မပေးဆောင်ရသေးတဲ့ အခွန်ငွေကြေး ဒေါ်လာ သန်း ၅၀၀ ကျော်ကို ပေးဆောင်ဖို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထရာကို ထိုင်းတရားရုံးချုပ်က ညွှန်ကြားလိုက်ပါတယ်။
သက်ဆင်ဟာ လတ်တလောမှာတော့ အရင်က ထောင်ဒဏ်ကို လှည့်စားရှောင်လွှဲခဲ့ဖူးကြောင်း စွပ်စွဲချက်အတွက် ဘန်ကောက်မှာ အကျဉ်းကျခံနေရပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ စီရင်ချက်မှာတော့ တရားရုံးချုပ်က ဘီလီယံနာ သူဌေးကြီး သက်ဆင် အနေနဲ့ ၂၀၀၆ ခုနှစ်တုန်းက ဆက်သွယ်ရေး ကုမ္ပဏီကို ရောင်းချခဲ့ချိန်မှာ အစိုးရကို အခွန်ဆောင်ဖို့ ကျန်နေတဲ့ ဘတ် ၁၇.၆ ဘီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ သန်း ၅၄၀ နီးပါးကို ပြန်လည် ပေးဆောင်ဖို့ အမိန့်ချထားခဲ့ပါတယ်။
သက်ဆင်ဟာ ၂၀၀၆ ခုနှစ်၊ အာဏာလက်ရှိ ကာလမှာ သူ့ရဲ့ Shin ကော်ပိုရေးရှင်းကို ရောင်းချခဲ့ပြီး အဲဒီတုန်းက အခွန်မဆောင်ခဲ့ဘူးလို့ စွပ်စွဲ ခံခဲ့ရပါတယ်။ အဲဒီနှစ် အကုန်လောက်မှာတော့ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့လို့ သက်ဆင်လည်း ဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။
နောက်ပိုင်းမှာ သက်ဆင်ဟာ ပြည်ပမှာပဲ ဆယ်စုနှစ် တစ်ခုကျော် အခြေချ နေထိုင်နေခဲ့ပါတယ်။ အခုအခါ ထိုင်းကို ပြန်ရောက်နေပြီး ထောင်ဒဏ် ကျခံနေရချိန်မှာ တရားရုံးချုပ်က အခွန်ပြဿနာဟောင်းကို ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးပါ။ မူလက သက်ဆင်ဟာ သူ့ရဲ့ အခွန်ကိစ္စကို အယူခံဝင်ထားခဲ့ပေမယ့် တရားရုံးချုပ်ကတော့ ကနဦး စီရင်ချက်ကို လွှမ်းမိုးပယ်ဖျက်ပြီး ပေးစရာရှိတဲ့ အခွန်တွေ ပေးချေဖို့ သက်ဆင်ကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ မှာတော့ ထိုင်းရဲ့ အခွန်အရာရှိတွေက သက်ဆင်ဆီက ရစရာရှိတဲ့ အခွန်ငွေ ဒေါ်လာ သန်း ၅၀၀ ကျော်လောက်ကို ပြန်လည် တောင်းယူနိုင်ဖို့ စတင် လှုပ်ရှားလာပါတယ်။ အခုနောက်ဆုံး တရားရုံးချုပ် ဆုံးဖြတ်ချက်မှာတော့ သက်ဆင်ဟာ အခွန်ရုံးက တောင်းခံတဲ့ ပမာဏအတိုင်း ပေးချေရမယ်လို့ သတ်မှတ်ပေးထားလိုက်တာပါ။
သက်ဆင်ဟာ သူ့ရဲ့ Shin ကော်ပိုရေးရှင်းကို ၂၀၀၆ ခုနှစ်တုန်းက စင်ကာပူရဲ့ Temasek Holdings ကုမ္ပဏီဆီ ရောင်းချခဲ့တာပါ။ အဲဒီ အရောင်းအဝယ်မှာ ရှီနာဝတ်ထ် မိသားစုဟာ ဒေါ်လာ ၁.၉ ဘီလီယံလောက် ရရှိခဲ့တယ်လို့ အစိုးရ အခွန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ကိုးကား: AFP

















































