close
Connect with us

Hi, what are you looking for?

အတွေးအမြင်

အရူးမီးဝိုင်းနေတဲ့ သမ္မတရူး

စစ်ရှုံးနေလို့မှ လမ်းငပုတ်ဖမ်းသလိုမျက်နှာပေးနဲ့ အပူရုပ်ကိုဟန်လုပ်နေရတဲ့ စစ်ကောင်စီခေါင်းဆောင်အတွက် မြွေပူရာကင်းမှောက်စေတဲ့ အဆိုပါဖြစ်ရပ်နှစ်ခုက ဩဂုတ် ၂ ရက် နဲ့ ၂၆ရက်မှာ ဖြစ်ခဲ့ဝာာပါ။

ယောနသံ/ People’s Spring

လေတပ်ရဲ့ တတိယမြောက်အာဏာအရှိဆုံးပုဂ္ဂိုလ်ဟာ ရဟတ်ယဉ်ပျက်ကျသေဆုံးသွားတဲ့ဖြစ်ရပ်ကနေ မန္တလေးနန်းတွင်းထဲ သူသွားပြီးနောက်တစ်‌နေ့မှာ နန်းမြို့ရိုးပြိုကျတဲ့ဖြစ်ရပ်အထိ ပုံမှန်မဟုတ်တဲ့အခြေ အနေတွေက ဗေဒင်ယတြာကိုအလွန်ယုံကြည်အားကိုးတဲ့ အာဏာသိမ်းခေါင်းဆောင်ကို အကြီးအကျယ်ခြောက်လှန့်နေပါပြီ။

စစ်ရှုံးနေလို့မှ လမ်းငပုတ်ဖမ်းသလိုမျက်နှာပေးနဲ့ အပူရုပ်ကိုဟန်လုပ်နေရတဲ့ စစ်ကောင်စီခေါင်းဆောင်အတွက် မြွေပူရာကင်းမှောက်စေတဲ့ အဆိုပါဖြစ်ရပ်နှစ်ခုက ဩဂုတ် ၂ ရက် နဲ့ ၂၆ရက်မှာ ဖြစ်ခဲ့ဝာာပါ။

Public Service Announcement

Public Service Announcement

ဩဂုတ်လ ၂ရက်က ဖြစ်ရပ်ကဒီလိုပါ။ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ်ဗိုလ်ချုပ်စိုးတင်လတ် လိုက်ပါလာတဲ့ ယူရို​ကော့(ပ်)တာ ရဟတ်ယာဉ်ဟာ မှော်ဘီလေတပ်ထဲမှာ ပျက်ကျခဲ့ပြီး ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဥ်မှူးသေဆုံးခဲ့ပါတယ်။ နောက်ထပ်နှစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ဗိုလ်ချုပ်စိုးတင်လတ်ဟာ တကယ်တော့ မကြာသေးခင်ကမှ ဒုတိယဗိုလ်မှူးချုပ်ရာထူး လက်ခံရယူခဲ့သူပါ။ စစ်ကောင်စီလေတပ်မှာဆိုရင် သူ့အထက်မှာ ​ဒုလေတပ်ဦးစီးချုပ် နဲ့ ​လေတပ်ဦးစီးချုပ်ပဲရှိပါတော့တယ်။ ဒါကြောင့် လေတပ်ရဲ့ တတိယမြောက်အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပြီး လူထုကို လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေမှုမှာ စစ်ခေါင်း ဆောင်နဲ့အတူ အဓိကတာဝန်ရှိသူတွေထဲက တစ်ဦးအဖြစ် စစ်ရာဇဝတ်​ကောင် အဖြစ်မှတ်တမ်းဝင်ထားသူပါ။

လူထုခုခံစစ်ဟာ တိုက်စစ်အသွင်ဆောင်လာချိန်မှာ စစ်ကောင်စီကတော့ လေကြောင်းအားကိုးနဲ့သာ ခုခံနေရပြီး အာဏာကိုအသက်ဆက်နေရတာပါ။ ဒီလိုအချိန်မှာမှ လေတပ်ထိပ်သီးအရာရှိတစ်ယောက် ဟတ်စကီးပျက်ကျသေဆုံးတာက ပြည်သူ့ကျိန်စာသင့်တာလို့ ပြည်သူတွေကဆိုနေကြပါတယ်။

ဒါ့အပြင် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ ဖြစ်ရပ်ဟာစစ်ကောင်စီ‌ ခေါင်းဆောင်ကို ရုပ်ပိုင်းဆိုင်ရာအရ အထိနာစေသလို စိတ်ပိုင်းဆိုင်ရာအရလည်း ဂယောင်ချောက်ခြားဖြစ်သွားစေတယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။

” မှော်ဘီမီးကနေပြည်တော်အထိ လောင်နေတာဗျ။ ဘိုးတော် သူ့ခရီးစဉ်တချို့ ဖျက်လိုက်ကြားတယ်”

ဗိုလ်ချုပ်စိုးတင်လတ်တစ်ယောက် ‌နေရင်းထိုင်ရင်းကနေ သူ့စရိတ် နဲ့ သူ ဇီဝိန်ကြွေသွားတဲ့နောက်စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြောက်တရားက နေပြည်တော်ကသူရုံးခန်းထဲကမျက်နှာကျက်ပေါ် ကပ်နေပါပြီ။

သူ့ကိုယ်သူ ပေးထားတဲ့ သမ္မတရာထူးအဆောင်ယောင်တွေ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူး အဆောင်အယောင်တွေနဲ့အတူ ရှေ့ရက်တွေမှာသွားဖို့ပြင်ထားတဲ့ လေကြောင်းခရီးစဉ်တွေကို ရုတ်တရက် ဖျက်လိုက်တယ်လို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ခရီးစဉ်တွေ ဖျက်လိုက်ခြင်းက သူ့စိတ်ကျန်းမာရေးနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်ဟာ ရှေ့ကအာဏာရှင်များနည်းတူ ဗေဒင်ယတြာကို အလွန်အကျွံယုံကြည်လက်ခံသူပါ။ ကိုးကွယ်ယုံကြည်မှုတွေဟာ အကြောက်တရားကြောင့်ဖြစ်လာတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့အကြောက်တရားထွက်ပေါက်ဟာ ဗေဒင်ယတြာကို ကိုးကွယ်ယုံကြည်ခြင်း နဲ့ အင်းအိုင်လက်ဖွဲ့တွေကို ဆောင်ထားခြင်းပါပဲ။ဒီအတွက်သူက လုပ်ရပ်တွေနဲ့သက်သေပြခဲ့ပြီးပါပြီ။

အာဏာသိမ်းပြီးပြီးချင်း ပညာတတ်လူငယ်ထုရဲ့ မိုးမွှန်အောင်အဆဲခံနေရတဲ့ သမ္မတရူးဟာ ခေတ်မမီတဲ့ ရှေးရိုးစွဲလူထုကိုလှည့်ဖျားဖို့ ညိုမွဲမွဲဆင်တကောင်ကို ဆင်ဖြူတော်ဆိုပြီး ပေါ်တင်လိမ်ခဲ့ပါတယ်။ တောထဲက ဖမ်းခေါ်လာတဲ့ ဆင်ပေါက်တကောင်ကို ရဌနနက္ကလို့ အမည်ပေးပြီး ဆင်ဖြူတော် တစ်​ကောင် ပေါ်ပေါက်လာပြီဖြစ်တဲ့အကြောင်း နိုင်ငံတော်အဆင့်လိမ်လည်ခဲ့တာပါ။ သူ့ကိုယ်သူ ဘုန်းတန်ခိုးကြီးသယောင် ပုံဖော်ခဲ့ပါတယ်။

ဆင်ဖြူဆိုတာ တကယ်မရှိပါဘူး။လူနဲ့တိရိစ္ဆန်တွေမှာမျိုးရိုးဗီဇချို့ယွင်းပြီး မူလအသားအရည်မရှိရှာတဲ့ ရောဂါတမျိုးလို့ ဆေးပညာရပ်ဆိုင်ရာကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဒါပေမယ့် သမ္မတရူးတစ်ယောက်အုပ်ချုပ်ဖို့ကြိုးစားနေတဲ့နိုင်ငံမှာတော့ တောထဲမှာသဘာဝအတိုင်းနေထိုင်ကျက်စားနေတဲ့ လသားအရွယ်ဆင် အညိုလေးဟာ စစ်ကောင်စီဝါဒဖြန့်သတင်းစာမျက်နှာတွေပေါ်မှာဆင်ဖြူတော်ရတနာ ဖြစ်သွားရပြီး နေပြည်တော်တစ်နေရာမှာအချုပ်ကျသွားပါတော့တယ်။

ဒါ့အပြင် ဇူလိုင်လ ၃၁ရက်က နောက်ထပ် ၆လ ဆက်အုပ်ချုပ်ခွင့်ရဖို့ ကာလုံမခေါ်ခင် နာရီပိုင်းအလိုမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဆင်ဖြူတကောင်ကို အလျင်စလိုရှာဖွေခဲ့ပါသေးတယ်။

ဧရာဝတီတိုင်းငွေဆောင်မြို့မှာ ဒေသခံတစ်ယောက်က လူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ တောဆင်ရိုင်းအုပ်ထဲ ဆင်ဖြူတော် တစ်ကောင်ပါတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာပျံ့နှံ့ပြီးနောက် အဲဒီဆင်ကို အမြန်ဖမ်းပေးဖို့ နေပြည်တော်ကနေ အမိန့်ပေးလိုက်တာပါ။ အရေးပေါ်အခြေအနေအရဆိုပြီး နောက်ထပ် ၆ လထပ်မံအုပ်ချုပ်မယ့်ကြောင်း ထုတ်ပြန်ရင်း ဆင်ဖြူတော်‌ ထပ်ပေါ်ပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင်က အချိန်ကိုက် ကြေညာခဲ့ချင်ရှာတာပါ။

“သူ့ဉာဏ်တစ်ထွာတစ်မိုက်နဲ့ ပြည်သူကို ဂျင်းထည့်ဖို့ ကြိုးစားသေးတာ” လို့ဆင်ဖြူတော်ရှာပုံတော်ခရီးကို သိနေတဲ့ နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။

ဘောမ‌တွေလို့ ဒေသခံတွေက သရော်နေကြတဲ့ဧရာဝတီတိုင်းက ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ငွေဆောင်တစ်ဝိုက်မှာ တောနင်းပြီးရှာဖွေခဲ့ကြပါတယ်။ ပြည်သူလူထုအပေါ် နိုင်ငံတော်အဆင့်လိမ်လည်ဖို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို တက်ညီ လက်ညီရှိနေတာပါ။ ဒါပေမယ့် ဒီတခါတော့ သူတို့ ထုံးတို့မယ့်ဆင်ကိုမဖမ်းနိုင်ခဲ့ပါဘူး။ တောဆင်ရိုင်းတကောင်ဟာ မအူမလည်နဲ့ ဆင်ဖြူတော်ဖြစ်ပြီး အချုပ်ကျမယ့်အရေးကနေ သီသီလေးလွတ်ပြီး ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်အုပ်စုဟာ အဲဒီဆင်ကို တောနင်းရှာဖွေနေဆဲဖြစ်ပါတယ်။

မင်းကျင့်တရား အလုံးစုံပျက်စီးနေတဲ့ အာဏာသိမ်းစစ်ခေါင်း‌ဆောင်ဟာ နိုင်ငံကို အုပ်ချုပ်နိုင်တဲ့အရည်အချင်းမရှိဘဲ သူ့ရဲ့တစ်ကိုယ်ရည်တစ်ကာယယုံကြည်ကိုးကွယ်မှုအလွဲတွေနဲ့ လူထုကိုလှည့်စားဖို့ကြိုးစားနေတာပါ။တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ရည်ခိုက်ရည်ကို လုံးဝမယှဉ်နိုင်တော့ဘဲ လေကြောင်းကိုအားပြုနေရချိန် လေတပ်အဆင့်မြင့်အရာရှိတစ်ဦး ‌ရဟတ်ယာဉ်ပျက်ကျသေဆုံးမှုက တော်ရုံတိုက်ဆိုင်မှုမျိုးမဟုတ်ပါဘူး။

ဒီသေဆုံးမှုကို စစ်ကောင်စီက အလျှင်အမြန်ဖုံးဖိဖို့ကြိုးစားခဲ့ပေမယ့် အချိန်မမီခဲ့ပါဘူး။ ဟိုလေးတကျော်ကျော် ဖြစ်ခဲ့ပြီးနောက် ထုတ်ဖော်ဝန်ခံခဲ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီထုတ်ပြန်ချက်ဟာ သွားလေသူ လေသူရဲဗိုလ်ချုပ်စိုးတင်လတ်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို အရှက်ရသ်ိမ်ငယ်စေခဲ့ပြန်တယ်။

ဩဂုတ်လ ၃ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာမျက်မှာတွေမှာ တပ်မတော်လေရဲ့ ရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် ရဟတ်ယာဉ် ပေါ်ပါလာသူ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့သာ ထုတ်ပြန်ထားခဲ့ပါတယ်။ နာမည်နဲ့ရာထူးကို ဖော်ပြမထားခဲ့ပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင်သာ ဇူလိုင်လ ၂၂ ရက်မှာ ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ တင်မြောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ စစ်ကောင်စီတပ်ဖွဲ့အတွင်း ကံဆိုးမိုး မှောင်ဖြစ်ရပ်တွေဆက်တိုက်ကြုံတွေ့လာတာပါ။ အဲ့ဒီနောက်ပိုင်း မိုးကုတ်၊ မိုးမိတ်၊​ကျောက်မဲ ၊တ​ကောင်း၊သပိတ်ကျင်း၊ လားရှိုးမြို့တို့နဲ့ လားရှိုးမြို့က တိုင်းစစ်ဌာနချုပ်ပါ လက်လွှတ်လိုက်ရပါတယ်။တိုင်းစစ်ဌာနချုပ်တိုင်းမှူးအပါအဝင် အရာရှိ​တွေအပါအဝင် စစ်သား​ထောင်ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေဟာ ဒီမှာတင်ရပ်တန့်မသွားပါဘူး။ သူ့ကို ထမင်းလုံး တစ္ဆေလိုခြောက်လှန့်နေမယ့် သဘာဝလွန်ဖြစ်ရပ်တခု မနေ့တစ်နေ့က ဖြစ်ခဲ့ပြန်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဩဂုတ်လ ၂၅ရက်မှာ မန္တလေးနန်းတွင်းထဲသို့ သွားခဲ့ပါတယ်။သူ့အာဏာလက်မလွတ်ရေးအတွက် ပြည်သူလူထုအသက်တွေကိုချနင်းမယ့်လုပ်ပေါက်လို့ လူထုကဝေဖန်ထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ Non CDM ဝန်ထမ်းတသိုက်ကို ပြောသွားပါသေးတယ်။ ‌ဒါပေမယ့် လူ့အသက်ပေါင်းများစွာကိုသတ်ဖြတ်ထားတဲ့ အာဏာသိမ်းစစ်ကောင်းဆောင်ကို သမိုင်းအထင် ကရရှိတဲ့ မန္တလေးနန်းတော်မြို့ရိုးက နမိတ်ဆိုး ချက်ချင်ပြခဲ့ပါတယ်။

မန္တလေးနန်းတွင်းထဲကို သူလာပြီး နောက်တနေ့ ဩဂုတ်လ ၂၆ရက်မှာပဲမန္တလေးနန်းမြို့ရိုးတစ်နေရာရာက အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့တာပါ။

နန်းမြို့ရိုးပြိုကျတာက ဘုရင်ရူး၊ သမ္မတရူးကိုပုလ္လင်ပေါ်က ပြုတ်ကျစေမယ့် သိပ်ရိုးရှင်းတဲ့ အတိတ်နမိတ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။

“သူ့အဖို့ လေကြောင်းပဲ အားကိုးစရာရှိတော့တဲ့အနေအထားမှာ လေတပ်ထိပ်သီးအရာရှိ ရဟတ်ယာဉ်ပျက်ကျသေတာ၊နန်းတွင်းထဲသူဝင်ပြီးမှ နန်းမြို့ရိုးပြိုကျတာ။ ဒီထက်ရှင်းတဲ့ နမိတ်ဆိုး မရှိဘူးမဟုတ်လား” လို့ မန္တလေးမြို့က အပျော်တမ်းနက္ခတ်ဗေဒပညာရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

​ငွေ​ဖောင်းပွမှု​ကြောင့် မီးဖိုး​ချောင်း ကပ်ဆိုက်မှုမှစ၍ စစ်​မြေပြင်တိုက်ပွဲထိတိုင် အ​ရေးကိစ္စအားလုံးသည်နိုင်ငံ​ရေးဖြစ်ပါသည်။ ယခုကြုံ​နေ​သောပြသာနာအားလုံး၏ ရင်းမြစ်ပြသာနာမှာ မင်း​အောင်လှိုင် နှင့် စစ်​ခေါင်း​ဆောင်အချို့၏ အာဏာလုယူမှုမှစခဲ့သည်။ ထို​ကြောင့်စီးပွားပျက်ကပ်ကို​ဖြေရှင်းလိုလျင် ပြသာနာ၏ရင်းမြစ်ကို သာရှင်းရမည်ဖြစ်၏။

သတင်း

စစ်​ကောင်စီကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးပေးပြီး တစ်လခန့်တွင် ထပ်မံထုတ်ပယ်လိုက်ပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ်ခန့်အပ်လိုက်ပြန်သည်။

ဆောင်းပါး

နေပြည်တော်အာဏာရပ်ဝန်း အလှုပ်အယမ်းသတင်းများထွက်ပေါ်ချိန်နှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သည်။

သတင်း

အာဏာသိမ်း​ခေါင်း​​ဆောင် မင်း​​အောင်လှိုင် နဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ်၁၄ ရက်မှာ ​နေပြည်​တော်မှာ ​တွေ့ဆုံ​​ဆွေး​နွေးခဲ့ပါတယ်။