေ၊ ချိန်ရွယ်ပစ်ခတ်မှုတွေကို တကယ့် နျူကလီးယား စစ်ပွဲတစ်ခု ဖြစ်ပေါ်လာသလိုမျိုး သရုပ်တူ စစ်ဆင် လှုပ်ရှားစေဖို့ ရည်ရွယ်ထားကြောင်း ရုရှားစစ်ဘက် အရာရှိ တချို့က ဆိုပါတယ်။

ပူတင်ဟာ ယူကရိန်း စစ်ပွဲအပေါ် အနောက်မဟာမိတ် နိုင်ငံတွေဆီက တင်းတင်းမာမာ ဖိအားပေး ကန့်ကွက်မှုတွေ စတင်လာချိန် ကတည်းက နျူကလီးယား လက်နက်တွေကို အချိန်မရွေး ထုတ်သုံးနိုင်တယ်ဆိုတဲ့ သဘောထားမျိုးနဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုခဲ့ဖူးပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေး ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ ရုရှားရဲ့ ကြေညာချက်ဟာ နျူကလီးယား ဗန်းပြပြီး အကျပ်ကိုင်မှု တစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖာရားဟ် ဒက်ခ်လယ်လာက ရုရှားစီစဉ်နေတဲ့ ကိစ္စဟာ အန္တရာယ်များပြီး တာဝန်မဲ့လွန်းရာ ကျနေကြောင်း၊ NATOဟာ အခြေအနေကို အချိန်နဲ့ တပြေးညီ နိုးနိုးကြားကြား စောင့်ကြည့်နေမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ရုရှားဟာ ဆိုဗီယက်ခေတ် ကတည်းက တည်ဆောက်ထားတဲ့ နျူကလီးယား စစ်လက်နက် အများအပြားကို လက်ဆင့်ကမ်း ထိန်းသိမ်းထားခဲ့ပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်ဟာ ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၄ ဘီလီယံနီးပါးထိ များပြားတဲ့ စစ်ရေး အထောက်အပံ့တွေ ပေးပို့ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။