close
Connect with us

Hi, what are you looking for?

ဘာသာပြန်

ဆင်းရဲနွမ်းပါးလို့ ကျောက်ကပ်ရောင်းရသူတွေ

ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတဲ့ Delivery သမား ကိုမောင်မောင် (လုံခြုံရေးအရ အမည်လွှဲထား)ရဲ့ ဇနီးရော၊ သမီးငယ်လေးပါ ထမင်းမစားရတာ ၃ ရက် ကြာခဲ့ပြီးပါပြီ။

အိန္ဒိယသို့သွား​ရောက်ခွဲစိပ်​၍ ​ကျောက်ကပ်​ရောင်းချခဲ့​သောကို​မောင်​မောင်ကို​ဆေးရုံ​တွေ့ရစဥ်။ ဓါတ်ပုံ-CNN

ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတဲ့ Delivery သမား ကိုမောင်မောင် (လုံခြုံရေးအရ အမည်လွှဲထား)ရဲ့ ဇနီးရော၊ သမီးငယ်လေးပါ ထမင်းမစားရတာ ၃ ရက် ကြာခဲ့ပြီးပါပြီ။ ၂၀၂၂ နှောင်းပိုင်းလောက်တုန်းက သူ့ရဲ့ဇာတိ မန္တလေးမြို့မှာရှိတဲ့ အင်တာနက် ကဖေး တစ်ခုထဲ သူရောက်သွားခဲ့တဲ့ နောက်ခံ အခြေအနေ အကြောင်းကို ကိုမောင်မောင်က ပြောပြနေတာပါ။

အဲဒီတုန်းက သူဟာ အတိုက်အခံ အင်အားစုတွေအတွက် ထောက်ပို့ လုပ်ပေးပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ သီတင်းပတ်တချို့ ဖမ်းဆီး ထိန်းသိမ်းတာကို ခံခဲ့ရပါတယ်။ အဲဒီ ကာလအတွင်း ဇနီးဖြစ်သူဟာ အကြွေးတွေယူရင်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန် အသက်ဆက်ခဲ့ရပါတယ်။

နောက်ဆုံးတော့ ကိုမောင်မောင် ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အလုပ် ပြုတ်သွားပါပြီ။ မိသားစုဟာ ငွေကြေးတစ်ပြားတစ်ချပ်မှ မကျန်တော့တဲ့အပြင် အကြွေးနွံထဲ နစ်နေပါတယ်။ အကြံအိုက်ပြီး မွန်းကျပ်နေတဲ့ ကိုမောင်မောင်ဟာ ​ဖေစ်ဘွခ် သုံးရင်း သူ့ကျောက်ကပ်ကို ရောင်းချင်တဲ့အကြောင်း ပို့စ်တင်လိုက်ပါတော့တယ်။

Public Service Announcement

Public Service Announcement

“အဲဒီတုန်းကပေါ့ဗျာ။ ဘဝကြီးက ရက်စက်လိုက်တာလို့ ကျွန်တော် တွေးမိခဲ့တယ်။ ပိုက်ဆံရဖို့ဆိုရင် ဓားပြတိုက်၊ လူသတ်ဖို့ကလွဲရင် တခြား ရွေးစရာ ဘာမှ မရှိတော့သလိုကြီး ဖြစ်သွားခဲ့တာ”လို့ သူက ဖွင့်ဟတယ်။ သူက “ကျွန်တော့် ဇနီးလည်း တူတူပဲ။ လူ့လောကကြီးမှာ ဆက်ပြီးတောင် မနေချင်တော့ဘူး။ ဒါပေမဲ့ သမီးလေးကို ငဲ့ပြီး ကျွန်တော်တို့တွေ ဆက်အသက်ရှင်ခဲ့ကြတာ”လို့ ကိုမောင်မောင်က ပြောပါတယ်။

အိန္ဒိယသို့သွား​ရောက်ခွဲစိပ်​၍ ​ကျောက်ကပ်​ရောင်းချခဲ့​သောကို​မောင်​မောင်ကို​ဆေးရုံ​တွေ့ရစဥ်။ ဓါတ်ပုံ-CNN

လတချို့ ကြာပြီးတဲ့နောက် ကိုမောင်မောင်ဟာ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ကုသမှုတစ်ခုအတွက် အကြောင်းပြုပြီး အိန္ဒိယကို ခရီးထွက်ခွာခဲ့ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ တရုတ်-မြန်မာ စီးပွားရေးသမား တစ်ယောက်ဟာ ကိုမောင်မောင်ရဲ့ ကျောက်ကပ်တစ်လုံးအတွက် ကျပ်သိန်း ၁၀၀ နဲ့ ကမ်းလှမ်း ဝယ်ယူခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာတော့ မြို့ပြနေ အခြေခံ လူတန်းစား မိသားစု တစ်ခုရဲ့ တစ်နှစ်စာ ဝင်ငွေ နှစ်ဆလောက်နဲ့ ညီမျှတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲရေး ယူနစ်ရဲ့ ၂၀၁၉ ခုနှစ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ နှိုင်းယှဉ် သိရှိရပါတယ်။

ဒီအခြေအနေမျိုး ကြုံခဲ့တာဟာကိုမောင်မောင် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

CNNက တစ်နှစ်တာလောက် အချိန်ယူ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးတဲ့ အောက်ခြေ လူတန်းစားတွေဟာသူတို့ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ချမ်းသာကြွယ်ဝသူတွေဆီ ​​ဖေစ်ဘွခ်ကနေ ကြံရာမရ ကမ်းလှမ်း ရောင်းချတာတွေ ရှိခဲ့ပါတယ်။ နောက်တော့ ကြားလူ ပွဲစားတွေရဲ့ အကူအညီနဲ့အတူ သူတို့ဟာ အိန္ဒိယကိုသွားပြီး ကိုယ်တွင်းကလီစာ အစားထိုး ခွဲစိတ်မှုတွေအတွက် ကျောက်ကပ်တွေ ရောင်းချကြပါတယ်။ တကယ်တော့ ဒါဟာ တရားမဝင် လုပ်ရပ်လို့ ဆိုနိုင်ပြီး အိန္ဒိယရော၊မြန်မာမှာပါ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်းချမှုကို တားမြစ်ထားပါတယ်။

မြန်မာဘာသာ အသုံးပြု ရေးသားကြတဲ့ Facebook group အနည်းဆုံး ၃ ခုလောက်မှာ ကိုယ်တွင်းအင်္ဂါ ရောင်းချဖို့ ကမ်းလှမ်းထားတဲ့ပို့စ်တွေကို CNNက စိစစ် တွေ့ရှိခဲ့ပါတယ်။ ပြီးတော့ အဲဒီ အရောင်းအဝယ် ကဏ္ဍတွေမှာ ပုံစံ အမျိုးမျိုးနဲ့ ပါဝင်နေတဲ့ လူပေါင်းနှစ်ဒါဇင်လောက်နဲ့လည်း အမေးအဖြေတွေ လုပ်ဖြစ်ခဲ့ပါတယ်။အဲဒီထဲမှာ ရောင်းချဖို့ ကမ်းလှမ်းသူ၊ ဝယ်ယူချင်သူ၊ ကြားပွဲစား စသဖြင့် လူအမျိုးမျိုး ပါဝင်ပါတယ်။

ဓါတ်ပုံ-CNN

နောက်ပိုင်းမှာတော့ ​ဖေစ်ဘွခ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ အဲဒီလို groupတွေကို ဖယ်ရှားပစ်လိုက်တယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ Facebookရဲ့ စည်းမျဉ်းတွေ အရတော့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်းဝယ်တာ၊ ကုန်ကူးတာတွေ မှန်သမျှကို လက်မခံဘဲ အဲဒီ ကိစ္စတွေကို သတိထားမိသူတွေက report တင်တဲ့အခါ လေ့လာဆန်းစစ်ပြီး ဖယ်ရှားလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်ပြီး ၃ နှစ်ကျော်လောက် အကြာမှတော့ မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်းရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်ရဲ့ အောက်ထိ ထိုးဆင်းသွားပြီး အကြီးအကျယ် ရုန်းကန်လာရပါတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု စာရင်းဟာ ၂၀၁၇ ကထက် နှစ်ဆတိုးသွားတယ်လို့ ကုလမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)က တွေ့ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့အာဏာ လက်ဝါးကြီးအုပ်မှုကို နိုင်ငံအနှံ့မှာ အမျိုးမျိုးသော လက်နက်ကိုင် အင်အားစုတွေက တော်လှန်နေပြီး ပဋိပက္ခတွေဟာ နေရာစုံကို ကူးစက် ပျံ့နှံ့နေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ထိုးကျသွားပြီး အလုပ်လက်မဲ့ ပြဿနာက အရမ်းဆိုးရွားလာတယ်။ တရှိန်ထိုး မြင့်တက်လာတဲ့ ကုန်စျေးနှုန်းဟာလူအများစုလိုက်မီဖို့ ခက်ခဲလွန်းတဲ့ အနေအထားဖြစ်လာပါတယ်။

ကိုယ်အင်္ဂါ အစိတ်အပိုင်း မှောင်ခို စျေးကွက်ရဲ့ ယေဘုယျ သဘောအရတော့ ရောင်းချသူတွေဟာ ဆင်းရဲပြီး ဝယ်ယူသူတွေက ချမ်းသာပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးဟာ ကိုယ်စီကိုယ်ငှ ကျပ်တည်းလွန်းတဲ့ အခြေအနေတွေကြောင့်သာအခုလိုမျိုးမှောင်ခိုရောင်းဝယ်တဲ့စျေးကွက်ထဲ ရောက်လာကြတာပါ။

ကျောက်ကပ်ဝယ်ယူသူမိသားစုနှင့် အိန္ဒယတွင်ဘုရားဖူး​နေ​သော ကို​မောင်​မောင်။ ဓါတ်ပုံ-CNN

“ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို ထုတ်ရောင်းတယ် ဆိုတာက အရမ်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်မျိုးပါ။ ဘယ်သူမှ မဖြစ်ချင်တဲ့ ကိစ္စပါ”လို့ အသက် ၂၆ နှစ်အရွယ် မဧပရယ်လ် (အမည်လွှဲ)က ဆိုပါတယ်။ သူဟာ ဖေဖော်ဝါရီလတုန်းက ကျောက်ကပ်ရောင်းချင်တဲ့ အကြောင်းကို Facebookပေါ် တင်ခဲ့ပါတယ်။ “ဒီနည်းလမ်းကလွဲလို့ ကျွန်မမှာ ရွေးစရာလည်း မရှိတော့ဘူး”လို့ သူက ဆက်ပြောပါတယ်။

သူနာပြုတစ်ယောက် ဖြစ်လာချင်တဲ့ အိပ်မက်ကို မဧပရယ်လ်က စွန့်လွှတ်ပြီးအသက် ၁၈ နှစ် အရွယ်မှာပဲ အထည်ချုပ် အလုပ်သမအဖြစ် အလုပ်လုပ်ဖို့ သူဟာ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မိသားစုရဲ့ စားဝတ်နေရေးကို ဦးစားပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ လုပ်ခဟာ တစ်လကို ဒေါ်လာ ၁၀၀ အောက်သာ ရှိခဲ့ပါတယ်။ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် တရိပ်ရိပ် မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ၊ ကင်ဆာရောဂါ ခံစားနေရတဲ့ အဒေါ်ဖြစ်သူရဲ့ ဆေးကုသစရိတ်တွေကြောင့် အဲဒီလစာဟာ သူ့အတွက် ဘယ်လိုမှ မလောက်ငှတော့ပါဘူး။

“အရမ်းကြမ်းတမ်းတဲ့ အခြေအနေတွေမှာတောင် ကျွန်မ အတတ်နိုင်ဆုံး ရှင်သန်ရုန်းကန်ဖို့ ကြိုးစားခဲ့ပါတယ်။ တချို့နေ့တွေမှာ ကျွန်မ ငိုမိတယ်။ စားစရာမရှိတဲ့ နေ့တွေကို ကျွန်မ ဖြတ်သန်းဖူးတယ်။ သူငယ်ချင်းတွေ ကိုယ်တိုင်ကလည်း ကျွန်မကို ဘယ်လိုမှ မကူညီနိုင်ခဲ့ကြဘူးလေ”လို့ သူက CNN ကို ပြောပါတယ်။

တစ်ညမှာတော့ သူဟာ အိပ်မပျော်လို့ ​​ဖေစ်ဘွခ်ကို ဟိုလှန်ဒီလှော လျှောက်ကြည့်ရင်း ကျောက်ကပ်ရောင်းချင်သူတွေ စုထားတဲ့ groupတစ်ခုကို ရှာတွေ့သွားခဲ့ပါတယ်။ မူလကတော့ အဲဒီ groupတွေဟာ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ လူနာတွေအတွက် ဆရာဝန်တွေ၊ ဆေးခန်းတွေအကြောင်း ဝေမျှကြ အကြံပေးကြတာမျိုးအတွက် ထူထောင်ထားတာပါ။ ဒါပေမဲ့ နောက်ပိုင်းကာလတွေမှာတော့ ကျောက်ကပ် ရောင်းချင်ကြောင်း ကမ်းလှမ်းမှုတွေဟာ အရမ်း အတွေ့များတဲ့ အခြေအနေ ဖြစ်လာတယ်လို့ CNNရဲ့ စစ်ဆေး လေ့လာမှုတွေမှာ တွေ့ခဲ့ပါတယ်။

လူတွေမှာ သဘာဝအားဖြင့် ကျောက်ကပ်နှစ်လုံး ပါပေမယ့်လည်း ကျောက်ကပ်တစ်လုံးတည်း ရှိရုံနဲ့တင် ကျန်းကျန်းမာမာ သက်တမ်းရှည်ရှည် ဆက်လက် နေထိုင်သွားလို့ ရပါတယ်။ ဒါကြောင့်လည်း အခုလို အရောင်းအဝယ်မျိုးတွေ ဖြစ်လာတာပါ။ ဒါပေမဲ့ ကျောက်ကပ် ထုတ်ယူတာ၊ အစားထိုးတာတွေဟာ အကြီးစား ခွဲစိတ်မှုတွေဖြစ်ပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း ခံစားရနိုင်ပါတယ်။ အကြီးဆုံး အန္တရာယ် တစ်ခုကတော့ ကျောက်ကပ် ရောင်းထားသူဟာ လက်ကျန် ကျောက်ကပ်မှာ တစ်ခုခု ပြဿနာ ဖြစ်လာရင် အားကိုးရမယ့် အရန် လုံးဝ မရှိတော့တာ ဖြစ်တယ်လို့ အမျိုးသားကျောက်ကပ်ဖောင်ဒေးရှင်း (NKF)က ထုတ်ပြန်ထားပါတယ်။

ဧပရယ်လ်ကတော့ ခပ်မြန်မြန်ပဲ ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။ သူက ကျောက်ကပ် လှူချင်ကြောင်း၊ သူ့သွေး အမျိုးအစားက ‘အို’ဖြစ်ကြောင်း၊ အဒေါ်ဖြစ်သူက ကင်ဆာရောဂါ ခံစားနေရပြီး ခွဲစိတ်ရမှာ ဖြစ်တာကြောင့် သူက ငွေလိုနေကြောင်း၊ သူ့အသက် ၂၆ နှစ်ဖြစ်ပြီး အရက်လည်း မသောက်တတ်ကြောင်း၊စိတ်ဝင်စားရင်တိုက်ရိုက် စာပို့ဆက်သွယ်စေလိုကြောင်း သူက ရေးသားထားခဲ့ပါတယ်။

အွန်လိုင်းကနေ အရောင်းအဝယ် လုပ်ရာမှာရောင်းသူရော၊ဝယ်သူပါအေးဂျင့်တွေကနေတဆင့် ဆက်သွယ်လေ့ ရှိပါတယ်။အဲဒီအေးဂျင့်တွေဟာ ရောင်းလိုသူနဲ့ လက်ခံသူကြားမှာ ကိုက်ညီ သင့်တော်အောင် ညှိနှိုင်းပေးပြီး လိုအပ်တဲ့ စာရွက်စာတမ်း အတုတွေ၊ ခွဲစိတ်မယ့် အစီအစဉ်တွေကို တာဝန်ယူပေးလေ့ ရှိပါတယ်။

အိန္ဒိယမှာ ကျောက်ကပ် ရောင်းချခွင့်ကို တားမြစ်ထားပြီး အဲဒီအတွက် ကျောက်ကပ်လှူသူတွေဟာ လက်ခံသူရဲ့ မိသားစုဝင် ဖြစ်ရမယ်လို့ ကန့်သတ်ထားပါတယ်။ တချို့ အခြေအနေတွေမှာတော့ ခြွင်းချက် အနည်းအကျဉ်း ရှိပါတယ်။ ဒီတော့ ပွဲစားတွေက သန်းခေါင်စာရင်း အတုတွေ၊ မိသားစု မျိုးရိုးစဉ်ဆက် မှတ်တမ်း အတုတွေကို ရှေ့နေတွေ၊ နိုတြီတွေ အကူအညီတွေနဲ့ ဖန်တီးပါတယ်။ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးဟာ အဲဒီ စာရွက်စာတမ်းတွေကို စစ်ဆေးပြီးတဲ့အခါ သက်ဆိုင်ရာ ဆေးရုံတွေရဲ့ ကြီးကြပ်ရေး ကော်မတီတွေဆီ လက်လွှဲပေးလိုက်ပါတယ်။

အဲဒီကော်မတီတွေဟာ ကျောက်ကပ် အရောင်းအဝယ် ကိစ္စကို တားဆီးမယ့် နောက်ဆုံး ခံစစ်စည်းလို့ ပြောနိုင်ပါတယ်။ အဲဒီ ကော်မတီဟာ စနစ်တွေကို လိမ်ညာ ချိုးဖောက်မယ့် သူတွေကို ဖော်ထုတ်ဖို့ ရည်ရွယ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကော်မတီဟာ မှတ်တမ်းမှတ်ရာတွေ၊ မိသားစု ဓာတ်ပုံတွေ၊ ဘဏ်ကိစ္စတွေ အကုန်လုံးကို ခြေရာခံ စစ်ဆေးပါတယ်။ ပြီးတော့ လူစိမ်းတွေက မိသားစုဝင်အဖြစ် ဟန်ဆောင်ပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်ဖို့ ကြံစည်တာလား ဆိုတာကိုလည်း ဖော်ထုတ်လေ့ ရှိပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး CNNဟာ နယူးဒေလီ အခြေစိုက် မြန်မာသံရုံး၊ အိန္ဒိယ ကျန်းမာရေးနဲ့ မိသားစု သာယာကောင်းမွန်ရေး ဝန်ကြီးဌာနကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း တုံ့ပြန်မှုတွေတော့ မရသေးပါဘူး။

မသီရိခိုင် (အမည်လွှဲ)ဟာ သူကြုံတွေ့ ဖြတ်သန်းခဲ့တာတွေကို လွတ်လွတ်ပြောပြနိုင်ဖို့အတွက် သူ့နာမည် အစစ်ကို ထိမ်ချန်ထားဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကွယ်လွန်သွားတဲ့ပြီး ဖြစ်ပါတယ်။ ခြောက်နှစ် အကြာမှာတော့ သူဟာ ကျောက်ကပ်ရောဂါကို အပြင်းအထန် ခံစားနေရပါတယ်။ အဲဒီအချိန်မှာ သူဟာ နောက်အိမ်ထောင်နဲ့ မင်္ဂလာ စုံတွဲပုံတွေ ရိုက်ကူးထားပါတယ်။ တကယ်တမ်းကျတော့ သူ့ဘေးမှာ ပြုံးနေတဲ့ အမျိုးသားဟာ မသီရိခိုင်ရဲ့ ခင်ပွန်းအစစ် မဟုတ်ပါဘူး။ သူဟာ မသီရိခိုင်ဆီ ကျပ်ငွေ သိန်း ၁၂၀ နဲ့ ကျောက်ကပ် ရောင်းချပေးဖို့ သဘောတူထားသူသာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ မသီရိခိုင်ဟာ တရားဝင် လမ်းကြောင်းအတိုင်း ကျောက်ကပ် အလှူရှင် ပေါ်လာတဲ့ထိ စောင့်ဆိုင်းဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက နှစ်တွေနဲ့ချီ အချိန်ယူရနိုင်ပါတယ်။ ဒီတော့ အလှူရှင် ပေါ်လာမယ့် အချိန်လောက်ဆိုရင် သူဟာ ရောဂါကျွမ်းပြီး သေနှင့်နေလောက်ပြီလို့ မသီရိခိုင်က ဆိုပါတယ်။

၁၉၉၅ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ အတောအတွင်း မြန်မာနိုင်ငံမှာ ကျောက်ကပ် အစားထိုး ခွဲစိတ် ကုသမှုတွေ အောင်မြင်ခဲ့တာ ၃၀၈ ကြိမ်သာ ရှိတယ်လို့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီ ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ကိုဗစ် ကပ်ရောဂါနဲ့ အာဏာသိမ်းမှုတွေရဲ့ ဂယက်ကြောင့် နောက်ပိုင်းနှစ်တွေမှာတော့ အဲဒီလို အစားထိုး ခွဲစိတ် ကုသမှုတွေကို စစ်ဆေးရုံတွေမှာသာ ဆောင်ရွက်နိုင်တော့ကြောင်း ရန်ကုန်မှာ ရှိနေတဲ့ လက်ရှိနဲ့ အရင် အစိုးရ ဆရာဝန် တစ်ဦးစီက ပြောပါတယ်။(ခြွင်းချက်ခွဲစိတ်မှုအနည်းအကျဉ်းတော့ အရပ်ဖက် ဆေးရုံတွေမှာ လုပ်ခဲ့ပါတယ်) လုံခြုံရေးကြောင့် သူတို့နှစ်ယောက်လုံးက နာမည်တွေကိုတော့ မဖော်ခဲ့ကြပါဘူး။

နောက်ပြီး အခြေအနေ အရပ်ရပ်ကြောင့် ဆရာဝန်တွေက ရှားပါးတဲ့ ကိစ္စကလည်း ရှိနေပြန်ပါတယ်။

စစ်တပ် အာဏာသိမ်းလိုက်ပြီးတဲ့နောက် အစောပိုင်း နေ့တွေတုန်းက အာဏာဖီဆန် ဆန္ဒပြကြရာမှာ ဆရာဝန်တွေက ရှေ့ဆုံးတန်းကနေ ပါဝင်ခဲ့ကြပါတယ်။ ဆရာဝန်တွေဟာ ကိုယ်တိုင် ဆန္ဒပြခဲ့သလို ဒဏ်ရာရလာတဲ့ ဆန္ဒပြသူတွေကိုလည်း ကူညီဖေးမ စောင့်ရှောက် ကုသပေးခဲ့ကြပါတယ်။ အဲဒီအတွက် ဆရာဝန်တွေဟာ ကြီးကြီးမားမား ပေးဆပ်ခဲ့ရပါတယ်။ ကျန်းမာရေး ပညာရှင် အများအပြား ဖမ်းဆီးခံရပြီး တချို့တွေ ပြည်ပကို ထွက်ပြေးခဲ့ကြရတယ်။ ဒီတော့ အရင်ကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာ ပြိုကျလုနီးနီး အဆင့်ကို ရောက်သွားပါတော့တယ်။

အိန္ဒိယမှာ ကျောက်ကပ် အစားထိုး ခွဲစိတ်မှု မခံယူခင် သီတင်းပတ်တချို့ အလိုကတည်းက မသီရိခိုင်ဟာ သူ့ရဲ့ အယောင်ဆောင် ခင်ပွန်းသည်နဲ့အတူ ဆေးရုံမှာ ကြုံတွေ့ ဖြတ်သန်းရမယ့် ကြီးကြပ်ရေး ကော်မတီရဲ့ အင်တာဗျူးအတွက် ကြိုတင်ပြီး သရုပ်တူ လေ့ကျင့်ခဲ့ကြရပါတယ်။ သူတို့နှစ်ယောက် ဘယ်လို စတွေ့ခဲ့သလဲ၊ တစ်ယောက်ရဲ့ အကြိုက်ဆုံး အစားအစာ၊ သူတို့ရဲ့ ကားနံပါတ် စတာတွေကို အမှားမရှိအောင် ဖြေဆိုကြရပါတယ်။

“အဲဒီ စစ်ဆေးမှုတွေဟာ လုပ်ထုံးလုပ်နည်းအရ ကျွန်မတို့က တကယ့် လင်မယား အစစ်တွေပါ ဆိုတာကို အတည်ပြုဖို့ပဲ။ ဒါပေမဲ့ သူတို့ ကိုယ်တိုင်က ကျွန်မတို့တွေ ညာနေမှန်း သိကြတယ်”လို့ မသီရိခိုင်က ဆိုပါတယ်။ “ဥပဒေတွေက တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတယ်။ ဆေးရုံရဲ့ စည်းမျဉ်းတွေကလည်း တူတူပါပဲ။ ဒါပေမဲ့ သူတို့က တချို့ကိစ္စတွေမှာ ဟပေးလိုက်တယ်။ စာရွက်စာတမ်း အတုတွေကို မသိချင်ယောင်ဆောင်ပြီး ကျွန်မတို့ရဲ့ ကုသမှု အဆင်ပြေအောင် လမ်းဖွင့်ပေးလိုက်တယ်”လို့ သူက ဆိုပါတယ်။

CNNဟာ ကျောက်ကပ် အစားထိုး ခွဲစိတ်မှုအတွက် လူနာတွေနဲ့ လှူဒါန်းသူတွေ စုစုပေါင်း ၁၀ ယောက်ကို အင်တာဗျူးခဲ့ပါတယ်။ ၁ ယောက်တည်းကလွဲပြီး အားလုံးက သူတို့ဟာ မိသားစု တော်စပ်မှုတွေကို အတုဖန်တီးယူခဲ့တာချည်း ဖြစ်တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ လင်မယားအဖြစ်၊ တူဝရီးအဖြစ်၊ သားမက်တွေ ချွေးမတွေအဖြစ် ဟန်ဆောင်ခဲ့ရတာချည်းပါပဲ။ ဥပမာ ဆောင်းပါး အစပိုင်းမှာ ဖော်ပြထားတဲ့ ကိုမောင်မောင်ဆိုရင် သူ့ကျောက်ကပ်ကို ဝယ်ယူခဲ့သူရဲ့ သမက်အဖြစ် ဟန်ဆောင်ခဲ့တာ ဖြစပါတယ်။

အိမ်နဲ့ဝေးရာ သူစိမ်းနိုင်ငံတစ်ခုရဲ့ ဆေးရုံထဲမှာ ကိုမောင်မောင်ဟာ အားငယ်ပြီး ကြောက်စိတ်ဝင်နေခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လိုအပ်တဲ့ ဆေးစစ်စမ်းသပ်မှုတွေ၊ အင်တာဗျူးတွေကို အဆင့်အလိုက် ဖြတ်သန်းခဲ့ရတယ်။သူ့ဘဝမှာ ဘယ်တုန်း

ကမှ နိုင်ငံခြားကို မရောက်ခဲ့ဖူးပါဘူး။ အခုတော့ သူဟာ နယူးဒေလီမှာရှိတဲ့ ထင်ရှားတဲ့ ကြာပန်း ဘုရားကျောင်းကြီးရဲ့ ရှေ့မှာ မကြာခင် သူ့ကျောက်ကပ်ကို လွှဲပြောင်း ရောင်းချပေးရမယ့် ပုဂ္ဂိုလ်နဲ့အတူ မိသားစုဓာတ်ပုံ ရိုက်နေရပါတယ်။

“စိတ်ထဲမှာတော့ ကျွန်တော့် မိသားစု ကြုံတွေ့ ဖြတ်သန်းနေရတဲ့ နာကျင်စရာတွေကို တွေးမိနေတယ်။ သူတို့အတွက် ဘာမှ မရှိဘူးလေ။ တစ်ချိန်တည်းမှာပဲ ရှေ့ဆက် ကြုံလာရမှာတွေကို တွေးပြီးလည်း ကျွန်တော် အတော်လေး စိတ်ဖိစီးမိတယ်”လို့ သူက ခွဲစိတ်ခန်း မဝင်ခင် CNNကို ပြောပြခဲ့ပါတယ်။

“ကျွန်တော် သေသွားခဲ့မယ် ဆိုရင်တောင် ကျွန်တော့် ဇနီးနဲ့ သမီးအတွက် နေထိုင်စားသောက်ဖို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ တစ်သက်လုံးစာအတွက် မလုံလောက်နိုင်ဘူး ဆိုရင်တောင်မှပေါ့လေ”လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ ခိုင်မာတဲ့ မှတ်တမ်း မှတ်ရာတွေ အများအပြား ရှိနေပြီးသား ဆိုးသွမ်း အဖွဲ့အစည်း တစ်ခုပါ။ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ပြည်

တွင်းစစ်ကတော့ တော်လှန်ရေး အင်အားစုတွေကိုသာ မကဘဲ ပြည်သူတွေ အပေါ်မှာပါ မကြုံဖူးလောက်တဲ့ အကြမ်းဖက်မှုတွေ ကြုံတွေ့လာစေပါတယ်။

ဥပမာ ကိုမောင်မောင်ရဲ့ အဖမ်းခံရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် သူဟာ ကျောက်ကပ်တစ်လုံး ထုတ်ရောင်းရတဲ့ အခြေအနေထိ ကြုံသွားစေတော့တာပါပဲ။ ဒါပေမဲ့ စစ်ကောင်စီကတော့ စစ်တပ် အမှုထမ်းတွေ အားလုံးဟာ စနစ်တကျ ဖွဲ့စည်းထားတာကြောင့် တရားလက်မဲ့ ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ လုပ်မှာ မဟုတ်ဘူးလို့ CNNကို ပြောထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ အနှံ့မှာ အသက်ရှင်လျက် အလှူရှင်ကိုယ်တိုင် ပါဝင်တဲ့ ကျောက်ကပ် အစားထိုး ခွဲစိတ်မှု စုစုပေါင်း ၁၀၀၀၀ အောက်သာ ရှိခဲ့တယ်လို့ အမျိုးသား ကိုယ်အင်္ဂါနှင့် တစ်ရှူး အစားထိုး ကုသမှု အဖွဲ့ (NOTTO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီထဲမှာ ကျောက်ကပ် အရောင်းအဝယ်နဲ့ ဆက်စပ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ခွဲစိတ်ကုသမှုတွေရော ပါဝင်ခဲ့သလား ဆိုတာကိုတော့ CNNက သီးခြား အတည်မပြုနိုင်သေးပါ။

ရန်ကုန်မှာ အခြေစိုက်ပြီး အခုကိစ္စတွေမှာ ပွဲစားအဖြစ် ဆောင်ရွက်ပေးနေတဲ့ အမည်မဖော်သူ အေးဂျင့် တစ်ယောက်ကတော့ တကယ်တမ်းဆိုရင် အိန္ဒိယမှာရှိတဲ့ မြန်မာသံရုံးရော၊ အိန္ဒိယက သက်ဆိုင်ရာ ကော်မတီဖက်ကပါ စာရွက်စာတမ်းတွေက လုပ်ကြံ ဖန်တီးထားမှန်း သိကြတယ်လို့ ဆိုပါတယ်။

“ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် ဒါတွေက လူ့အသက်ကို ကယ်ဖို့ လုပ်ရတာလေ။ ဆိုးယုတ်တဲ့ ကိစ္စမျိုးမှ မဟုတ်တာ”လို့ သူက ဆိုတယ်။ သူကိုယ်တိုင်လည်း မနှစ်တုန်းက တူညီတဲ့ နည်းလမ်းနဲ့ ကျောက်ကပ် အစားထိုး ခွဲစိတ်မှု ခံယူထားရတာလို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။

အိန္ဒိယမှာ ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှု အားပေး ထောက်ခံတဲ့ ရည်ရွယ်ချက်နဲ့ ထူထောင်ထားတဲ့ အကျိုးအမြတ် မငဲ့တဲ့ အဖွဲ့အစည်း Multi Organ Harvesting Aid Network (MOHAN)ရဲ့ ကိုယ်တွင်းကလီစာ အစားထိုး ကုသမှု ဆရာဝန် ဒေါက်တာ ဆူနီလ် ရှာရော့ဖ်က ကျောက်ကပ် လှူဒါန်းမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အားလုံးက အတော်ကြီး ရှုပ်ထွေးတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

“ကော်မတီအတွက်လည်းလွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး။ ကော်မတီဟာ ဒီကိစ္စမျိုးကို စောင့်ကြည့် အရေးယူဖို့ ဖွဲ့ထားတာလည်း မဟုတ်ဘူး။ ကော်မတီဟာ ခွဲစိတ်မယ့် ကိစ္စ တစ်ခုချင်းစီကို ဆန်းစစ်ရပေမယ့် တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ် အစိတ်အပိုင်း လက်ခံယူမယ့် လူနာရဲ့ ခံစားနာကျင်ရမှုတွေကိုလည်း စာနာစဉ်းစားပေးဖို့ လိုတယ်လေ”လို့ ဒေါက်တာ ရှာရော့ဖ်က ရှင်းပြခဲ့ပါတယ်။

နောက်တစ်ခုက တခြားနိုင်ငံ တစ်ခုမှာ လုပ်ဆောင်လာတယ်ဆိုတဲ့ စာရွက်စာတမ်းတွေက စစ်မှန်ရဲ့လား ဆိုတာကို အတည်ပြုဖို့ ခက်လွန်းတာပဲ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“သံရုံးက လက်မှတ်ထိုးပေးလိုက်ပြီ ဆိုတာနဲ့ ဆေးရုံရဲ့ ကြီးကြပ်ရေး ကော်မတီက ဒီကိစ္စနဲ့ ပတ်သက်ရင် သံရုံးဖက်မှာပဲ တာဝန်ရှိတယ်လို့ လက်ခံပြီး ဖြစ်သွားပါတယ်။ ဆွေမျိုးတော်စပ်တာ မဟုတ်တဲ့ အလှူရှင်နဲ့အတူ လူနာက ရောက်လာတာလား ဆိုတာကို ကျွန်တော်တို့လည်း မသိနိုင်ဘူးလေ”လို့ ဒေါက်တာ ရှာရော့ဖ်က ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ကျောက်ကပ်တစ်လုံး ခွဲထုတ်မှု အပြီး ရက်ပိုင်းအကြာမှာ ကိုမောင်မောင်ဟာ ဆေးရုံရဲ့ ကုတင်အစွန်းမှာ ထိုင်ရင်း ခန္ဓာကိုယ် ဘယ်ဖက်ခြမ်းမှာ စွဲကျန်နေတဲ့ ခွဲစိတ်ဒဏ်ရာ ချုပ်ရိုးကို ပြသခဲ့ပါတယ်။

“အထဲမှာတော့ အနာကျက်နေပြီ ထင်ပါတယ်။ ဒါပေမဲ့ အပြင်ဖက် ချုပ်ရိုးနေရာကတော့ နာတုန်းပဲဗျ”လို့ သူက ဆိုတယ်။ သူက ဆေးရုံထဲမှာ လမ်းလျှောက်ရင်း တခြား လူနာဆောင် တစ်ခုထဲမှာ ရှိနေတဲ့ နောက်ထပ် မြန်မာနိုင်ငံသား လူနာတွေကို လက်ညှိုးထိုးပြခဲ့ပါတယ်။ အားလုံးလိုလို ဝမ်းဗိုက်နားမှာ ၄ လက်မ အရွယ် ချုပ်ရိုးကိုယ်စီနဲ့ပါ။

“အိမ်သာသွားရင် မြန်မာတွေချည်းပဲ တွေ့ရတာ။ အနီးတဝိုက်မှာလည်း မြန်မာတွေကိုပဲတွေ့ပါတယ်”လို့ ကိုမောင်မောင်က ဆိုတယ်။

ဆင်းရဲတွင်း ဝဲဂယက်ထဲကနေ မလွတ်နိုင်အောင် ရုန်းကန်နေရတဲ့ အောက်ခြေ လူတန်းစားတွေ အတွက်တော့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ထုတ်ရောင်းလိုက်တာဟာ အမြန်ဆုံး ထွက်ပေါက်ရှာနည်း ဖြစ်လာပါတယ်။ အဲဒီလို နောက်ဆုံးအ

ဆင့် ရွေးချယ်မှုမျိုးကို အာဖဂန် နစ္စတန်နဲ့ နီပေါတို့လို နိုင်ငံတွေက ဆင်းရဲနွမ်းပါးသူတွေလည်း လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအဖြစ် ကြမ်းတမ်း ခက်ထန်တဲ့၊ အခန့်မသင့်ရင် သေသွားနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ကြုံသွားနိုင်ပါတယ်။

“ကျောက်ကပ်ရောင်းလိုက်ရုံနဲ့သူတို့ရဲ့ ဘဝအခြေအနေက ပီပီပြင်ပြင် တိုးတက်လာမှာ မဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ ရထားသမျှ ပိုက်ဆံအားလုံး ကုန်သွားတဲ့အခါ ဆင်းရဲမွဲတေမှု သံသရာကို အစက ပြန်စရမယ်။ ပြီးတော့ သေရာပါ အနာရွတ်တစ်ခု ကျန်နေမယ်။ အဲဒါကို မြင်တိုင်း သူတို့တွေ စိတ်ဖိစီးကြရှာလိမ့်မယ်”လို့ ဒေါက်တာ ရှာရော့ဖ်က ပြောပါတယ်။

ကျောက်ကပ် တစ်လုံးကို ခွဲထုတ်မှု ခံယူခဲ့တာနဲ့ ပတ်သက်လို့တော့ ကိုမောင်မောင်က “နောက်ထပ် ကျွန်တော် နေရလှ ၁၅ နှစ်၊ နှစ် ၂၀ ပေါ့ဗျာ။ ပြီးရင် သေမှာပဲ”လို့ ဆိုတယ်။ သူ့ဆုံးဖြတ်ချက်ကိုတော့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူးလို့လည်း ဆက်ပြောခဲ့ပါသေးတယ်။

“စဉ်းစားကြည့်ဗျာ။ ကျွန်တော် ဒီလမ်းကိုမှ မရွေးရင် ကျွန်တော့် ဘဝ တစ်ခုလုံးက အဖတ်ဆယ် မရလောက်အောင် ဖြစ်နေတာ။ အလုပ်မရှိဘူး၊ စားစရာ မရှိဘူး။ ကျွန်တော့်ဇနီးနဲ့ သမီးလည်း ငတ်နေပြီ။ အဲဒီအတိုင်း ဆက်သွားရင် ကျွန်တော်တို့ ၃ ယောက်လုံး သေရင်သေ၊ မဟုတ်ရင် ရူးရုံပဲ ရှိတော့မှာ”လို့ သူက ဆိုတယ်။

အခုတော့ ကိုမောင်မောင် မန္တလေးကို ပြန်ရောက်နေပါပြီ။ ဒါပေမဲ့ အလုပ်လုပ်နိုင်တဲ့ အထိတော့ မာမာချာချာ ပြန်မဖြစ်သေးဘူး။ သူဟာ နာကျင်မှုကို တောင့်ခံရင်း တစ်နေ့ပြီးတစ်နေ့ အိမ်မှာပဲ အချိန်ဖြုန်းနေရပါတယ်။ ကျောက်ကပ်ရောင်းလို့ ရလာတဲ့ ငွေတွေကတော့ တတိတိနဲ့ ပွန်းပဲ့ ကုန်ဆုံးလာနေပါပြီ။

မဧပရယ်လ်ရဲ့ အကြောင်းကို စကားပြန်ဆက်ရရင်တော့ CNNဟာ လွန်ခဲ့တဲ့ လပိုင်းလောက်က သူနဲ့ နောက်ဆုံးအကြိမ် အဆက်အသွယ် ရခဲ့ပါတယ်။ သူဟာ ရန်ကုန်မှာရှိတဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ အဆက်အသွယ် ရထားခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်က မဧပရယ်လ်ရဲ့ ကျောက်ကပ်တစ်လုံးကို ကျပ် သိန်း ၁၂၀ နဲ့ ဝယ်ယူလိုပါတယ်။

စာရွက်စာတမ်း အတုတွေ လုပ်ထားပြီးပါပြီ။ မဧပရယ်လ်ဟာ အဲဒီအမျိုးသားရဲ့ သမီးကြီးအဖြစ် ဖန်တီးယူထားတဲ့ ဓာတ်ပုံလည်း ရိုက်ထားပြီးပါပြီ။ အခုဆိုရင် လုပ်စရာဆိုလို့ ခွဲစိတ်မှု အဆင့်ပဲ ကျန်ပါတော့တယ်။

ခွဲစိတ်မယ့်နေ့ နီးကပ်လာတာနဲ့အမျှ မဧပရယ်လ်ဟာ ခွဲစိတ်ခန်း ကုတင်ပေါ်မှာတင် သူသေဆုံးသွားမှာကို စိုးရိမ်တဲ့ စိတ်က ပိုပြီး ဖိစီးလာနေပါတယ်။ ဒါပေမဲ့ အခြေအနေတွေက နောက်ပြန်ဆုတ်လို့လည်း မရတော့ပါဘူး။ မဧပရယ်လ်ရဲ့ မိသားစုကတော့ ဒီမိန်းကလေးဟာ ကျောက်ကပ်ထုတ်ရောင်းဖို့ စီစဉ်ထားတယ် ဆိုတာကို လုံးဝ မသိကြသေးပါဘူး။ ။

(CNN သတင်းဌာန၏ Myanmar’s poorest are so desperate they’re turning to social media to sell their kidneys ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

(​အိန္ဒိယသို့သွား​ရောက်ခွဲစိပ်​၍ ​ကျောက်ကပ်​ရောင်းချခဲ့​သောကို​မောင်​မောင်ကို​ဆေးရုံ​တွေ့ရစဥ်နှင့် ​ကျောက်ကပ်ဝယ်ယူသူမိသားစု ဖြင့်အိန္ဒယတွင်ဘုရားဖူး​နေ​သောကို​မောင်​မောင် ။ ဓါတ်ပုံ-CNN)

ဆက်စပ်သတင်းများ

Facebook