အစုလိုက် သတ်ဖြတ်ခံထားရသူ ၆ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်ထဲမှာ လူမျိုးရေး ပဋိပက္ခတွေ ပြန်လည် ခေါင်းထောင်လာခဲ့ပါတယ်။
အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး ပြည်မဒေသတွေနဲ့ သီးခြားလို ဖြစ်နေတဲ့ မဏိပူရမှာတော့ ကသည်းလို့ ခေါ်ဝေါ်တဲ့ မေ့ထေး မျိုးနွယ်စုတွေနဲ့ လူနည်းစု ကုကီမျိုးနွယ်စုတွေကြားမှာ ခါးသီးတင်းမာတဲ့ အငြှိုးအတေးတွေ ရှိနေခဲ့ပါတယ်။ အဲဒီ မျိုးနွယ်စု နှစ်ခုဟာ အရင်ကလည်း သွေးချောင်းစီး သတ်ဖြတ်ကြတဲ့ ပဋိပက္ခတွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တွေ့ရှိခဲ့တဲ့ ကလေးနဲ့ အမျိုးသမီး ၆ ဦးရဲ့ အလောင်းတွေဟာ ကသည်း အနွယ်ဝင်တွေ ဖြစ်ကြပြီး ကုကီ လက်နက်ကိုင် အဖွဲ့အစည်းတွေက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။ မဏိပူရ ရဲတပ်ဖွဲ့ကတော့ အဲဒီအချက်ကို အတည်မပြုသေးပါဘူး။
နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး ကသည်းမျိုးနွယ်စုတွေ နေထိုင်ရာ မြို့ရွာတွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး ကုကီ လက်နက်ကိုင် အင်အားစုတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တချို့ ဆန္ဒပြမှုတွေဟာ မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေတွေ ဖြစ်လာပြီး အာဏာရ ဗရာတီရာ ဂျန်နက်တာ ပါတီ (BJP) အမတ်တွေရဲ့ နေအိမ်နဲ့ ရုံးခန်းတွေ မီးတင်ရှို့ ခံခဲ့ရပါတယ်။ လမ်းတွေပေါ်မှာလည်း မီးရှို့ခံထားရတဲ့ ကားတွေကို တွေ့ခဲ့ရပါတယ်။ ရဲတွေက ဆူပူမှုတွေနဲ့ ဆက်စပ်သူ ၂ ဒါဇင် ဝန်းကျင်လောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

Public Service Announcement
ကုကီတွေနဲ့ ကသည်းတွေကြား လတ်တလော တင်းမာမှုတွေဟာ အဲဒီမတိုင်ခင် တစ်ပတ်လောက်အလို နိုဝင်ဘာ ၇ ရက်နေ့ ကတည်းက စပြီး ဆူပွက်လာနေခဲ့ပါတယ်။ အဲဒီတုန်းက မဏိပူရရဲ့ ဂီရစ်ဘမ် ခရိုင်မှာ ကုကီ အမျိုးသမီးတစ်ဦးကို လက်နက်ကိုင် လူတစ်စုက မုဒိမ်းကျင့်ခဲ့ပြီး မီးတင်ရှို့ခဲ့ပါတယ်။ စက်ဆုပ် တုန်လှုပ်စရာ အဲဒီလုပ်ရပ်ကို ကသည်းတွေက ကျူးလွန်တယ်လို့ ကုကီတွေက စွပ်စွဲခဲ့ပါတယ်။
နောက်ထပ် ၄ ရက် အကြာမှာတော့ ဂီရစ်ဘမ်မှာ ကသည်း ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စခန်းတစ်ခု၊ ရဲစခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပြီး ကုကီတွေ လက်ချက်အဖြစ် ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကုကီ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကုကီ လက်နက်ကိုင် ၁၀ ဦးကို သုတ်သင်ခဲ့တယ်လို့ ရဲတွေက ပြောပေမယ့် ကုကီ အဖွဲ့အစည်းတွေဖက်ကတော့ ငြင်းဆိုထားပါတယ်။
နောက်ဆုံး ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်မှာတော့ ဒုက္ခသည် စခန်းကနေ အဖွားအိုတစ်ဦး၊ သူ့ရဲ့ သမီးနှစ်ယောက်နဲ့ မြေးသုံးယောက်ကို ကုကီတွေလို့ စွပ်စွဲခံရသူ အမည်မသိ လက်နက်ကိုင်တွေက ပြန်ပေးဆွဲ ခေါ်ဆောင်သွားပြီး သတ်ဖြတ်ပစ်ခဲ့တာပါ။ သူတို့ရဲ့ အလောင်းတွေကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရှာတွေ့ခဲ့ပြီး နောက်တစ်နေ့မှာပဲ မဏိပူရမှာ လူထုအုံကြွမှုတွေ ပေါ်ပေါက်လာသလို လူမျိုးရေး တင်းမာမှုတွေလည်း စိုးရိမ်စရာ အနေအထားထိ မြင့်တက်လာတာကြောင့် အာဏာပိုင် အဖွဲ့အစည်းတွေက လုံခြုံရေး တပ်လှန့်မှုတွေ သတ်မှတ် ကြေညာခဲ့ရပါတယ်။
ဒေလီမြို့တော်မှာရှိတဲ့ အိန္ဒိယ ဖက်ဒရယ် အစိုးရဟာလည်း အခြေအနေကို ထိန်းသိမ်းဖို့အတွက် ထိပ်တန်း လုံခြုံရေး အရာရှိတွေကို မဏိပူရဆီ အဆောတလျင် ပို့ဆောင်ခဲ့ရပါတယ်။ ပြည်ထဲရေး ဝန်ကြီး အာမစ်ရှားဟ်ကိုယ်တိုင် အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူပြီး အခြေအနေကို တိုင်ပင်ခဲ့ပေမယ့် မဏိပူရမှာ တင်းမာမှုတွေ ပေါက်ကွဲထွက်လုနီးနီး အခြေအနေမျိုး ရှိနေဆဲပါ။
ကသည်းတွေနဲ့ ကုကီတွေဟာ မဏိပူရမှာ အစဉ်အဆက် မုန်းတီးခဲ့တဲ့ ကမ္ဘာ့ရန်တွေလို့တောင် သတ်မှတ်နိုင်ပြီး နေထိုင်မှုနဲ့ ဓလေ့စရိုက်တွေလည်း ကွဲပြားပါတယ်။ မဏိပူရရဲ့ လူများစု အနွယ်လို့ ဆိုနိုင်တဲ့ ကသည်းတွေဟာ အင်ဖာတောင်ကြား တဝိုက် မြေပြန့်တွေမှာ အဓိက ဖြန့်ကျက်နေထိုင်ပြီး ကုကီတွေကတော့ တောင်ပေါ်နေ တိုင်းရင်းသားတွေလို့ သတ်မှတ်လို့ ရသလို ပတ်ဝန်းကျင် တောင်ပေါ်ဧရိယာတွေမှာ အဓိက အခြေစိုက်ပါတယ်။ အဲဒီ လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ အိန္ဒိယ အစိုးရက လုံခြုံရေး တပ်ဖွဲ့တွေ ပို့ဆောင်ထားရသလို မဖြတ်သန်းရ ဇုန်တွေလည်း သတ်မှတ်ထားရပါတယ်။
အခုနှစ်ထဲမှာ မေလ နှောင်းပိုင်းကစလို့ ကသည်းတွေနဲ့ ကုကီတွေကြား သွေးချောင်းစီး ထိပ်တိုက်တွေ့ဆုံမှုတွေ ပြတ်တောင်းပြတ်တောင်း ရှိနေခဲ့ပြီး လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့သလို ထောင်နဲ့ချီ နေရပ်စွန့်ခွှာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ကိုးကား: BBC
