Connect with us
close

Hi, what are you looking for?

LuduNwayOo

ဘာသာပြန်

ဓါတ်​ငွေ့ခန်းခြောက်မှုနဲ့အတူ ဆိုးသထက်ဆိုး လာဦးမယ့် လျှပ်စစ်ဓာတ်အားအခြေအနေ

စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ရတနာ သဘာဝဓါတ်ငွေ့ကမ်းလွန်လုပ်ကွက်ကနေ တင်သွင်းတဲ့ဓါတ်ငွေ့ပမာဏဟာ ၄၇ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။

မီးပျက်​နေ​သဖြင့် ဖ​ယောင်းတိုင်မီးနဲ့ ညစာစားရန်ပြင်ဆင်​နေတဲ့ ပြည်သူတစ်ဦး။ ဓါတ်ပုံ- ရိုက်တာ

ပြည်တွင်း ပဋိပက္ခတွေ ဆိုးသထက် ဆိုးလာခြင်းနဲ့အတူ မြန်မာနိုင်ငံရဲ့ ဓါတ်ငွေ့လောင်စာ ရင်းမြစ် ခန်းခြောက်မှု ပြဿနာကလည်း ပိုမို ခြိမ်းခြောက်လာနေကြောင်း သိရပါတယ်။

မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေ အတောမသတ်နိုင်သေးခြင်းက ဆိုးရွားလှတဲ့ စွမ်းအင် အကျပ်အတည်းတွေဆီ ဦးတည်နေခြင်းနဲ့ တိုက်ရိုက် ဆက်နွှယ်နေကြောင်းThe Diplomat သတင်းဌာနရဲ့ ‘Myanmar Is Running Out of Gas. What Happens Next?’ဆိုတဲ့ ဆောင်းပါးမှာဖော်ပြထားပါတယ်။

ဆောင်းပါးရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး သဘာဝ ဓါတ်ငွေ့ ထုတ်လုပ်ရေးလုပ်ကွက်ဖြစ်တဲ့ ရတနာ ဓာတ်ငွေ့လုပ်ငန်းဟာ ကုန်ခန်းလုနီးပါး အခြေအနေ ဖြစ်နေပြီလို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ရတနာသဘာဝ ဓါတ်ငွေ့ကမ်းလွန်လုပ်ကွက်ကနေ တင်သွင်းတဲ့ ဓာတ်ငွေ့ပမာဏဟာ ၄၇ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ထိုင်းရဲ့ စွမ်းအင်ရင်းမြစ် အချက်အလက်တွေက ဖော်ပြထားပါတယ်။ အဲဒီ ဆုတ်ယုတ်မှုနဲ့အတူ မြန်မာနိုင်ငံရဲ့ ဓါတ်အား ထုတ်လုပ်နိုင်စွမ်းဟာ ၃၅ ရာခိုင်နှုန်း ထိုးကျသွားပါတယ်။

ရတနာ ဓာတ်ငွေ့လုပ်ငန်းရဲ့ ထုတ်လုပ်နိုင်စွမ်း ကျဆင်းမှုဟာ ကြိုတင် ခန့်မှန်းထားပြီးသားကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရပ်သား အစိုးရလက်ထက်မှာ အဲဒီ ယုတ်လျော့မှုကို ကာမိစေဖို့အတွက် မြန်မာနိုင်ငံမှာ ဓာတ်ငွေ့သိုက် အသစ်တွေ ဖော်ထုတ်ဖို့၊ ပြည့်မြဲစွမ်းအင် ရင်းမြစ်တွေကို ပိုမို မှီခိုဖို့ အစီအမံတွေ ချမှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်က ရုတ်တရက် စိတ်ရူးပေါက်ပြီး အာဏာသိမ်းလိုက်တဲ့ အခါမှာတော့ အရင်ကတည်းက ခပ်ယဲ့ယဲ့ပဲ ရှိနေတဲ့ မြန်မာ့ စွမ်းအင်စနစ်ကြီး တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပါတော့တယ်။

Public Service Announcement

Public Service Announcement

ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုတာကနိုင်ငံရေး အပြောင်းအလဲတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေတာကြောင့် လောလောဆယ် အခြေအနေအရ အနာသိပေမယ့် ဆေးမရှိသလို ဖြစ်နေပါတယ်။ အာဏာသိမ်း စစ်ကောင်စီအပေါ် ယုံကြည်မှုက အဝီစိထိ စိုက်ဆင်းနေတာကြောင့် နိုင်ငံတကာရော၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေပါ စွမ်းအင်ကဏ္ဍကနေ စွန့်ခွာကုန်ကြပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုးကလည်း ဆိုးဆိုးရွားရွား ကျဆင်းနေပြန်ပါတယ်။ အာဏာ မသိမ်းခင်က တစ်ဒေါ်လာကို ၁၃၃၀ ကျပ်လောက် ရှိခဲ့ရာကနေ အခုဆိုရင် တစ်ဒေါ်လာကို ၄၅၀၀ ကျပ် (ဆောင်းပါးအာဘော်အရ) ဝန်းကျင်ထိ တန်ဖိုးကျဆင်းသွားပါပြီ။

ပြည်တွင်းက ဓာတ်အား မလုံလောက်မှုကို ကုစားဖို့အတွက် နိုင်ငံခြားကနေ ဓာတ်ငွေ့တွေ တင်သွင်းဖို့ ဆိုတာကလည်း လက်ရှိ အနေအထားမှာ စီးပွားရေးအရ ဘယ်လိုမှ တွက်ခြေမကိုက်တော့ပါဘူး။ အာဏာသိမ်း စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း ပြောင်းလိုက်ရုံနဲ့လည်း ဒီပြဿနာတွေ ပြေလည်စရာ အကြောင်းမမြင်ပါဘူး။ တကယ့် အခြေခံ အကျဆုံး အကြောင်းရင်းကတော့ စစ်တပ်ရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ အင်မတန် ညံ့ဖျင်းလွန်းတာကြောင့်ပါ။

သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း စစ်တပ်က အုပ်ချုပ်လိုက်ပြီဆိုရင် တိုးတက်မှု ညွှန်ကိန်းအားလုံးမှာ ရလဒ်တွေ အားနည်း ညံ့ဖျင်းသွားတော့တာပါပဲ။ စစ်ကောင်စီဟာ နောင်တော် စစ်အစိုးရတွေ လက်ထက်တုန်းက အလုပ်မဖြစ်၊ အရောင်မထွက်ခဲ့တဲ့ မူဝါဒတွေကို ခေါင်းမာလို့ဖြစ်စေ၊ တခြား ဘာမှ မကြံတတ်လို့ဖြစ်စေ ဆက်လက် သုံးစွဲနေပြန်ပါတယ်။ အာဏာသိမ်းပြီး ကတည်းက ပြည်တွင်းမှာ ဓာတ်အားပေးစက်ရုံ အသစ် စီမံကိန်းတွေ အခါခါ ကြေညာခဲ့ပေမယ့် တကယ်တမ်းကျတော့ ဘာမှ လက်ဆုပ်လက်ကိုင် ပြစရာ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာအရင်စစ်အစိုးရလက်ထက်အဆုံးသတ်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရ အာဏာရလာတဲ့နောက်ပိုင်း စီးပွားရေးအရ ပိုမိုပွင့်လင်းတဲ့ မူဝါဒတွေဆီ ပြောင်းလဲ ချဉ်းကပ်ခဲ့ပါတယ်။ နောက်တော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အမှောင်ခေတ်ဆီ နောက်ပြန်ဆုတ်တဲ့ အထီးကျန် မူဝါဒတွေကို ကျင့်သုံးလာပါတယ်။

နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး မြို့ကြီးဖြစ်တဲ့ ရန်ကုန်ဟာ လျှပ်စစ်ဓာတ်အားအတွက် ရတနာ ဓါတ်ငွေ့လုပ်ငန်းကို အကြီးအကျယ် မှီခိုနေရတာပါ။ လက်ရှိ ဂယက်ကြောင့် ရန်ကုန်မှာ မီးပြတ်တာတွေ ပိုပြီး ကြုံတွေ့လာရဖို့ သေချာသလောက်ပါပဲ။ အရည်အဖြစ် ပြောင်းလဲထားတဲ့ သဘာဝ ဓာတ်ငွေ့ (LNG) တင်သွင်းဖို့ ဆိုတာက လက်ရှိ ငွေလဲနှုန်းကြောင့် ခက်သထက် ခက်လာပါပြီ။ LNG မရှိတဲ့အခါ ဓါတ်အားပေး စက်ရုံတွေကလည်း ဘယ်လိုမှ မလည်ပတ်နိုင်ဘဲ ငုတ်တုပ်မေ့နေမှာ ဖြစ်ပါတယ်။

The Diplomatရဲ့ ဆောင်းပါးမှာတော့ အနာဂတ် မြန်မာနိုင်ငံတော် တည်ဆောက်မှုတွေမှာ ပြန်ပြည့်မြဲ စွမ်းအင်နဲ့ သန့်စင်စွမ်းအင် နည်းပညာတွေကို ပိုမို မှီခိုဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။ ဓါတ်ငွေ့ ထုတ်လုပ်မှုတွေနဲ့ စွမ်းအင် ကုန်သွယ်မှု ရင်းမြစ်တွေကို မှီခိုနေရခြင်းက ရေရှည်အတွက် တည်ငြိမ်မှု အာမခံချက် မရှိနိုင်တာကြောင့်ပါ။ တကယ်လို့ အကြောင်းတစ်ခုခုကြောင့် မူဝါဒ အပြောင်းအလဲတွေ ဖြစ်လာခဲ့ပြီ ဆိုရင်တောင်မှ ဓါတ်ငွေ့သိုက်တွေကနေ တူးဖော် ထုတ်လုပ်မှုတွေ ဆိုတာဟာ နှစ်တွေနဲ့ချီ အချိန်ယူတဲ့ အဆင့်တွေကို ဖြတ်သန်းရပါတယ်။

အဲဒီ နှောင့်နှေးမှုတွေရဲ့ ဒဏ်ကို နိုင်ငံစီးပွားရေးက တောင့်ခံထားဖို့ မလွယ်ပါဘူး။ ရေအားလျှပ်စစ် ထုတ်ယူဖို့ ဆည်အသစ်တွေ ဆောက်လုပ်တာကလည်း အချိန်အများကြီး ယူရတာကြောင့် ရေတို ဖြေရှင်းချက်လို့ ဘယ်လိုမှ သတ်မှတ်လို့ မရပါဘူး။ ဓာတ်အား ပြတ်တောက်မှုတွေကို အမြန်ဆုံး ထိရောက်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်ဖို့ ဆိုတာက လေအားနဲ့ နေရောင်ခြည် စွမ်းအင်သုံး ဓါတ်အား ထုတ်လုပ်မှုတွေအတွက် ရင်းနှီးမြှုပ်နှံတာ၊ လတ်တလောမှာ LNG တင်သွင်းမှုကို မြှင့်တင်တာတွေနဲ့သာ ဖြစ်နိုင်ပါလိမ့်မယ်။

မြန်မာ့ ဓါတ်အားထုတ်လုပ်မှု အရင်းအမြစ်ရဲ့ ထင်ရှားသိသာတဲ့ အစိတ်အပိုင်း ပမာဏ တစ်ခုဟာ ရေအားလျှပ်စစ် ကဏ္ဍကနေ ရရှိပါတယ်။ အဲဒီ ရေအားလျှပ်စစ် ထုတ်လုပ်မှု စက်ရုံတွေထဲက တချို့ဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု (EAO)တွေ ထိန်းချုပ်ထားရာ ဒေသတွေမှာ တည်ရှိနေပါတယ်။ အဲဒီ ဒေသတွေမှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လည်း ဓါတ်အား ထုတ်လုပ်မှု ကဏ္ဍမှာ မကြာခဏ ပြဿနာတွေ ကြုံတွေ့စေပါတယ်။ စစ်တပ် အုပ်စိုးမှုအလွန် တက်လာမယ့် ဘယ်အစိုးရမဆို သက်ဆိုင်ရာ ဒေသခံ ပြည်သူတွေရဲ့ ကောင်းကျိုး ခံစားခွင့်ကို ပိုမို အာမခံချက် ပေးနိုင်မယ့် စွမ်းအင် ခွဲဝေရေး သဘောတူညီချက်တွေကို ညှိနှိုင်း အကောင်အထည် ဖော်ဖို့ လိုပါတယ်။

ကရင်နီ (ကယား) ပြည်နယ်ထဲက ဘီလူးချောင်း အမှတ် ၂ ရေအားလျှပ်စစ် စက်ရုံကို ၁၉၆၀ ပြည့်နှစ်မှာ စတင် လည်ပတ်ခဲ့ပါတယ်။ ပြီးတော့ စီမံခန့်ခွဲမှု အားနည်းချက်တွေရဲ့ သမိုင်းဝင် ပုံရိပ်တစ်ခုလို့တောင် ညွှန်းဆိုနိုင်ပါတယ်။ အဲဒီ ဓါတ်အားပေး စီမံကိန်းဟာ ရန်ကုန်မြို့ကို အဓိက ထောက်ပံ့ဖို့ပဲ ရည်ရွယ်ထားခဲ့ပြီး ဒေသခံ လူထုအတွက် အကျိုးခံစားခွင့်က နည်းပါးလွန်းခဲ့ပါတယ်။ ၂၀၂၁ ကစလို့ ကရင်နီ တော်လှန်ရေး အင်အားစုတွေဟာ အဲဒီ စီမံကိန်းကို ပစ်မှတ်ထားပြီး အကြိမ်ကြိမ် နှောင့်ယှက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရင်ကတည်းက မမျှတခဲ့တဲ့ ကိစ္စအပေါ် မကျေနပ်မှုတွေကို ဖော်ပြခဲ့ကြပါတယ်။

အနှစ်ချုပ် အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ဒုက္ခဆိုးတွေကနေ ပြန်လည် ဦးမော့ ရုန်းထလာဖို့ဆိုရင် အဓိက အခြေအနေ သုံးရပ်ကို ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ နံပါတ် ၁ ကတော့ အရပ်သား အစိုးရ အုပ်ချုပ်မှု ပြန်လည် အသက်ဝင်လာဖို့ပါ။ နံပါတ် ၂ ကတော့ သန့်စင်စွမ်းအင်နဲ့ ပြည့်မြဲစွမ်းအင် နည်းပညာတွေကို အဓိက အားကိုးထားတဲ့ ၂ ဂဂ္ဂါဝပ် ဓာတ်အားပေး စီမံကိန်းမျိုးကို ၂ နှစ်အတွင်း အကောင်အထည် ဖော်နိုင်ဖို့ပါ။ နံပါတ် ၃ ကတော့ တိုင်းရင်းသား ဒေသတွေနဲ့ မျှတတဲ့ စွမ်းအင် ခွဲဝေမှု သဘောတူညီချက်တွေ ညှိနှိုင်းယူဖို့ပဲ ဖြစ်ပါတယ်။

ရေရှည် ကောင်းကျိုးရရှိစေမယ့် တိုးတက်ဖြစ်ထွန်းမှုတွေကို အာမခံနိုင်ဖို့အတွက် ပွင့်လင်းမြင်သာမှု, ဓာတ်အား ထောက်ပံ့မှု ရင်းမြစ်တွေ ရှိနေတဲ့ တိုင်းရင်းသား နယ်မြေတွေအတွက် နစ်နာမှုနည်းအောင် ဆောင်ရွက်ပေးမှု, သန့်စင်စွမ်းအင်နဲ့ ပြည့်မြဲစွမ်းအင်ဆိုင်ရာ နိုင်ငံတကာ လုပ်ငန်း တင်ဒါတွေ ခေါ်ယူမှုတွေကို စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်လို့ စစ်ကောင်စီ ချုပ်ကိုင်ထားနိုင်တဲ့ အရင်းအမြစ်တွေက လျော့သထက် လျော့နည်းလာနေပါပြီ။ ရတနာ ဓာတ်ငွေ့လုပ်ငန်းရဲ့ ထုတ်လုပ်နိုင်စွမ်း လျော့ကျလာတာ၊ ဓာတ်အားပေး စက်ရုံတွေ တည်ရှိရာ နယ်မြေတွေဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ လက်ထဲကို ဆက်တိုက် ကျရောက်လာနေတာတွေကို ကြည့်ရင် စွမ်းအင် ဖြန့်ဝေမှုတွေနဲ့ ပတ်သက်လို့ ခေါက်ရိုးကျိုး ကျင့်သုံးခဲ့တဲ့ ခေတ်တစ်ခု အဆုံးသတ်တော့မယ် ဆိုတာကို မြင်သာစေပါတယ်။ စစ်တပ် အုပ်စိုးခဲ့တဲ့ ကာလတွေကို ပြန်မျှော်ကြည့်ရင် အိမ်နီးချင်းတွေ အပြိုင်းအရိုင်း တိုးတက်သွားသလောက် မြန်မာနိုင်ငံကတော့ ဆင်းရဲတွင်းထဲနစ်ပြီး ပဋိပက္ခတွေနဲ့ နစ်မွန်းကျန်နေခဲ့တာကို မြင်ရပါလိမ့်မယ်။

စစ်ကောင်စီ ကျဆုံးမှုအပြီး ပြန်လည် ထူထောင်မယ့် မြန်မာနိုင်ငံမှာတော့ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ရင် သန့်စင်စွမ်းအင် ရင်းမြစ်တွေကို ပိုမိုရှာဖွေဖို့၊ စွမ်းအင် ဖြန့်ဝေမှု လုပ်ထုံးလုပ်နည်းတွေမှာ ဟန်ချက်ညီ မျှတဖို့ ဆိုတာတွေက နိုင်ငံရဲ့ အနာဂတ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် အခြေခံ အကျဆုံး လိုအပ်ချက်တွေလည်း ဖြစ်လာပါလိမ့်မယ်။

(The Diplomat၏ Myanmar Is Running Out of Gas. What Happens Next?ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်)

ဆက်စပ်သတင်းများ

သတင်း

MNDAA သည် လားရှိုး ရပ်ကွက် (၈)မန်ဆူစေတီတွင် ခိုအောင်းနေသည့် စစ်ကောင်စီတပ် အကြွင်းအကျန်များကိုချေမှုန်းနိုင်ခဲ့ကြောင်း၊ ဇူလိုင် ၂၇ရက် မွန်းလွဲ ၃နာရီတွင် MNDAA တပ်က AD တိုးဂိတ်စခန်းကို သိမ်းနိုင်ခဲ့ကြောင်း၊ ဒေသတွင်းရှိ စစ်ကောင်စီ တပ်စခန်းလေးခု သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်းဖော်ပြသည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်အဖွဲ့များ အထိုင်ချထားသည့်နေရာကို တော်လှန်ရေးပူးပေါင်းတပ်များ၏ မကြာခဏတိုက်ခိုက်ခံရမှုကြောင့် စခန်းစွန့်ထွက်ပြေးသွားကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့ KNDO၊ တပ်ရင်း(၇) တပ်ခွဲ(၅)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရတဲ့ ဦီးဒါရှီလဆိုင်းဟာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာ တာပါ။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃၀) သတင်းထုတ်ပြန်သည်။